သတင်း

ချင်းပြည်နယ်ကို အပြင်းအထန် ထိုးစစ်ဆင်ရန် စစ်ကောင်စီ ထပ်ကြိုးပမ်းနေ

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်က ယခုလဆန်းပိုင်းမှစ၍ အင်အားဖြည့်တင်းနေသောကြောင့် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ချင်းကာကွယ်ရေးအဖွဲ့များက ခန့်မှန်းနေကြသည်။ 

ချင်းပြည်နယ်မှာ ခုခံမှု အားကောင်းသောကြောင့် စစ်ကောင်စီက ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) က ပြောသည်။

“ချင်းပြည်နယ်တစ်ခုလုံးကို သူတို့က အဲဒီလို အင်အားတိုးချဲ့လာတဲ့အတွက် ပြည်နယ်မြောက်ပိုင်းရော၊ တောင်ပိုင်းရော စစ်ဆင်ရေးတွေ လုပ်လာဖွယ်ရှိတယ်၊ လုပ်လာနိုင်တယ်” ဟု CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောသည်။ 

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ ပြည်နယ်မြောက်ပိုင်း ဖလမ်း၊ ဟားခါးမြို့နယ်သို့ အင်အားတိုးချဲ့နေသလို မင်းတပ်မြို့ဘက်မှ ပြည်နယ်တောင်ပိုင်း မတူပီမြို့သို့ ကားအစီး ၉၀ ကျော် ပါဝင်သည့် စစ်ကြောင်းဖြင့် အင်အားဖြည့်တင်းနေသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ များထံမှ သိရသည်။

မင်းတပ်ဘက်မှလာသည့် ယာဉ်တန်းတွင် သံချပ်ကာယာဉ် ၂ စီး ပါဝင်နေသည်ဟု ဆိုသည်။

စစ်ဗျူဟာတစ်ခုအပါအဝင် တပ်ရင်း ၃ ခုအခြေစိုက်သည့် မတူပီမြို့သည် စစ်ရေးဗျူဟာအရ အရေးပါကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ထောက်ပြသည်။

“မတူပီကနေတစ်ဆင့် ပလက်ဝကို သွားတဲ့လမ်းရှိတယ်။ မင်းတပ် – မတူပီ – ကန်ပက်လက်။ မြောက်ပိုင်းဘက်ကို ထိုးဖောက်လို့ရတာကလဲ မတူပီကပေါ့။ စကစအတွက် စစ်ဗျူဟာအခြေချတဲ့အပိုင်းမှာ မတူပီက တော်တော်လေး အရေးပါတယ်။ ဒါကြောင့် မတူပီကို အင်အားအလုံးအရင်းနဲ့ တိုးချဲ့နေတဲ့ အနေအထားရှိတယ်” ဟု CDF (မတူပီ) ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးလင်းက ဆိုသည်။

စစ်ကောင်စီဘက် ထိခိုက်မှု  

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့သို့ ဇန်နဝါရီ ၉ တွင် တက်သွားသည့် ထိုသံချပ်ကာကား ၂ စီးပါ ယာဉ်တန်းကို CDF (မင်းတပ်) က မြို့အထွက် ၃၉ မိုင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့မှာပင် ၄၂ မိုင်အနီး ထပ်မံ ချုံခိုတိုက်ခိုက်သလို ၄၅ မိုင်ဝန်းကျင်၌ လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း CDF (မင်းတပ်) က သတင်းထုတ်ပြန်သည်။

မတူပီသည် ထိုယာဉ်တန်း မလာခင် ဇန်နဝါရီလဆန်းပိုင်းကပင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားသည့်မြို့ ဖြစ်သည်။ 

CDF (မတူပီ)က မတူပီ – ပလက်ဝလမ်းပေါ်ရှိ စစ်ကောင်စီ၏ ထယ်ဘွေးစခန်းကို ဇန်နဝါရီ ၃ မှ ၈ အတွင်း ၄ ကြိမ် ဝင်ရောက်တိုက်ခိုက်ထားသည်။ ဇန်နဝါရီ ၁၀ နံနက်ပိုင်းကလည်း မတူပီ – ဟားခါးလမ်းပေါ်ရှိ ခြေမြန်တပ်ရင်း ၃၀၄ ကို လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။  

မတူပီမြို့နယ် ဇန်နဝါရီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရကာ ၂ ဦး အရှင်ဖမ်းမိကြောင်း CDF (မတူပီ) က ထုတ်ပြန်ထားသည်။  

၁၀ ရက်နေ့ နောက်ပိုင်း မတူပီမြို့နယ်အတွင်း တိုက်ပွဲများငြိမ်နေသော်လည်း မကြာမီအချိန်အတွင်း တိုက်ပွဲများ ပြင်းထန်လာဖွယ်ရှိနေသည်ဟု CDF (မတူပီ) ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးလင်းက ပြောသည်။ 

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကလည်း ချင်းပြည်နယ်မြောက်ပိုင်း၌ ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်ခြင်းတို့ကြောင့် ဇန်နဝါရီလဆန်းအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နှစ်ဆန်းပိုင်း၌ ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတိုက်ပွဲများအတွင်း ၂၉ ဦး စစ်ကောင်စီဘက်မှ သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

ချင်းဒေသစစ်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ မထုတ်ပြန်သလို စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရသည့် အခြေအနေနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်တပ်နှင့် တိုက်ပွဲများဖြစ်နေသည့် ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင်များကို ၂၀၂၁ ဒီဇင်ဘာအတွင်း သင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရစဉ်။ (ဓာတ်ပုံ- Chinland Information Center) 

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းနှင့် ချင်းပြည်နယ်အစပ်တွင် တပ်စွဲထားသည့် ထိုတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့သို့ တက်လာရာ ဝေဘူလတောင်ကြောတစ်လျှောက် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့သည်။ 

တပ်မ ၂၂၊ ခြေလျင်တပ်ရင်း ၂၃၂ တို့မှ စစ်သား ၃၀၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် အုပ်စု ၃ စု ခွဲကာ ဇန်နဝါရီ ပထမပတ်မှစ၍ ကလေးမြို့နှင့် ကပ်လျက်ဖြစ်သော ဝေဘူလမြို့မှတစ်ဆင့် ဖလမ်းမြို့သို့ ချီတက်လာကြခြင်း ဖြစ်ကြောင်း CNO/CNDF ထံမှ သိရသည်။ 

“အခုတလောက ချင်းပြည်နယ်အကုန်လုံးကို ထိုးစစ်ဆင်တဲ့ပုံစံမျိုးဖြစ်နေတော့ လမ်းမကြီးကနေ မတက်ဘဲ တောလမ်းကနေ တက်လာတာလဲ ဖြစ်နိုင်တယ်။ ကျွန်တော့်အထင်တော့ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်တော့ ချင်းပြည်နယ်ကို ထိုးစစ်ဆင်မှာ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူများထဲမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ဖလမ်းမြို့ကို ဦးတည်လာနေသည်ဟု ယူဆရသည့် စစ်တပ်သည် ဖလမ်းမြို့နှင့် မိုင် ၂၀ ခန့်အကွာတွင် ရောက်ရှိနေသော်လည်း မြို့ထဲ စစ်တပ်မဝင်ရောက်နိုင်ရေး ခုခံတိုက်ခိုက်သွားမည်ဟု သူက ဆက်ပြောသည်။

ထို မိုင် ၂၀ ခန့်အကွာအဝေးမှာ ခြေလျင်ခရီးဖြင့် တစ်ရက်နီးပါး သွားလာလျှင် ရောက်နိုင်သည်။

ဇန်နဝါရီ ၁၂ တွင်လည်း စစ်ကိုင်းတိုင်း ကလေးမြို့မှ အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကား ၅ စီးဖြင့် ချင်းပြည်နယ်မြောက်ပိုင်းသို့  ဦးတည်တက်လာကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ထိုစစ်ကား ၅ စီးသည် ချင်းပြည်နယ်ဘက်သို့ ထွက်ခွာမည့် ကုန်တင်ယာဉ်များအပါအဝင် ယာဉ် ၁၀ စီးကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ပြည်သူများနှင့်အတူ ရောနှောပြီးတက်လာခြင်းဖြစ်သည်ဟု PDF Zoland အဖွဲ့က ဆိုသည်။

“ကလေးမြို့အထွက်ကနေ လူတွေကို မထွက်ခိုင်းဘဲ ခရီးသည်တွေကို စောင့်ခိုင်းတယ်။ မနက် ၉ နာရီလောက်ကျတော့ သူတို့နဲ့အတူတူ တက်သွားတယ်” ဟု PDF Zoland အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၂ တွင် ပြောသည်။

ယမန်နေ့ညက စစ်ကြောင်းနှင့်အတူ ရောနှောတက်လာရန် ဖိအားပေးခံရသည့် ကားအချို့ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထွက်ခွာလာသည့် စစ်ကြောင်းကို နံနက် ၁၀ နာရီဝန်းကျင်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ခြေလျင်စစ်တပ်အဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးသည်ဟု သူက ဆက်ပြောသည်။

အဆိုပါ စစ်ကြောင်းသည် တီးတိန်မြို့နယ် (သို့မဟုတ်) ဖလမ်းမြို့နယ်ဘက်သို့ ဆက်လက်ဦးတည်ဖွယ်ရှိကြောင်း PDF Zoland တာဝန်ရှိသူက သုံးသပ်သည်။ 

လူသားဒိုင်းအသုံးပြုမှု

၂၀၂၁ အောက်တိုဘာအတွင်း ချင်းဒေသကို စစ်ကောင်စီက သံချပ်ကာကားများ အပါအဝင် စစ်ကြောင်း နှစ်ကြောင်းဖြင့် “အနော်ရထာ” စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်ခဲ့သည်။ ထိုစစ်ဆင်ရေးသည်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ငြိမ်သက်သွားရာမှ ယခုလဆန်းမှစ၍ ချင်းဒေသကို ထပ်မံထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

ချင်းပြည်နယ်သို့ တစ်ကျော့ပြန်စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်များသည် လမ်းသွားလမ်းလာများ၊ အရပ်သားပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းအကာအကွယ်အဖြစ် ပိုမို အသုံးပြုလာသည်။ 

ဇန်နဝါရီ ၆ က မတူပီမြို့နယ်၊ ကီလှုန်းရွာအနီးတွင် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောင်းရှေ့မှ သွားစေကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် ၁၀ ဦးကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြသည်။

ထို့အတူ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က အရပ်သား ၅ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီးနောက် ၂ ဦးကို ပြန်လွှတ်ပေးသော်လည်း ၃ ဦး မလွတ်မြောက်လာသေးကြောင်း CNDF ထံမှ ဇန်နဝါရီ ၁၃ တွင် သိရသည်။ 

စစ်တပ်၏လုပ်ရပ်မှာ လက်မခံနိုင်ဖွယ်ရာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း CNF က ပြောသည်။ 

“အဲဒါ ကျွန်တော်တို့ ပြည်သူလူထုကို လူသားဒိုင်းသဖွယ် သူက လုပ်တာ” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဝေဖန်သည်။ 

“ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကြားမှာ အဆက်အသွယ်ဖြတ်တောက်။ ပြည်သူက ဒေသခံကာကွယ်ရေးအဖွဲ့တွေကို မကူညီနိုင်အောင်၊ စားနပ်ရိက္ခာကအစ ဆက်သွယ်ရေးကအစ ပံ့ပိုးမှုမရှိနိုင်အောင် ဆိုပြီးတော့ အကြောက်တရားသွင်းပြီးတော့ အဲဒီလိုလုပ်တာ” 

လက်နက်အင်အား မယှဉ်နိုင်သော်လည်း နယ်မြေကျွမ်းကျင်မှုအားသာချက် ပိုင်ဆိုင်ထားကြသည်ဟု သူက ဆက်ပြောသည်။ 

“ဒေသခံကာကွယ်ရေးအဖွဲ့ဆိုတာ စစ်ရေးအရ အတွေ့အကြုံမရှိတဲ့ လူငယ်တွေဖြစ်တယ်။ ဒါပေမဲ့ တစ်နှစ်ပဲ ပြည့်တော့မယ်။ တိုက်ပွဲအတွေ့အကြုံတွေက ပိုပြီးတော့ ရင့်ကျက်လာတယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။ 

“စစ်ကောင်စီက ဘယ်လောက်ပဲထိုးထိုး ကျွန်တော်တို့က ခုခံကာကွယ်သွားမယ်။ အဲဒီအတွက် အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်ထားရတာပေါ့” 

ဦးသိန်းစိန်အစိုးရလက်ထက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် CNF သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက် အစောဆုံးရပ်တည်ခဲ့သည့် အဖွဲ့ဖြစ်သည်။

လက်နက်ကိုင်တော်လှန်လိုသည့် လူငယ်များကိုလည်း စစ်သင်တန်းပေးနေသည်။ 

သို့ရာတွင် အာဏာသိမ်းစစ်ကောင်စီကို ၂၀၂၁ ဧပြီလမှစ၍ လက်နက်စွဲကိုင်တော်လှန်နေခဲ့သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့် NUG ထံမှ လက်နက်ခဲယမ်းထောက်ပံ့မှုကဲ့သို့ စစ်ရေးဆိုင်ရာအရ အကူအညီ ပြောပလောက်အောင် မရသေးဟု ဆလိုင်းထက်နီက ဆိုသည်။ 

စစ်တပ်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းနေသည့် ချင်းပြည်နယ်တစ်ဝန်း မကြာမီ တိုက်ပွဲများ ပြင်းထန်လာနိုင်၍ NUG အပါအဝင် လှူဒါန်းသူများထံမှ လက်နက်ခဲယမ်းအကူအညီများရရှိရန် ချင်းဒေသကာကွယ်ရေးအဖွဲ့များက လိုလားနေကြသည်ဟု CDF (မတူပီ) ကလည်း ပြောသည်။ 

“အမျိုးသားညီညွတ်ရေးအစိုးရရော နိုင်ငံတကာမှာရှိတဲ့သူတွေကိုလဲ ကျွန်တော်တို့သိစေချင်တယ်။ စကစရဲ့ မတရားထိုးစစ်ဆင်မှုက ပိုပြင်းထန်လာမယ်” ဟု CDF (မတူပီ) ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးလင်းက ဆိုသည်။

“အဲဒီအတွက် အဓိက လူအင်အားသာမကပဲ လက်နက်ပေါ့။ ခုခံနိုင်ဖို့အတွက် ထိုက်သင့်သလောက် စွမ်းရည်ရှိဖို့ လိုတယ်။ ဝိုင်းဝန်းပြီးတော့ ထောက်ပံ့ပေးကြပါ”

စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ ၁၁ လတာအတွင်း ချင်းတိုင်းရင်းသား ၁၆၃ ဦးသတ်ဖြတ်ခံရကြောင်း၊ ထိုသူများအနက် အမျိုးသမီး ၁၃ ဦးအပါအဝင် အရပ်သား ၈၇ ဦး၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ ၇၆ ဦး သေဆုံးခဲ့သည်။ ထိုအထဲတွင် မီးရှို့သတ်ဖြတ်ခံရသူ ၇ ဦး၊ အလောင်းပြန်မရသူ ၈ ဦး၊ မိုင်းထိသူ ၃ ဦးပါဝင်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs)က ဇန်နဝါရီ ၆ က ထုတ်ပြန်ထားသည်။ 

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီကြား ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် ချင်းပြည်နယ်မှ ဒေသခံ သုံးသောင်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ဇန်နဝါရီလထုတ်သတင်းလွှာတွင် ဖော်ပြထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button