အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြေပုံတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ညောင်ကန်ကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၈) နံနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းက ပြောသည်။ 

တပ်မတော်က တပ်စွဲထားသည့် အမ်းမြို့နယ် စွိချောင်းဆိုသည့် တောင်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ခြောက်လုံး ရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ညောင်ကန်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးလည်းဖြစ်သည့် ဦးစံဖေက ပြောသည်။ 

“လက်နက်ကြီးက သုံးနေရာပစ်တယ်။ တစ်ကြိမ်ပစ်ရင် နှစ်လုံးတွဲ နှစ်လုံးတွဲ ကျတယ်။ ရွာထဲကို တိုက်ရိုက်ပစ်တာမှာ အိမ်တွေပေါ်ကျတယ်။ ကြားရတယ်။ ဂျိမ်းဆိုရင် အိမ်ကိုထိတယ်။ အိမ်ကလူ သေတယ်။ ဘာဖြစ်လို့ ပစ်တာလဲ မသိဘူး”ဟု ဦးစံဖေက Myanmar Now ကို ပြောသည်။

ညောင်ကန်ရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး နှင့် ၂၉ နှစ်အရွယ် မူလတန်းပြဆရာမတစ်ဦး၊ ၂၃ နှစ် အမျိုးသမီးတစ်ဦးနှင့် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြားသူကိုးဦး ဒဏ်ရာရရှိခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရွာသူရွာသားများ၏ သတင်းပေးပို့ချက်အရ ပစ်ခတ်မှုကြောင့် သေဆုံးနှင့် ဒဏ်ရာရရှိသူများရှိကြောင်း သိထားပြီး အဆိုပါညောင်ကန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။ 

လက်နက်ကြီးပစ်သည်ဆိုသော တောင်နှင့် ညောင်ကန်ရွာမှာ ၇ မိုင်ခန့်ကွာဝေးပြီး ထိုကျေးရွာသည် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းသည့် ကျေးရွာဖြစ်သည်ဟု ဆိုသည်။ 

“ပြည်သူတွေ အထိတ်တလန့်ဖြစ်တယ်။ ပြည်သူတွေနဲ့ ဘာမှမဆိုင်ဘဲ ပြည်သူတွေသေဆုံးရတယ်ဆိုတာ စိတ်မကောင်းဖြစ်ရတယ်။ သူတို့မှာ သူတို့အချင်းချင်း ဘယ်လိုဖြစ်နေနေ ပြည်သူတွေကို ခုလို ပစ်လိုက်တယ်ဆိုတာက သူတို့လွန်တယ်” ဟု ဦးစံဖေက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်ကြား တိုက်ပွဲဖြစ်နေသမျှ အေးချမ်းမည်မဟုတ်ဘဲ ငြိမ်းချမ်းရေးရမှသာ အေး ချမ်းမည်ဟု တွက်ဆထားသည်ဟုလည်း ၎င်းက ပြောသည်။ 

လူဦးရေ နှစ်ထောင်ခန့် နေထိုင်သည့် မြေပုံမြို့နယ် ညောင်ကန်ကျေးရွာတွင် အဆိုပါလက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် စိုးရိမ်ကြောက်လန့်ကာ ရွာသူရွာသားအများစု ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာကိုစောင့်ရှောက်ရန် လူ ၁၀၀ ခန့်သာ ကျန်ရှိသည်ဟုလည်း ဆိုသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ယင်းသတင်းကို မရရှိသေးကြောင်းနှင့် မြေပြင်သို့ စုံစမ်းထားပြီး သိရလျှင် ‌ပြန်ပြောမည်ဟု ဆိုသည်။

ထို့အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဖြေမရသေးပေ။ 

တပ်မတော်၏ စစ်ဆင်ရေးများကြောင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးနေသည်ဟုဆိုကာ တပ်မတော်၏ စစ်ရေးနည်းဗျူဟာ အမြန်ဆုံးရပ်တန့်ပေးရန် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ရခိုင်အမျိုးသားပါတီ(ANP)က စက်တင်ဘာ ၅ တွင် အိပ်ဖွင့်ပေးစာ ပေးပို့ထားသည်။

စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်နေ့အထိ အပစ်ရပ်ကြောင်း AA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့က ကြေညာချက်ထုတ်ပြန်ထားသလို တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့များရှိသည့် နေရာများမှအပ တစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ အပစ်ရပ်မည်ဟု ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button