
တိုက်ပွဲများ ၂ နှစ်ကျော်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ဒုက္ခသည်စခန်းရောက် ၆ နှစ်အောက်ကလေးများ ဝမ်းလျှောဝမ်းပျက် မကြာခဏဖြစ်ပွားနေသောကြောင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိလိုသည်ဟု စစ်ရှောင်ဒုက္ခသည်များက ပြောသည်။
နေရပ်ပြန်ရန် အခြေအနေမပေးသေးသူတို့သည် သောက်သုံးရေမသန့်ရှင်းမှုမှအစ အခြေခံဆေး၀ါး မလုံလောက်သည့် ကျန်းမာရေးပြဿနာ ရှိနေကြသည်ဟု ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။
“စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြရတဲ့ကြားထဲ နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြတော့လည်း အပြင်ကဝယ်သောက်ရတဲ့ပုံစံမျိုး မဖြစ်သင့်လို့ ထင်ပါတယ်”ဟု ထိုအမျိုးသားက ဆိုသည်။
အထောက်အပံ့ဖြင့် မှီခိုရပ်တည်နေရသည့် ၎င်းတို့အတွက် ပြင်ပမှ ဆေးဝါးများဝယ်ယူရန် အခက်အခဲရှိနေသည်ဟု ၎င်းက ဆိုသည်။
ထိုစခန်းတွင် ခိုလှုံနေသော ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ ဦးမောင်ကျော်သောင်းက သမီး ၄ ဦးအနက် ၆ လ သမီးနှင့် ၃ နှစ်သမီး ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့သည်ဟု ဆိုသည်။
“တအားအန်ပြီးတော့ အောက်ကိုလည်း ဝမ်းလျှောတယ်။ အခုတော့ နို့စို့ကလေး နည်းနည်းဝမ်းနေမကောင်း ဖြစ်ချင်နေတယ်။ ၃ နှစ်သမီးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ခဲ့တယ်” ဟု ဦးမောင်ကျော်သောင်းက ပြောသည်။
နေ့တိုင်းမဖွင့်သည့် ထိုဆေးခန်းမှရသော ဆေးလုံးနှင့် ဆေးရည်တို့ကို တိုက်သော်လည်း ဝမ်းလျှောခြင်း၊ အန်ခြင်း မသက်သာ၍ ၃ နှစ်သမီးကို ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးသို့ သွားခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းအနီး ရေကန် ၅ ကန်မှ ရေရှိသည့် ၂ ကန်က အငန်ဓာတ်နှင့် အချဉ်ဓာတ်ပေါက်နေ
“အဲဒီကလည်း ဆေးရုံလာတာ နည်းနည်းမြန်သွားလို့ (ကလေး အသက်ရှင်တယ်လို့) ပြောပါတယ်။ ဆေးရုံသွားမယ်ဆိုရင် တပ်မတွေရှိတော့ ညဘက်ဖြတ်မသွားရဘူး” ဟု ဦးမောင်ကျော်သောင်းက ဆိုသည်။
ကျောက်တော်မြို့နှင့် ၅ မိုင်ကျော်ဝေးသည့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူတို့ မြို့ပေါ်လာမည်ဆိုပါက ဒေါင်းတောင်ယိုးကျေးရွာအနီးရှိ တပ်မ ၃၇၆၊ စကခ ၉ ( အမှတ် ၉ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်) နှင့် ကျောက်တော်မြို့ အနီးမှ တပ်မ ၃၇၅ တပ်ရင်းတို့ကို ဖြတ်ရသည်။
စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က မွေးကင်းစအရွယ်မှ ၅ နှစ် ၆ နှစ်အရွယ် ကလေးငယ်များမှာ မကြာခဏ ဝမ်းလျှောဝမ်းပျက်ဖြစ်နေကြသည်ဟု ပြောသည်။
“နေမကောင်းဖြစ်ကြတာက နှစ်ပတ်ကျော်လောက်ရှိပြီ။ အားလုံး အိမ်တိုင်း ကလေးတွေဖြစ်တာတော့ မဟုတ်ဘူး။ တချို့ကလေးတွေဆိုရင် ဆေးခန်း မကြာမကြာသွားပြနေရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော်ခန့်ရှိပြီး ကလေးအရေအတွက် စာရင်းပြုစုထားခြင်းမရှိသေးကြောင်း ၎င်းထံမှ သိရသည်။
“ကလေးငယ်တွေ ဝမ်းလျှောဝမ်းပျက်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ရေမသန့်ရှင်းတာတစ်ပိုင်း ပါတယ်။ နောက်တစ်ခုက ပတ်ဝန်းကျင်မသန့်ရှင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟု စခန်းတာဝန်ခံက ဆက်ပြောသည်။
“အိမ်သာတွေနဲ့ နီးနီးကပ်ကပ် နေရတယ်။ စားကြွင်းစားကျန်တွေပစ်ထားတဲ့နေရာမှာ ယင်ကောင်တွေများလာတာနဲ့လည်း ဆိုင်ပါတယ်”
ညောင်ချောင်းစစ်ဘေးရှောင်စခန်းအနီး ရေကန် ၅ ကန်မှ ရေရှိသည့် ၂ ကန်က အငန်ဓာတ်နှင့် အချဉ်ဓာတ် ပေါက်နေသောကြောင့် သောက်သုံးနိုင်ကြခြင်းမရှိကြောင်း ၎င်းထံမှ သိရသည်။
မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးအန္တရာယ်၊ ကျေးရွာများအနီး တပ်စခန်းများ ရှိနေသေးခြင်း၊ ရွာပြန်လည်ထူထောင်ရန် ခက်ခဲနေခြင်းတို့ကြောင့် စစ်ရှောင်စခန်းများတွင် ခက်ခဲစွာနေထိုင်နေကြရ
ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာသန်းထွန်းဦးကမူ အဆိုပါညောင်ချောင်းစခန်းတွင် ပုံမှန် အပတ်စဉ်တိုင်း ဆေးခန်းဖွင့်ရန် ကျန်းမာရေးဝန်ထမ်း သူနာပြုတစ်ဦးရှိပြီး တခြားကျန်းမာရေးအသိပညာပေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးကြောင်း ပြောသည်။
“ဆေးခန်းက တစ်ပတ်မှာ နှစ်ရက်ပုံမှန်ဖွင့်လို့ ရှိပါတယ်။ နောက်ပြီးတော့ ညောင်ချောင်းကျေးရွာထဲမှာလည်း ဆရာမရှိတယ်။ အဲဒါက နီးနီးလေးပါ။ ကျွန်တော်တို့ဆီကတော့ ဆေးဝါးထောက်ပံ့ပေးလို့ ရှိပါတယ်” ဟု ဒေါက်တာ သန်းထွန်းဦးက ဆိုသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်စစ်ရှောင်စခန်းတွင်လည်း သောက်သုံးရေအခက်အခဲဖြစ်နေပြီး မသန့်ရှင်းသည့်ရေများကို သောက်သုံးနေရ၍ စစ်ရှောင်များ နာမကျန်းဖြစ်လာကြမည်ကို စိုးရိမ်နေကြသည်။
စစ်ဘေးရှောင်စခန်းအနီးရှိ ရေဖြူကန်ကျေးရွာရေကန်မှ သောက်သုံးရေများ အသုံးပြုခွင့်ရခဲ့သော်လည်း ယမန်နှစ် သြဂုတ်လအတွင်းမှ စတင်ကာ အဆိုပါရေကန်မှ ရေအသုံးပြုခွင့်မရတော့၍ နာရီဝက်ခန့် လမ်းလျှောက်ရသည့် ရေပေါက်ချောင်းကျေးရွာရေကန်မှ ခပ်သုံးနေရကြောင်း စစ်ရှောင်များထံမှ သိရသည်။
စခန်းတာဝန်ခံ ဦးသန်းဌေးက ၎င်းတို့ထံတွင် ရေအရင်းအမြစ်လိုအပ်နေသည်ဟု ပြောသည်။
“ရေဖြူကန်ကျေးရွာရေကန်က ကျွန်တော်တို့ရေမခပ်ရတော့ဘူးဆိုတော့ အခု ရေပေါက်ချောင်းရွာကန်၊ တောင်ပေါက်ရေကန်တွေကနေ သွားခပ်နေရတယ်” ဟု ဦးသန်းဌေးက ပြောသည်။
“ရေပေါက်ချောင်းကန်ကဆိုလည်း ရေကမသန့်ရှင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ နွားဆိုလည်း ဆင်းသောက်၊ ကျွဲဆိုလည်း ဆင်းသောက်၊ နောက်ပြီးတော့ အလေးအပေါ့ဆိုလည်း ပါနေကြတာဆိုတော့ အဲဒီရေကို (သောက်သုံးရေ) သုံးနေရတယ်”
ရေဖြူကန်ကျေးရွာသားများမှာလည်း နှစ်စဉ်နှစ်တိုင်း ရေရှားသည့်ပြဿနာဖြင့် ရင်ဆိုင်ရလေ့ရှိသောကြောင့် အဆိုပါရေကန်ကို ဒုက္ခသည်များ အသုံးပြုခွင့်မရခြင်းဖြစ်သည်။
“အခုလက်ရှိသုံးနေရတဲ့ ရေပေါင်းချောင်းကန်ကလည်း ဒီလကုန် နောက်လဝက်လောက်ဆို ရေက ခမ်းတော့မှာ။ အဲဒီကန်က သေးတော့ ရေမခံဘူး။ ဆိုတော့ အဲဒီရေကုန်သွားရင် ကျွန်တော်တို့မှာ ရေနဲ့ အရမ်းအခက်အခဲကြုံတွေ့လာရမှာပါ” ဟု ဦးသန်းဌေးက ပြောသည်။
“ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဒီပုဏ္ဏားကျွန်းမြို့ မီးသတ်အဖွဲ့က တစ်လမှာ ကားနဲ့ နှစ်စီးစီ လာပြီးပို့ပေးပါတယ်”
စက်မှုဇုန်ဒုက္ခသည်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာနှင့် သာစည်ကျေးရွာသားများက အများစု ခိုလှုံနေကြခြင်းဖြစ်ပြီး အိမ်ထောင်စု ၁၇၀ စု၊ လူဦးရေ ၆၅၈ ဦးရှိကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ဒီဇင်ဘာမှစ၍ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အထူးသဖြင့် မြောက်ပိုင်းတွင် ဒေသခံနှစ်သိန်းကျော် နေရပ်စွန့်ခွာကာ ထွက်ပြေးခဲ့ကြရသည်။
အပစ်ရပ်တန့်ပြီးနောက် အနည်းစုက နေရပ်ပြန်ခဲ့ကြသော်လည်း အများစုက မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးအန္တရာယ်၊ ကျေးရွာများအနီး တပ်စခန်းများ ရှိနေသေးခြင်း၊ ရွာပြန်လည်ထူထောင်ရန် ခက်ခဲနေခြင်းတို့ကြောင့် စစ်ရှောင်စခန်းများတွင် ခက်ခဲစွာနေထိုင်နေကြရသည်။
ရခိုင်မြောက်ပိုင်းတွင် စခန်း ၂၀၀ ကျော်ရှိပြီး ဒုက္ခသည် ၉ သောင်းကျော်ထက်မနည်း ရှိနေသေးကြောင်း စစ်ပြေးဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ မှတ်တမ်းအရ သိရသည်။
နှစ်ဖက် နားလည်မှုဖြင့် အပစ်ရပ်ထားသော်လည်း ဒေသတွင်း စစ်တပ်၏ နယ်မြေကျော်လွန်မှုများကြောင့် AA နှင့် ယမန်နှစ် ဒီဇင်ဘာမှ ယခုနှစ်ဆန်းအထိ စစ်ရေးအခြေအနေ တင်းမာနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)