မတ်လတတိယပတ်တည်းက တိုက်ပွဲဖြစ်နေသော ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် အရပ်သား ၁၁ ဦး အသတ်ခံရပြီး နေအိမ် တစ်ထောင်နီးပါး မီးရှို့ခံရကာ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရသည်။
မတ် ၂၃ တွင် မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကျေးရွာများကို စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခလရ (၇၇) နှင့် ခမရ (၁၀) တပ်များက စစ်ကြောင်းထိုးဝင်ရောက်လာရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
ထိုနေ့ နံနက် ၉ နာရီတွင် ငှက်တံတားကျေးရွာသို့ စစ်တပ်စစ်ကြောင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည်။
ဧပြီ ၁၀ ရက်အထိ ဆက်တိုက် ပြင်းထန်ခဲ့သည့် မြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် အနည်းဆုံး ရွာ ၁၂ ရွာမှ အိမ် ၉၆၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“၁၉ ရက်ကြာတဲ့ တိုက်ပွဲကို လေကြောင်းက အကြိမ် ၂၀ ကျော် ဗုံးကြဲတာဆိုတော့ စဉ်းစားကြည့်၊ ဗီယက်နမ်နဲ့ အမေရိကန် တိုက်ပွဲလိုဖြစ်နေပြီ” အဆိုပါ တာဝန်ရှိသူ အမျိုးသားက ဆိုသည်။
ဧပြီ ၅ ရက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် စီသောင်ကျေးရွာမှ တိုက်နယ်ဆေးရုံကို ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။ ရွှေကူမြို့တောင်ဘက် ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် စီသောင်ရွာအနီး ဧပြီ ၁၀ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဆိုပါစစ်ကောင်စီတပ်များက ထိုရွာကို မီးရှို့ပြီး ရွှေကူမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားသည်။
ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့သလို ဒေသခံ ကာကွယ်ရေးအဖွဲ့များဘက်မှ ၅ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့ကာ ဒေသခံ ၁၁ ဦးထက်မနည်း အသတ်ခံရသည်ဟု အထက်ပါ PDF တာဝန်ရှိသူက ပြောသည်။
အသတ်ခံရသူအများစုမှာ စီသာရွာခံများဟု သိရပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ မီးရှို့ခံရသည့် ရွာများမှာ မံဝိန်၊ စီသာ၊ မံနား၊ တုံးကောက်၊ စီသောင်၊ မံခါး၊ စီမော်၊ ဟိန်းကောင်၊ စီမူကြီး၊ စီမူလေး၊ နတ်လန်၊ နောင်လတ်ကြီး တို့ဖြစ်ပြီး အဆိုပါရွာများမှ ဒေသခံ တစ်သောင်းကျော်မှာ နီးစပ်ရာရွာများနှင့် တောတောင်များအတွင်း တိမ်းရှောင်နေရသည်။
မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၄ ကျောင်းတွင် အဆိုပါရွာများမှ စစ်ရှောင် ၇၀၀ ခန့်နှင့် မြို့အရှေ့ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ ဝဲမ သစ်ထုတ်လုပ်ရေးဆင်စခန်းတွင် စစ်ရှောင် ၁၀၀ ခန့် ရှိနေသည်ဟု အသက် ၄၀ ကျော်အရွယ် ရွှေကူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဒေသခံအများစုက စစ်ကြောင်းပြန်ထိုးနိုင်သည်ဟု ယူဆ၍ နေရပ်ကျေးရွာများကို မပြန်သေးကြောင်း သိရသည်။
“ပြန်ဖို့လည်း စိုးရိမ်နေသေးတယ်၊ ပြန်လည်း သူတို့မှာက ဘာမှအခြေအနေမှ မရှိတော့ဘူးလေ။ အိမ်မရှိ ရာမရှိ၊ ရွာတွေကလည်း အကုန်မီးလောင်ဆိုတော့ စားဝတ်နေရေးလည်း မရှိ၊ ဘာလည်းမရှိ အဲဒီလိုမျိုးဖြစ်ကြပြီ” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
ပြန်ဆုတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းမှာ သင်္ကြန်ကာလအတွင်း ရွှေကူမြို့ပေါ် အမှတ် (၁) ရပ်ကွက်ရှိ ဝါဆိုဘုန်းကြီးကျောင်းအနီး တပ်စွဲခဲ့ပြီး ယနေ့ နံနက် ၁ နာရီခွဲခန့်တွင် ရွှေကူမြို့တစ်ဖက်ကမ်း ကျောက်ကြီးကျေးရွာဘက်သို့ ထွက်ခွာသွားသည်ဟု သိရသည်။
ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်ကေင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးများတွင် စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်နေကြသည်။
စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းသို့ လက်နက်၊ ခဲယမ်းနှင့် စစ်ကူ၊ ရိက္ခာများ တင်ပို့ရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိက အားပြုလာရာ မြစ်ကြောင်းတစ်လျှောက်ရှိသည့် ဗန်းမောက်၊ အင်းတော်၊ ကသာ၊ မြို့လှ၊ ရွှေကူ စသည့် ဒေသများမှ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)