အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေကူမြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော် အကူအညီလိုနေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ နေအိမ်များ မီးရှို့ခြင်းကြောင့် တောထဲတွင် စစ်ဘေးရှောင်နေရသည့် ရွာပေါင်း ၁၂ ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ဒေသခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှိနိုင်သည့် နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းထိုးမှု ပါဝင်သော တိုက်ပွဲများ မတ် ၂၃ တွင် စတင်ရာမှ မြို့တောင်ဘက် ဒေသခံများ စစ်ရှောင်နေရခြင်းဖြစ်သည်။

စစ်ကောင်စီလက်နက်ကိုင်တို့က မံဝိန်၊ စီသာ၊ မံနား၊ တုံးကောက်၊ စီသောင်၊ မံခါး၊ စီမော်၊ ဟိန်းကောင်၊ စီမူကြီး၊ စီမူလေး၊ နတ်လန်၊ နောင်လတ်ကြီး စသည့် ကျေးရွာများကို မီးရှို့ရာ နေအိမ်ပေါင်း ၁,၀၀၀ ခန့် မီးလောင် ပျက်စီးခဲ့သည်ဟုလည်း ဒေသခံတို့က ဆိုသည်။

မံဝိန်းရွာ ဒေသခံတစ်ဦးက ၎င်းတို့ရွာ ပျက်စီးသွားသည်ဟု ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ရွာတစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားပြီဆိုတော့ လောလောဆယ် ရွာထဲမှာ သောက်စရာ ရေလည်းမရှိဘူး၊ နေစရာကျတော့ ကောင်းကောင်းမွန်မွန်ကျန်ထားတဲ့ အိမ်က မရှိတော့ဘူးလေ၊ လက်နက်ကြီးမှန်ထားလို့ ခေါင်မိုးတွေ ပေါက်ပြဲတာ၊ နံရံတွေ ပြိုကျကုန်တာ၊ ဒါတွေပဲ ရှိတော့တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ပြောသည်။

၎င်းတို့မိသားစုတွင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားသုံးဦး ရှိကြောင်း၊ ဘဝတူ စစ်ရှောင်များအချင်းချင်း ပါလာသည့် ရိက္ခာများကို ဝေမျှ စားသောက်နေကြရကြောင်း သူက ဆက်ပြောသည်။

ယင်းတို့နေထိုင်ရာနေရာတွင် မံဝိန်းရွာမှ အိမ်ထောင်စု ၅ စု လူဦးရေ ၅၀ ခန့် စုနေကြပြီး၊ အခြားရွာမှ ဒေသခံများလည်း မနီးမဝေးရွာများတွင် အိမ်ထောင်စုအနည်းငယ်စီ စုကာ နေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။

မတ် ၃၀ ရက်တွင် ရွှေကူမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ မံဝိန်းရွာအနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လေကြောင်းမှပါ ဗုံးကြဲခဲ့သည့်အတွက် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် တိမ်း‌ရှောင်ခဲ့ရသည်ဟု အသက် (၄၅) နှစ်အရွယ် မံဝိန်းရွာခံ အမျိုးသားက ပြောသည်။

တိုက်ပွဲများကြောင့် စစ်ရှောင် ၇၀၀ ခန့်မှာ ရွှေကူမြို့ပေါ်နှင့် မြို့အရှေ့ဘက်ရှိ ဝဲမဆင်စခန်းတို့တွင် ရောက်ရှိနေပြီး အများစုမှာ နီးစပ်ရာ တောတောင်များနှင့် လယ်ကွင်းပြင်များတွင် ဖြစ်သလို နေထိုင်နေကြရသည်ဟု ဒေသခံများက ဆိုသည်။

ရွှေကူမြို့နယ်အတွင်းရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နေအိမ်များ (ဓာတ်ပုံ − ပေးပို့)

ဧရာဝတီမြစ်ဘေးရှိ ရွှေကူမြို့နယ်သည် လက်နက်ကိုင်တော်လှန်ရေးတွင် ရှေ့တန်းမှ ဦးဆောင်နေသည့် စစ်ကိုင်းတိုင်းနှင့် ကပ်လျက်တည်ရှိသည့် မြို့နယ်လည်းဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဧပြီ ၈ ရက်ထုတ်ပြန်ချက်တွင် နိုင်ငံတစ်ဝန်း စစ်ရှောင် ၁.၈ သန်းနီးပါး ရှိနေသည်ဟု ဖော်ပြသည်။ စစ်ကိုင်းတိုင်းတစ်ခုတည်းတွင် စစ်ဘေးရှောင်ပြည်သူပေါင်း ၇၅၀,၀၀၀ နီးပါး ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဘေးရှောင်များအပါအဝင် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူ ၁၇.၆ သန်းရှိနေပြီး ကျေးလက်ဒေသနေ ၄.၅ သန်းမှာ အကူအညီပိုလိုအပ်နေသည်ဟု ဆိုသည်။ ကူညီရန် လိုအပ်သည့်ငွေသည် ၂၀၂၃ ခုနှစ် ပထမ ၄ လပတ်အတွင်း ၈ ရာခိုင်နှုန်းသာ ရရှိသေးသည်ဟုလည်း UNOCHA က ထုတ်ပြန်ထားသည်။

ဂျာမန်နိုင်ငံက မြန်မာနိုင်ငံအတွက် ၂၀၂၂ ခုနှစ်တွင် လူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေ ယူရို ၁၂ သန်း ထည့်ဝင်ခဲ့သော်လည်း လိုအပ်ချက်များ သိသိသာသာ မြင့်မားလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံရုံးက ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

အာဆီယံအသင်းက၂၀၂၁ ဧပြီ ၂၄ တွင် ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်တွင် လူသားချင်း စာနာမှုအကူအညီများ ပေးသွားရန်ဟူသည့် အချက်ပါဝင်သည်။ သို့သော် ဒုက္ခသည်အရေအတွက် တိုးလာနေပြီး အကူအညီများ ပေးနိုင်မည့် အခြေအနေမှာ ထိုသဘောတူညီချက် ချမှတ်ခဲ့သည့် ၂ နှစ်ပြည့်ရန် ရက်ပိုင်းအလိုအထိ ဖြစ်ပေါ်တိုးတက်မှု မတွေ့ရပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button