သတင်း

ရွှေကူမြို့ တိုက်ပွဲများကြောင့် ဒေသခံ ထောင်ချီ တိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် မတ် ၂၃ မှစတင်ကာ ရက်ဆက်ဖြစ်ပွားသော တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်ပြီး ထွက်ပြေးရသူတို့မှာ မြို့တောင်ဘက်ရှိ ငှက်တံတား၊ စီသောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လတ်ကြီး၊ စီမူကြီး စသည့် ကျေးရွာများမှ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဗုံးနှင့် လက်နက်ကြီးကျည်တို့သည် အရပ်ဘက်ပစ်မှတ်များကိုလည်း ထိမှန်နေသည်ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံတစ်ဦးက ပြောသည်။

“မံဝိန်းက ကျွန်တော့်တူမတွေ မြို့ပေါ်ကို ရှောင်လာကြတယ်၊ သူတို့ရွာက ဗုံးကျတော့ ဘုန်းကြီးကျောင်းလည်း ထိသွားတယ် ပြောတယ်၊ အများစုကတော့ တောဘက်ကို ပြေးကြတာများတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

နိုင်ငံအနှံ့ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများအရေး လုပ်ကိုင်သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများအတွက် ကူညီဆောင်ရွက်နေသူတို့ကိုယ်တိုင် တိမ်းရှောင်နေကြရချိန်တွင် ရွှေကူမှ စစ်ဘေးရှောင် အိမ်ထောင်စုအရေအတွက်နှင့် လူဦးရေအတိအကျကို ခန့်မှန်းရန် ခက်ခဲနေကြသည်။

ဗန်းမောက်တိုက်ပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့နှင့် စစ်ကောင်စီလက်နက်ကိုင်တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကို ရွှေကူနှင့် ဆက်စပ်သည့် မြို့နယ်များတွင်လည်း တွေ့ရသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်လည်း ပါဝင်သည်။

မတ် ၂၄ တွင် ဗန်းမောက်မှ အင်အား ၁၀၀ ကျော်ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ထိုမြို့အနောက်ဘက် မိုင် ၂၀ အကွာရှိ ကြောင်လည်ရွာကို မတ် ၂၆ ရက် နံနက်တွင် ဝင်စီးခဲ့သည်ဟု PDF, ပကဖ အဖွဲ့များနှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် မွန်းလွဲပိုင်းတွင် ရွာအနီးရှိ တောင်ကြောကို PDF များရှိသည်ဟု ယူဆကာ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့သည်ဟုလည်း အထက်ပါ ဗန်းမောက်ဒေသခံက ပြောသည်။

“ကြောင်လည်နဲ့ အနီးက ရွာကြားမှာ ထုံးတောင်ဆိုတာ ရှိတယ်၊ ရှိတော့ အဲဒီနားဝန်းကျင်မှာ PDF တွေ ရှိတယ် ထင်ပြီးတော့ ၃ နာရီလောက်မှာ လာပစ်သွားတာ၊ ဒေသခံတွေ ထိခိုက်တာမျိုးတော့ မရှိဘူး” ဟု သူက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ မတ်လ ၂၈ ရက်အထိ ရွာတွင်း၌ ဆက်လက်တပ်စွဲထားသလို ဒေသခံများလည်း ရွာတွင်း၌ ပိတ်မိနေဆဲဖြစ်ပြီး ဗန်းမောက်-အင်းတော်လမ်းပိုင်းကိုလည်း သွားလာခွင့်ပိတ်ထားသည်ဟု သူက ဆက်ပြောသည်။

မတ် ၂၃ မှ ၂၆ အထိ တိုက်ပွဲများ

မတ် ၂၃ ရက်က ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ စစ်ကောင်စီတပ်၏ စစ်ကြောင်းနှစ်ကြောင်းမှာ ရွှေကူမြို့၏ တောင်ဘက် မိုင်အနည်းငယ်အကွာ ရှမ်း-ကချင်နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ကြသည်။

ခြေမြန်တပ်ရင်း (၁၀)မှ အင်အား ၅၀ ခန့် ပါဝင်ပြီး တပ်မ (၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း (၇၇) အင်အား ၈၀ ခန့်ပါဝင်သည်ဟု ဆိုသည်။

စစ်သည်အရေအတွက် ပိုနည်းသည့် စစ်ကြောင်း ငှက်တံတားရွာသို့ ရောက်ရှိစဉ် ထိုနေ့ ည ၉ နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေကူအခြေစိုက် တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ ငှက်တံတားရွာကို ဝင်တာနဲ့ ကျွန်တော်တို့ အားချင်း ပြင်ဆင်နေရာယူတယ်၊ ပြီးမှ အဲဒီနေ့ည ၉ နာရီဝန်းကျင်မှာ စပစ်တယ်၊ အဲဒီမှာ ကျွန်တော်တို့ဘက်က ဒရုန်းနဲ့ ချတော့ သူတို့ဘက်က စစ်ကြောင်းမှူး ဗိုလ်မှူးအောင်အောင် ကျသွားတယ်လို့ သိရတယ်” ဟု PDF တပ်ဖွဲ့ဝင်က ပြောသည်။

သို့သော် စစ်ကောင်စီအရာရှိ သေဆုံးမှုနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

PDF က ၎င်းတို့ စစ်ပညာနဲ့ လက်နက် အကူအညီရယူထားသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မတ် ၂၅ ရက်တွင် စစ်ကြောင်းနှစ်ခု ပူးပေါင်းပြီး တောင်ဘက်တစ်လျှောက်ရှိ စီမူကြီး၊ နန့်လန်နှင့် မံဝိန်းစသည့် ရွာများသို့ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးလာခဲ့ပြီး ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

နံနက် ၉ နာရီမှ စတင်သည့် တိုက်ပွဲမှာ နံနက် ၁၁ နာရီခန့်အထိ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၃ နာရီကျော်တွင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း မံဝိန်းရွာသို့ ဗုံး ၆ လုံးကျရာ အဆောက်အအုံ ၁ လုံး ပျက်စီးသည်၊ ကပ်လျက် စီသောင်ရွာတွင်းသို့ ဗုံး ၂ လုံး ကျသဖြင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးကာ နွား ၅ ကောင် သေဆုံးခဲ့သည်ဟု သိရသည်။

အထိနာသွားသည့် ခလရ (၁၀) စစ်ကြောင်းမှာ နောင်လတ်ကြီးရွာသို့ ဆုတ်သွားခဲ့ပြီး ခလရ (၇၇) စစ်ကြောင်းမှာ နန့်လန်ရွာအတွင်း ဆက်လက်တပ်စွဲထားသည့်အတွက် မတ် ၂၆ ရက်တွင် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲစဉ်များအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးသူ ၂၀ ကျော်ခန့် ရှိနိုင်ပြီး ပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

“တိုက်ပွဲအခြေအနေကတော့ ဆက်ပြီးမှ တင်းမားနေဆဲပဲ၊ သူတို့ဘက်ကလည်း မဆုတ်သေးဘူး၊ နန့်လိုင်ကျေးရွာမှာ အောင်းနေကြတယ်၊ ဒီနေ့နဲ့ဆို ၆ ရက်ရှိပြီပေါ့” ဟု KPDF တပ်ဖွဲ့ဝင်က မတ် ၂၈ တွင် ပြောသည်။

နန့်လိုင်ရွာအတွင်း ရှိနေသည့် စစ်ကောင်စီတပ်က ထိုရွာမှ အိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများမွေးမြူထားသည့် ကြက်၊ ဝက်များကို သတ်ဖြတ်စားသောက်၊ နေအိမ်များအတွင်း ဝင်ရောက်ကာ ပစ္စည်းများကို လုယူဖျက်ဆီးခဲ့ကြသည်ဟုလည်း ပြောသည်။

သတ်ဖြတ်မှု၊ အိမ်မီးရှို့မှု၊ လုယက်ခိုးယူမှုများနှင့် ပတ်သက်ပြီး အဆက်မပြတ် ပေါ်ပေါက်နေသော သတင်းများကို စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိတော့ပေ။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးများတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ဦးဆောင်နေသည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းသို့ လက်နက်၊ ခဲယမ်းနှင့် စစ်ကူ၊ ရိက္ခာများ တင်ပို့ရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိကအားပြုလာရာ မြစ်ကြောင်းတစ်လျှောက်ရှိသည့် ဗန်းမောက်၊ အင်းတော်၊ ကသာ၊ မြို့လှ၊ ရွှေကူ စသည့် ဒေသများမှ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။

စစ်ခေါင်းဆောင်ကမူ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG နှင့် PDF တို့ကို ကူညီနေသည့် တိုင်းရင်းသားလက်နက်ကိုင်များကို ပြတ်ပြတ်သားသား အရေးယူမည်ဟု မတ်လ ၂၇ တွင် ပြောသည်။

အမေရိကန်နှင့် ဗြိတိန်အစိုးရတို့ကလည်း စစ်ကောင်စီကို လေယာဉ်လောင်စာဆီနှင့် စစ်ရေးဆိုင်ရာပစ္စည်းများ ထောက်ပံ့ပေးနေသည့် လက်နက်ပွဲစား ဦးထွန်းမင်းလတ်နှင့် ဇနီး ဒေါ်ဝင်းမင်းစိုး၊ ၎င်းတို့နှစ်ဦးပိုင် Star Sapphire ကုမ္ပဏီအုပ်စုနှင့် Star Sapphire Trading ကုမ္ပဏီတို့အပြင် လေတပ်အတွက် လေယာဉ်ဆီ တင်သွင်းပေးနေသည့် Asia Sun Group၊ Asia Sun Trading နှင့် Cargo Link Petroleum Logistics ကုမ္ပဏီတို့ကို ယခုလ နောက်ဆုံးပတ်တွင် ပိတ်ဆို့ဒဏ်ခတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button