အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းစိန်ထောင်ကို စစ်တပ်ဝင်စီးထားကြောင်း AAPP ထုတ်ပြန်

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အကျဉ်းထောင်တွင် ယနေ့ (ဇူလိုင် ၂၃) နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများထွက်ပေါ်ပြီးနောက် စစ်တပ်က ထောင်ကို ဝင်စီးထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။

စစ်တပ်က ထောင်ကို ဝင်စီးပြီးနောက် ထောင်ဝန်ထမ်းများ၏ လက်နက်များကိုလည်း သိမ်းဆည်းထားသည်ဟု AAPP ၏ ထုတ်ပြန်ချက်က ဆိုသော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရပေ။

ယနေ့ နံနက် ၈ နာရီခန့်တွင် အင်းစိန်ထောင်အတွင်း အမျိုးသမီးအကျဉ်းသူများထားရှိရာ အဆောင်ဘက်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ စတင်ထွက်ပေါ်လာခြင်းဖြစ်ပြီးနောက် အကျဉ်းထောင်တစ်ခုလုံးကို ပျံ့နှံ့ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီလိုလားသူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများထားရှိရာ အမျိုးသမီးဆောင်နှစ်ခုတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါအခြေအနေ ဆိုးရွားလျက်ရှိပြီး အကျဉ်းကျနေသူများနည်းတူ ထောင်ဝန်ထမ်းများလည်း ဆေးကုသခွင့်မရရှိရာမှ ဆန္ဒပြမှုစတင်ဖြစ်ပွားခဲ့သည် ဟု AAPP က ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ထောင်တာဝန်ရှိသူ ဦးဇော်ဇော် (အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူး) နဲ့ ဝန်ထမ်းသုံးယောက်ကို စစ်တပ်က ခေါ်ယူစစ်နေတယ် ကြားတယ်။ ဝန်ထမ်းတွေဆီကလည်း လက်နက်အချို့ သိမ်းမိတယ်လည်း ကြားတယ်။ ပြေလည်မှုရတယ်လည်း ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုဘိုကြည်က ပြောသည်။

နိုင်ငံရေးပုဒ်မဖြင့် အချုပ်ကျနေသူများကို ခြွင်းချက်မရှိလွှတ်ပေးရန်၊ ဆေးကုသခွင့်ပေးရန်၊ ထောင်တွင်းစည်းမျဉ်းများ ဖြေလျှော့ပေးရန် ကြွေးကြော်ဆန္ဒပြသူများက တောင်းဆိုသည့်အပေါ် ညှိနှိုင်းမှုများရှိသည်ဟူသော သတင်းများနှင့်ပတ်သက်၍ ထောင်အာဏာပိုင်များကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အင်းစိန်ထောင်အတွင်း ယနေ့နံနက်ပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြသူများတွင် အကျဉ်းကျနေသူများအပြင် ထောင်ဝန်ထမ်းများလည်းပါဝင်သည်ဟု အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရထားရသူများနှင့် နီးစပ်သည့် ရှေ့နေတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် Myanmar Now ကို ပြောကြားထားသည်။ 

“ထောင်ဝန်ထမ်းတွေကလည်း သူတို့မထွက်ရဘူး။ ထောင်ဝန်ထမ်းတွေကလည်း ပါတယ်ပေါ့နော်။ ၅၀၅ သီးသန့်  (အကျဉ်းသား) တွေကလည်း မနေ့က သူတို့လွတ်ငြိမ်းတွေ ပေးလိုက်တဲ့အပေါ်မှာလည်း သူတို့လည်း အထဲကနေပြီးတော့ပေါ့နော် အထဲမှာ ဖျားကြနာကြတာတွေရှိတယ်။ ထောင်ဝင်စာလည်းပဲ ယာယီ ၃ ရက်လောက် ပိတ်ထားတယ်။ အဲ့ဒါကြောင့်လို့ သုံးသပ်မိတယ်”ဟု ၎င်းက ပြောသည်။

ရာဇဝတ်အကျဉ်းသား ၁၀၀၀ ခန့်လွှတ်ပေးရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနက ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ ထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြမှုပေါက်ပေါက်လာခြင်းဖြစ်သည်ဟုလည်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၉၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက အင်းစိန်အကျဉ်းထောင်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို အာဏာလွှဲပေးရန် အစာငတ်ခံဆန္ဒပြမှု ပေါ်ပေါက်ခဲ့ကြောင်း၊ ထို့နောက် ထောင်အာဏာပိုင်များက ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အကျဉ်းကျနေသူ ၄၀ ခန့် ဆေးရုံတင်ခဲ့ရပြီး ၆ ဦးမှာ အသေရိုက်သတ်ခံခဲ့ရသည်ဟု AAPP က ဆိုသည်။

“အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုတွေကို ရက်ရက်စက်စက်ဖိနှိပ်မှာ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာမှာကို AAPP က အလွန်စိုးရိမ်မိပါတယ်။ စာနာထောက်ထားတဲ့ (နိုင်ငံတကာ) အစိုးရတွေအနေနဲ့ စစ်ကောင်စီကို ဖိအားပေးရပါမယ်” ဟု လည်း ထုတ်ပြန်ချက်က ဆိုသည်။

ကိုဗစ်နိုင်တင်းတတိယလှိုင်းကြုံနေရချိန်တွင် အင်းစိန်ထောင်အတွင်း ကူးစက်မှု၊ ရောဂါဖြစ်ပွားမှု အများအပြားရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း စစ်ကောင်စီကမူ ၆ ဦးတွင်သာ ကိုဗစ်ပိုးတွေ့သည်ဟု ဇူလိုင် ၂၁ တွင် သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းကတည်း ဖမ်းဆီးခံရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) တွဲဖက်အတွင်းရေးမှူးဟောင်း ကိုမင်းသွေးသစ်၏ ဇနီးကမူ အင်းစိန်ထောင်အတွင်း ကိုဗစ်ကူးစက်မှုအခြေအနေဆိုးရွားနေသည်ဟု ကြားသိရကြောင်းပြောသည်။

“လောလောဆယ်တော့ သူ(မင်းသွေးသစ်) အနံ့ပျောက်ပြီး ဖျားနေတယ်လို့ပြောတယ်။ ထောင်ဆေးရုံတင်ထားရတယ်လို့လဲ ပြောတယ်။ ကျွန်မကတော့ ကျမရှေ့နေကတစ်ဆင့် ဒီမနက်(ဇူလိုင် ၂၃)မှ သိရတယ်။ ဘယ်နေ့ကစတင်ထားတာလဲဆိုတာတော့ မသိဘူး။ အနံ့ပျောက်ပြီးဖျားနေတာကတော့ ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းကလို့ သိရတယ်”ဟု ၎င်းက ပြောသည်။

အကျဉ်းထောင်များအတွင်း ကိုဗစ်အန္တရာယ်အပေါ် အများပြည်သူ ပူပန်မှုမြင့်တက်နေချိန်တွင် ရာဇဝတ်ဆိုင်ရာ ပြစ်မှု ၁၁ မျိုးဖြင့် ဖေဖော်ဝါရီ ၁ အာဏာမသိမ်းမီ ချုပ်နှောင်တရားစွဲဆိုခံထားရသည့် အကျဉ်းသားများကို ချက်ချင်းလွှတ်ပေးမည်ဟု ဇူလိုင် ၂၀ ရက်က ကြေညာခဲ့ပြီး ယနေ့အထိ အသုတ်လိုက်လွှတ်ပေးလျက်ရှိသည်။ အရေအတွက်အတိအကျကိုမူ မသိရသေးပေ။

စစ်ကောင်စီ၏ ကိုဗစ်အကြောင်းပြ၍ ထိုသို့ စီစဉ်မှုအပေါ် ရာဇဝတ်သားများကို သီးသန့်လွှတ်မည့် စစ်ကောင်စီ၏လုပ်ရပ်မှာ မတည်ငြိမ်မှုကို တိုးစေရန်၊ နိုင်ငံရေးအရ ဖိနှိပ်မှုများကို တိုးမြှင့်ရန်ဖြစ်နိုင်သည်ဟုပင် ဝေဖန်သူတို့ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button