အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်ဆည်ပေါက်ကွဲမှုတွင် ပရဟိတဆရာဝန်နှင့် အရပ်သား ၂ ဦး သေဆုံးခဲ့

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့လယ်တွင် ဒီဇင်ဘာ ၃၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသည့် ပရဟိတဆရာဝန်တစ်ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရာ ယနေ့ (ဇန်နဝါရီ ၄) အထိ မည်သည့်အဖွဲ့အစည်းလက်ချက်မှန်း မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းနေ့ ညနေ ၃ နာရီခန့်တွင် မြို့မဈေးတောင်ဘက် ၄၅ နှစ်ဝန်းကျင် ဒေါက်တာလှိုင်းဇော်ညွန့်၏ အိမ်အနီး ပေါက်ကွဲခဲ့သည်ဟု မိသားစုနီးစပ်သူတစ်ဦးက ပြောသည်။  

“ဒေါက်တာက သူ့အိမ်နားမှာ အထုပ်တစ်ထုပ်တွေ့တော့ ဘာအထုပ်လဲ ကြည့်တဲ့အချိန် ပေါက်ကွဲသွားတာ။ အထုပ်က မီးခိုးတွေလည်း ထွက်နေတယ် ပြောတယ်” ဟု အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

“လမ်းသွားလမ်းလာ ၂ ဦးက ပွဲချင်းပြီးဆုံးတယ်။ ဒေါက်တာကတော့ ဆေးရုံပို့တဲ့အချိန် လမ်းမှာ ဆုံးတယ်” 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်မည်ဟု ၎င်းက ယူဆသည်။  

“ဖြစ်တဲ့နေရာမှာ ဖောက်ခွဲရလောက်တဲ့ ဘာစစ်တပ်လမ်းကြောင်းမှလဲ မရှိဘူး၊ ဘာတပ်စွဲထားတာမှလဲ မရှိဘူး။ အနီးဆုံးက သူပဲရှိနေတာ”ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသော ဒေါက်တာလှိုင်းဇော်ညွန့်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied) 

၎င်းသည် ၂၀၁၂ ခုနှစ်မှစ၍ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်)တွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးတက်ကြွသူ ပရဟိတဆရာဝန်တစ်ဦးလည်းဖြစ်သည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

“သူက အနေအထိုင် တည်ကြည်အေးဆေးတယ်။ မဟုတ်မခံစိတ်ရှိတယ်။ ပရဟိတထက်သန်တယ်။ အခုလို ဖြစ်ရတာ သိပ်နှမြောဖို့ကောင်းတယ်ဗျာ”ဟု ထိုသူက ဆိုသည်။

အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၂ တွင် ပြည်သူ့ကာကွယ်ရေးတပ် (ကျောက်ဆည်) က ၎င်းတို့လက်ချက် မဟုတ်ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုဖောက်ခွဲမှုမှာ ဒေသကာကွယ်ရေးတပ်များ၏ လက်ချက်ဖြစ်သည်ဟု လူထုကြား ဝါဒဖြန့်ရန်၊ စိတ်ဝမ်းကွဲစေရန် သွေးထိုးသည့်ဖောက်ခွဲမှုဟု ယူဆကြောင်း၊ ကျောက်ဆည်မြို့၏ ကြယ်တစ်ပွင့်ဖြစ်သည့် ဒေါက်တာလှိုင်းဇော်ညွန့်နှင့် အရပ်သား ၂ ဦး၏ ဖြစ်ရပ်အတွက် အထူးဝမ်းနည်းကြေကွဲမိပါကြောင်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီဘက်ကမူ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သေဆုံးသူ ဒေါက်တာလှိုင်းဇော်ညွန့်တွင် ဇနီး၊ သားတစ်ဦး၊ သမီးတစ်ဦးတို့ ကျန်ရစ်သည်ဟု သိရပြီး အသေးစိတ်အခြေအနေနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် မိသားစုထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

အမှားပြင်ဆင်ချက်

မူရင်းသတင်းတွင် ဒေါက်တာလှိုင်းဇော်ညွန့်ကို ထင်ရှားသည့် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ သားဖြစ်ကြောင်း မှားယွင်းဖော်ပြမိခဲ့ပါသည်။

ထိုမှားယွင်းမှုအတွက် စာဖတ်သူများကို တောင်းပန်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button