မြို့မြောက်ဘက်ကပ်လျက် ဝန်းသိုမြို့တွင် အခြေစိုက်သော စစ်ကောင်စီတပ်ရင်းက ယနေ့ နံနက် ၈ နာရီကျော်ခန့် တွင် လက်နက်ကြီးဖြင့် ၆ ကြိမ်ခန့်ပစ်ခတ်ခဲ့ရာ ကောလင်းမြို့လယ်ရှိ လူစည်ကားရာ အရှေ့ဈေးအနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများမှာ ဒေါ်မိုးမိုးဝင်း (၅၅ နှစ်)၊ ဒေါ်စန်းစန်းဝင်း (၄၆ နှစ်)၊ ဒေါ်အေးနှင်း (၄၁ နှစ်)၊ အသက် ၁၈ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ ဖြစ်သည်။ ဒဏ်ရာရသူများမှာ ဦးစောရွှေ (၅၁ နှစ်)၊ ဒေါ်ခင်မြ (၄၂ နှစ်) တို့ဖြစ်သည်။
ကောလင်းမြို့တွင်းပေါက်ကွဲမှုဖြစ်ပြီး ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရသည် ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း Myanmar Now ကို အတည်ပြုသည်။
စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ ခရိုင်အဆင့် ကောလင်းမြို့ကို NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ တွင် သိမ်းပိုက်ထားခြင်းဖြစ်သည်။
ကောလင်းမြို့ကို စစ်ကောင်စီက ပြန်သိမ်းယူနိုင်ခြင်း မရှိသေးဘဲ ကပ်လျက် ဝန်းသိုမြို့ အခြေစိုက် တပ်ရင်းများက လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေခြင်းဖြစ်သည်။
ကောလင်းမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသော ဝန်းသိုမြို့တွင် အမှတ် ၁၁၁၊ ၁၂၀၊ ၃၀၉ စသည့် စစ်ကောင်စီခြေမြန်တပ်ရင်းများ အခြေစိုက်သည်။
ကလေး ၂ ဦးသေဆုံးမှု
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်ကလည်း ဝန်းသိုအခြေစိုက် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကောလင်းမြို့စွန်ရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၂ နှစ် နှင့် ၈ နှစ် အရွယ် ညီအစ်ကို ၂ ဦး၊ အသက် ၆၆ နှစ်အရွယ် ဦးကျော်၀င်းဆိုသူတို့ သေဆုံးခဲ့သည်။
အလားတူ ဒီဇင်ဘာ ၂၇ ကလည်း မြို့အရှေ့ဘက် ၁၂ မိုင်အကွာရှိ ကြိုးကြာဥရွာကို လေကြောင်းမှ တိုက်ခိုက်သဖြင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
NUG က ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တစ်လခန့်အကြာ ဒီဇင်ဘာလဆန်းတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက မြို့ပေါ် ရပ်ကွက်အများစုတွင် လုပ်ငန်း စတင်လည်ပတ်နေပြီဟု ဆိုသည်။
“ကောလင်းမြို့မှာ NUG အစိုးရရဲ့ ပြည်သူ့ အုပ်ချုပ်ရေးယန္တရားကို မြို့ပေါ်ရပ်ကွက်များမှာရော တစ်နယ်လုံးမှာ ရော ကောင်းမွန်စွာလည်နေပါပြီ။ အတိအကျပြောရရင် မြို့ပေါ် ၈ ရပ်ကွက်မှာ ၇ ရပ်ကွက်ကို အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်ပြီး လည်ပတ်နေပါပြီ” ဟု သူက ဆိုသည်။
စစ်ကောင်စီက ပစ်မှတ်ထားမည်စိုး၍ စာသင်ကျောင်းနှင့် ဆေးရုံများကို လုံခြုံစိတ်ချရသည့်နေရာများ တွင် ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပြောသည်။
“စစ်အုပ်စုဘက်က ပစ်မှတ်ထားပြီး ကျောင်းသားလူငယ်၊ ကလေးသူငယ်မခွဲခြားဘဲ ပြည်သူတွေကို ပစ်မှတ်ထား ပြီး ပစ်ခတ်တိုက်ခိုက်နေတာတွေရှိတဲ့အတွက်ကြောင့် မူလကျောင်းနေရာတွေမှာတော့ ကျောင်းတွေကို ဖွင့်လှစ်ထားခြင်း မရှိပါဘူး” ဟု ဦးနေဘုန်းလတ်က ပြောသည်။
“ ဒါပေမယ့် တခြားသော လုံခြုံစိတ်ချရတဲ့နေရာတွေမှာတော့ ကျောင်းတွေကို ဖွင့်လှစ်သင်ကြား နေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့လည်း ဆေးရုံ ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာနတွေကို ဖွင့်လှစ်ပြီးတော့ ကုသဆောင်ရွက်လျက်ရှိတယ်”
စစ်ကောင်စီသည် NUG သိမ်းထားသည့် ကောလင်းမြို့သို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်စေရန် ရည်ရွယ်၍ ကပ်လျက်မြို့များဖြစ်သော ပင်လည်ဘူး၊ ဝန်းသို၊ အင်းတော်မြို့သို့ စီးဆင်းမည့် ကုန်ပစ္စည်းများကို ရွှေဘိုမြို့ အမှတ် (၈) တန်းမြင့်လေ့ကျင့်ရေးကျောင်း တည်ရှိရာ ကိုးပင်ဂိတ်တွင် တားဆီးပိတ်ပင်မှုများရှိနေကြောင်း အထက်ပါ ခရိုင်ပအဖ တာဝန်ရှိသူထံမှ သိရသည်။
ကောလင်းဒေသခံအများစု စစ်ဘေးရှောင်ရာမှ မြို့တွင်း၌ ပြန်လည်နေထိုင်ခဲ့ကြသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလကုန်မှစတင်ကာ မြို့အနီးနားရှိ အခြေစိုက်တပ်များက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ၍ မြို့ခံ တချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။
မြို့သိမ်းခံရမှု အခြေအနေများအပါအဝင် တိုက်ပွဲသတင်းအများစုကို စစ်ကောင်စီက အမှောင်ချထား သည်။
ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကောလင်းမြို့နယ်၊ တောင်မော်ရွာကို စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ နေအိမ် ၁ လုံးမီးလောင်သွားသည်ဟူသော အွန်လိုင်း သတင်းမှာ မှားယွင်းသည်ဟု စစ်ကောင်စီက ဇန်နဝါရီလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီလက်နက်ကိုင်တို့က ထိုဒေသတွင် “လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့်မဟာမိတ်များက အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများက စစ်ကိုင်း၊ ချင်း၊ ကယား (ကရင်နီ) ပြည်နယ်တို့တွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့တို့ကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၂ လကျော်အတွင်း ရှမ်းပြည်မြောက်ပိုင်းမှ မြို့ ၁၁ မြို့၊ ချင်းပြည်နယ် ၃ မြို့နှင့် စစ်ကိုင်းတိုင်းတွင် မြို့ ၃မြို့ကို စစ်တပ်က လက်လွှတ်ခဲ့ရပြီး လက်ရှိအချိန်ထိ မည်သည့်မြို့ကို မှ ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။