အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွာငံ-သာစည်တွင် ရွာမီးရှို့နေသူများက ဒေသခံ ၄ ဦးကို ဖမ်းခေါ်သွား

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နှင့် မန္တလေးတိုင်း၊ သာစည်မြို့နယ်ကြားသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်က ကျေးရွာ ၂ ရွာမှ အိမ်ခြေ ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံ ၄  ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ဩဂုတ် ၂၇ နံနက်ပိုင်းက ရွာငံ-သာစည် နယ်စပ်ရှိ မျက်ခါးအင်းနှင့် ကျောက်ချုပ်ကျေးရွာများသို့ စစ်ကောင်စီတပ် ဝင်လာရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဒေသအခြေစိုက် တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအပြီး မီးရှို့ဖျက်ဆီးမှု၊ ဖမ်းဆီးမှုများ ပေါ်ပေါက်လာသည်ဟု ကျောက်ချုပ်ရွာခံ အသက် ၄၀ အရွယ် အမျိုးသားက ပြောသည်။

“မျက်ခါးအင်းနဲ့ ကျောက်ချုပ်ရွာ ထိစပ်နေတဲ့ တောထဲမှာ တိုက်ပွဲဖြစ်တာပေါ့။ စစ်တပ်က ရွာကို မီးရှို့ပြီး ပြန်သွားတယ်။ စစ်တပ်က အဲဒီရွာ ၂ ရွာကနေပြီး အမျိုးသမီး ၁ ယောက် အပါအဝင် လူ ၄ ယောက်ကို ဖမ်းသွားပါတယ်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ် ဖမ်းသွားသည့် ဒေသခံတို့၏ အမည်များ၊ ခေါ်ဆောင်သွားသည့် နေရာတို့ကို သိရှိရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

မျက်ခါးအင်းနှင့် ကျောက်ချုပ်ကျေးရွာတို့သည် ရွာငံမြို့ အနောက်ဘက် မိုင် ၃၀ ကျော်အကွာ သာစည်မြို့နယ်တွင် တည်ရှိသည်။

စစ်ရေးအခြေအနေကြောင့် ဒေသခံ ၂၀၀ ကျော် နေရပ်စွန့် ထွက်ပြေးနေကြရာ စားဝတ်နေရေး ခက်ခဲနေသည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။

“ပြီးခဲ့တဲ့ ၅ လပိုင်းတုန်းကလည်း အဲဒီမှာ တိုက်ပွဲတွေဖြစ်ထားတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ အဲဒီဘက်က ရွာသားတွေက တောတွေထဲမှာ ပုန်းခိုနေရပါတယ်” ဟု ၎င်းက ဆိုသည်။

ဩဂုတ် ၂၇ ရက်နေ့ တိုက်ပွဲဖြစ်ပွားမှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မသိရသေးပါ။

စစ်တပ် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ရာ လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လာခဲ့သည်။ ထိုအထဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငံမြို့နယ်သည်လည်း တစ်ခုအပါအဝင် ဖြစ်လာသည်။

ထိုဒေသတွင် ရှိနိုင်သည့် PDF စခန်းများကို တိုက်ခိုက်ရန် စစ်တပ်က ၂၀၂၂ နှစ်ဆန်းပိုင်းက စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။ ထိုနှစ် မတ်လက ပဲရင်းတောင်ကျေးရွာတွင် ဒေသံ ၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၅၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံထားရသည့် ပဲရင်းတောင်ကျေးရွာတွင် စစ်တပ်အင်အား ၂၀၀ ကျော် တပ်စွဲထားသည်။ တော်လှန်ရေးတပ်ဖွဲ့များ ခိုအောင်းနိုင်သည်ဟု ၎င်းတို့ယူဆသည့် တောတောင်ထူထပ်ရာ ဒေသများကို ဆက်လက် စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းက စတင်ပြီး နွားဘန်းကြီးတွင် တပ်စွဲထားသည့် တပ်က စစ်ဘေးဒုက္ခသည်များကိုပါ ပစ်ခတ်သည်၊ အဖမ်းခံရသူ အများအပြားရှိနေပြီး အရေအတွက်အတိအကျ မသိရသေးဟု စစ်ဘေးဒုက္ခသည်များကို ကူညီနေသည့် အသက် ၂၈ နှစ်အရွယ် ရွာငံမြို့ခံ အမျိုးသမီးက ပြောသည်။

“တောထဲထိ ပြေးတာတောင်မှ တောထဲထိ လိုက်ပြီး စစ်ကြောင်းထိုးနေတော့ ပြည်သူတွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘာမှလည်း မပါသွားဘူး။ တစ်ချို့ကလည်း ထမင်းမစားရသေးလို့ ငိုပြီး ဖုန်းဆက်လာတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ နှစ်ကုန်ပိုင်းက စတင်ပြီး စစ်တပ်ကို လက်နက်ကိုင်ခုခံမှု နည်းပါးသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံတော်လှန်ရေးတပ်တို့၏ လှုပ်ရှားမှုများ ခပ်စိပ်စိပ် ပေါ်ပေါက်လာခဲ့သည်။ စစ်တပ်ဒေါက်တိုင်ဟု ယူဆရသူများကို လုပ်ကြံသတ်ဖြတ်မှု၊ စစ်တပ်ယာဉ်တန်းများကို ဗုံးခွဲတိုက်ခိုက်မှုများလည်း ထိုဒေသတွင် ဖြစ်ပေါ်ခဲ့သည်။

ရွာငံမြို့နယ်နှင့် ထိစပ်နေသည့် သာစည်မြို့နယ်သည် မန္တလေးတိုင်း မြောက်ပိုင်းတွင် တည်ရှိပြီး စစ်တပ်၏ အကြီးဆုံး လေတပ်စခန်း တည်ရှိရာ မိတ္ထီလာမြို့နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။

ထို့ကြောင့် တောတောင်ထူထပ်သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံနယ်နှင့် စစ်ရေးဗျူဟာအရ အရေးပါသည့် သာစည်နယ်တို့ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် ပြောက်ကျားလက်နက်ကိုင်များက ယူဆကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button