အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် မြန်မာနိုင်ငံအပြင်ထွက်သည်နှင့် ဖမ်းဆီးရန် တိုက်တွန်း 

အာဆီယံထိပ်သီးအစည်းအ​ဝေးတက်​ရောက်မည်ဆိုသော အာဏာသိမ်း​စစ်ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို မြန်မာနိုင်ငံအပြင်ရောက်သည်နှင့် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်နှင့် လူသားမျိုးနွယ်အ​ပေါ် ကျူးလွန်​ထားသော ရာဇဝတ်မှုများအတွက် ဖမ်းဆီးသင့်ကြောင်း ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ (GCR2P) အမှုဆောင်ညွှန်ကြားရေးမှူး ဆိုင်မွန်အဒမ်စ်က တိုက်တွန်းလိုက်သည်။

ကမ္ဘာလုံးဆိုင်ရာ GCR2P သည် အစိုးရမဟုတ်​သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး R2P ကျင့်သုံးရန် ​စောင့်ကြည့်ကာ ဥပ​ဒေအရ ​ထောက်ခံအား​ပေး​သောအဖွဲ့ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်အစား ဧပြီ ၁၆ ရက်က ရွေးကောက်ခံအမတ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဖွဲ့ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အာဆီယံအစည်းအဝေး ဖိတ်ကြားသင့်ကြောင်းလည်း ဆိုင်မွန်အဒမ်စ်က ၎င်း၏ Twitter တွင် ရေးသားထားသည်။ 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ လာမည်ဧပြီ  ၂၄ ရက်တွင် ကျင်းပရန်ရှိသည့် မြန်မာ့အ​ရေးဆိုင်ရာအာဆီယံထိပ်သီးအစည်းအ​ဝေးကို အာဏာသိမ်းစစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မည်ဟု ထိုင်းအစိုးရ​ပြော​ရေးဆိုခွင့်ရှိသူက ယမန်​နေ့ (ဧပြီ ၁၇) က ပြောကြားကြောင်း နိုင်ငံတကာသတင်းဌာနများက ရေးသားထားသည်။

မြန်မာအ​ရေးတွင် အာဏာသိမ်းစစ်​ကောင်စီနှင့် ဖမ်းဆီးဖိနှိပ်ခံထားရ​သော အရပ်သားအစိုးရတို့ ​​​တွေ့ဆုံ​​​ဆွေး​နွေးပြီး ပြဿနာ​ပြေ​လည်​အောင် အ​ဖြေရှာနိုင်ရန် အာဆီယံ​ခေါင်း​​ဆောင်များက မျှော်လင့်နေသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကနဦးတွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာအကူအညီများ​ပေးနိုင်ရန် ညှိနှိုင်းပြီး ထို့နောက် ပြဿနာကို ​နှစ်ဖက်ဆွေး​နွေးညှိနှိုင်းအ​ဖြေရှာနိုင်ရန် သံတမန်​ရေးရာအရ ကြိုးစားလိုခြင်းဖြစ်​ကြောင်း သံတမန်များအားကိုးကားလျက် နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြကြသည်။ 

အာဆီယံအနေဖြင့် လူသတ်သမားခေါင်း​ဆောင်ကို ဖိတ်ကြားပါက မြန်မာ့​နွေဦးတွင် ရဲရင့်လှ​သော ပြည်သူများကို ​ကြီးမားစွာစော်ကားသကဲ့သို့ ဖြစ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်​စေရန်နှင့် ဒီမိုက​ရေစီပြန်လည် အသက်သွင်းနိုင်​ရန် အာဆီယံအ​နေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်သာ​ ဆွေး​နွေးသင့်​ကြောင်း NUG ၏ နိုင်ငံတကာပူး​ပေါင်း​ဆောင်ရွက်​ရေးဆိုင်ရာဝန်ကြီး ​ဒေါက်တာဆာဆာက ရိုက်တာသတင်းဌာနကို ဧပြီ ၁၆ တွင် ပြောကြားထားသည်။ 

ထို့ပြင် စစ်​ကောင်စီလက်ထက်တွင် ပြည်သူများအတွက် လူသားချင်းစာနာ​ထောက်ထားမှု အကူအညီများ​ပေးပါကလည်း ပြည်သူထံမ​ရောက်ဘဲ စစ်တပ်ကသာ ခိုးယူသွားလိမ့်မည်ဟု ​ဒေါက်တာဆာဆာက​ ဆိုသည်။

သို့​သော် ဧပြီ ၁၇ တွင် ထိုင်းအစိုးရ​ပြော​ရေးဆိုခွင့်ရှိသူက အာဏာသိမ်း​ခေါင်း​ဆောင် အာဆီယံထိပ်သီးအစည်းအ​ဝေးတက်​ရောက်မည်ဖြစ်​ကြောင်း​ ဖြေကြားပြီး​နောက် ရိုက်တာက အမျိုးသားညီညွတ်​ရေးအစိုးရထံ မှတ်ချက်​တောင်းရန် ထပ်မံဆက်သွယ်ရာ ဆက်သွယ်မရဟု ရိုက်တာက ​ဖော်ပြသည်။

စစ်တပ်က အာဏာသိမ်းပြီး​နောက် မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက သတ်ဖြတ်၍ ဧပြီ ၁၇ ရက် ည​နေ ၆ နာရီအထိ ကျဆုံးသူ အနည်းဆုံး ၇၃၀ ဦးရှိပြီဖြစ်​ကြောင်း နိုင်ငံ​ရေးအကျဉ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း( AAPP) က ထုတ်ပြန်ထားသည်။ ထို့ပြင် ဖမ်းဆီးခံထားရသူ​ပေါင်း ၃၁၅၂ ဦးရှိပြီး ဖမ်းဝရမ်းထုတ်ခံရသူ​ပေါင်း ၈၇၁ ဦးရှိ​ကြောင်းလည်း AAPP က ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button