အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် စဉ့်ကူးရွှေတွင်းလုပ်သား ၃ ဦးသေ၊ ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုအတွင်းသို့ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လုပ်သား ၃ ဦးသေဆုံးကာ၊ ၅ ဦး ဒဏ်ရာသွားသည်။

စဉ့်ကူးမြို့နယ် မြောက်ပိုင်းရှိ ပင်လယ်ကြီးရွာတွင် တပ်စွဲထားသည့် စစ်စခန်းက ဇွန် ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ၁၂၀ မမ စိန်ပြောင်းဟု ယူဆရသည့် လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့ရာ တလိုင်းငုတ်ကျေးရွာအနီးရှိ ရွှေတူးဖော်ရေးလုပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေလုပ်သား ၂၀ ခန့်ရှိသည့် နေရာသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်ကြောင့် အမျိုသား ၃ ဦး နေရာတွင်ပင် သေဆုံးသွားခဲ့ရပြီး၊ ၅ ဦးလည်း အပြင်းအထန်ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သည်။

“ပစ်တဲ့ ၄ လုံး စလုံးက ရွှေလုပ်ကွက်တွေဘက်ကို ပစ်တာ၊ ၃ လုံးကတော့ ဘာမှမထိခိုက်ပေမဲ့ လုပ်ကွက်ထဲ တည့်တည့်ကျတဲ့တစ်လုံးကြောင့် လူတွေထိခိုက်ကုန်တယ်။ ဒါတောင် ကျတဲ့နေရာက သဲမြေဖြစ်လို့၊ မြေမာမှာသာ ကျရင် ဒီထက်ပိုပြီး ထိခိုက်နိုင်တယ်” ဟု စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယတာဝန်ခံက ပြောသည်။

သေဆုံးထိခိုက်သူများ၏ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

ယင်းနေ့မှာပင် စစ်ကောင်စီ၏ မန်းလေး-မြစ်ကြီးနားကားလမ်းဘေးရှိ ရွှေပြည်ကျေးရွာစခန်းမှ စစ်သားများက ပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရွှေပြည်ကျေးရွာ အရှေ့ဘက်ရှိ မြသီတာနှင့် မြကန်သာရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းပေါက်ကွဲမှုများကြောင့် အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးတို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါဒေသတွင် စစ်ကောင်စီတပ်သည် စဉ့်ကူးမြို့၊ ပင်လယ်ကြီးကျေးရွာ၊ နွယ်ရုံကျေးရွာနှင့် စဉ့်ကူး-ကျောက်မြောက်ကူး တံတားတို့တွင် စစ်စခန်းများ အထိုင်ချနေရာယူထားသည်။

စစ်ကောင်စီ တပ်စခန်းများမှ စစ်သားများသည် အဆိုပါရွှေလုပ်ကွက်များတွင် မကြာခဏ ဆက်ကြေးကောက်ခံလေ့ရှိသည်ဟု သိရသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ စဉ့်ကူး၊ သပိတ်ကျင်းနယ်များမှ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ထိုနေရာသို့ စစ်တပ်က သွားလာခြင်းမရှိတော့ဟု စဉ့်ကူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့သော်ထို ရွှေလုပ်ကွက် အနီးဝန်းကျင်အခြေစိုက် စစ်စခန်းများက လက်နက်ကြီးများဖြင့် ကျေးရွာများ၊ ရွှေလုပ်ကွက်များရှိရာ နေရာများသို့ ပစ်ခတ်မှုများလုပ်လာသည်ဟု အထက်ပါ ဒေသခံက ပြောသည်။

“အစောပိုင်းတုန်းကတော့ ဒီရွှေလုပ်ကွက်တွေက သူတို့ပိုက်ဆံ တက်တက်တောင်းနေတဲ့နေရာတွေပဲ။ အခုနောက်ပိုင်း သူတို့လာလို့မရတော့လို့လားမသိဘူး။ လာတာမရှိတော့ဘူး။ တစ်ဖက်အဖွဲ့ (တော်လှန်ရေးတပ်များ) တွေကလည်း သူတို့မလာတော့ ဝင်ပြီးထိန်းချုပ်လာတာ တွေ့ရတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မြောက်ပိုင်းနှင့် သပိတ်ကျင်းမြို့နယ်တို့သည် ရွှေထွက်ရှိရာ နေရာဒေသများဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button