အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖမ်းဆီးခံထားရသည့် ရခိုင်သတင်းထောက် ၃ ဦးကို ခြောက်နာရီကျော်ကြာ စစ်ဆေးပြီး ပြန်လွှတ်

ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနမှ သတင်းထောက်သုံးဦးကို ၆ နာရီကျော်ခန့် မေးမြန်းစစ်ဆေးပြီးနောက် ညတွင်းချင်း ပြန်လွှတ်လိုက်သည်ဟု အဆိုပါသတင်းဌာန စာတည်းမှူး ကိုနောင်ခိုင်အောင်က Myanmar Now ကို ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ အကြီးတန်းသတင်းထောက် သန့်မြတ်ခိုင်၊ အလုပ်သင်သတင်းထောက် အောင်လင်းထွန်းနှင့် ထွန်းခိုင်(တောင်ရင်းကျွန်း) တို့ သုံးဦးဖြစ်ပြီး ၎င်းတို့ကို ယမန်နေ့ (မတ် ၃၁) ညနေ ၅ နာရီခွဲခန့်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ည ၁၂ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဖမ်းဆီးခံရသူများကဆိုသည်။

သတင်းထောက်များ၏ လက်ကိုင်ဖုန်းနှင့်အတူ သတင်းထောက်သုံးဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ကွန်ပျူတာကိုတော့ သိမ်းဆည်းထားလိုက်သည်ဟု ကိုနောင်ခိုင်အောင်က ဆိုသည်။

“သတင်းသမားတွေရဲ့ဘဝမှာ လုံခြုံမှုမရှိသလိုခံစားရပါတယ်။ ညက စစ်ဆေးတဲ့အချိန်မှာလည်း အလုပ်သင်သတင်းထောက်လေးတွေပါပါတယ်။ သူတို့ကိုအကြာကြီးစစ်ဆေးတဲ့ပုံစံက နောက်တက်လာမယ့် သတင်းထောက်လေးတွေကို အညွန့်ချိုးပစ်လိုက်သလို ခံစားရတယ်” ဟု ကိုနောင်ခိုင်အောင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်း၏ပြောပြချက်အရ ရဲတပ်ဖွဲ့က သတင်းထောက်တစ်ယောက်ချင်းစီကို သီးခြားစစ်ဆေးခဲ့ပြီး အဆိုပါသတင်းဌာန၏ အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်အကြောင်းနှင့် သတင်းထုတ်လုပ်မှု အစီအစဉ်တို့ကို အဓိကထားမေးမြန်းခဲ့သည်ဟု ၎င်းက ဆိုသည်။

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်ကို စစ်တွေမြို့မရဲစခန်းတွင် မတ် ၃၁ နေ့လယ်ပိုင်းက အမှုဖွင့်ထားခဲ့သည်ဟု Myanmar Now က သိရှိထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

နိရဉ္စရာသတင်းဌာနသည် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် သတင်းများကို ရေးသားဖော်ပြနေသည့် သတင်းဌာနတစ်ခုဖြစ်သည်။

တစ်ဖက်တွင်လည်း စစ်တွေမြို့ရှိ နိရဉ္စရာသတင်းဌာနအဆောက်အအုံမှာ ငှားရမ်းထားသည့်ကာလ ကုန်ဆုံးတော့မည်ဖြစ်ပြီး ဆက်လက်ငှားရမ်းရန် အခက်အခဲဖြစ်နေသော်လည်း သတင်းများ ဆက်လက်ရေးသားရန် ကြိုးစားသွားမည်ဟု ကိုနောင်ခိုင်အောင်က ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းများ အဓိကထားရေးသားဖော်ပြနေသည့် နိရဉ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ ဝက်ဘ်ဆိုက်နှစ်ခုကို ဆက်သွယ်ရေးအော်ပရေတာများက အကြောင်းကြားခြင်းမရှိဘဲ ဖုန်းအင်တာနက်မှ ဝင်ရောက်ကြည့်ရှုခွင့် မတ် ၂၃ နှင့် ၂၄ မှစ၍ ပိတ်ပင်ထားသည်။

DMG မှ စာတည်းမှူး ဖဒူထွန်းအောင် က “ရခိုင်ကမီဒီယာကတွေက တရားစွဲခံနေရတယ်။ အရင်အတိုင်းတော့လုပ်မှာပဲ။ ရေးတဲ့အခါမှာတော့ နည်းနည်းစိုးရိမ်မှုတွေရှိတယ်။ သတိတော့ ထားရမှာပေါ့။ ဒါပေမဲ့ ရခိုင်ကသတင်းတွေကိုတော့ ဆက်ပြီးတင်ဆက်သွားမှာပါ။ တစ်ကမ္ဘာလုံးမှာလည်း ကိုရိုနာဗိုင်းရပ်ဖြစ်နေတဲ့ အချိန်မှာသတင်းဌာနတွေကို တရားစွဲတာတော့ သတင်းရေးသားတဲ့အခါမှာ အနှောင့်အယှက်ဖြစ်တာပေါ့” ဟု ဆိုသည်။

တစ်ချိန်တည်းတွင်ပင် ဝက်ဘ်ဆိုက်ပိတ်ထားခြင်းခံထားရသည့် မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာနမှ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ပုဒ်မ ၅၂(က) တို့ဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles