သတင်း

တိုက်ပွဲမရှိသည့် ရွှေကူမြို့ပြင်ကို လေတပ် ဗုံးကြဲ၊ ရွှေကျင်နေသူ ၂ ဦးသေဆုံး

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဖေဖော်ဝါရီ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုနေ့ မွန်းလွဲ ၃ နာရီခန့်တွင် မြို့တစ်ဖက်ကမ်း ပေါက်ကုန်းရွာနှင့် သ​င်္ဘောအင်းရွာကြားတွင် ရွှေကျင်နေကြသည့် အရပ်သားများထံ စစ်ရဟတ်ယာဉ်တစ်စီးက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပေါက်ကုန်းရွာမှ အသက် (၄၈) အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၅၇) အရွယ် အမျိုးသားတစ်ဦးတို့မှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဈေးဝယ်သွားတဲ့သူတွေမှာ အားချင်းပဲ ပြေးရတာ၊ လေယာဉ်ကိုမှ ကျွမ်းထိုးမှောက်ခုံပဲ၊ လေယာဉ်ကို ဗီဒီယိုထဲမှာပဲ မြင်ဖူးတာ အခုမှ လက်တွေ့မြင်ရတာ။ ဗုံးကြဲခါနီးကို မီးခိုးလုံးကြီး မှောင်နေတာ” ဟု အသက် (၄၀) ကျော်အရွယ် အဆိုပါ  အမျိုးသားက ပြောသည်။

၃၂ နှစ်အရွယ် အမျိုးသမီး လက်တစ်ဖက်ပြတ်ခဲ့ပြီး၊ ၆၂ နှစ်အရွယ် အမျိုးသမီး ရင်ဘတ်တွင် ဗုံးဆန်ထိမှန်သည်၊ ၄၇ နှစ်အရွယ် အမျိုးသားမှာ ဒဏ်ရာရသွားသည့် ခြေနှစ်ဖက် ဖြတ်ပစ်ရမည့်အခြေအနေဖြစ်နေသည်ဟု သူက ဆက်ပြောသည်။

ဒဏ်ရာရရှိသူများကို ရွှေကူဆေးရုံသို့ တင်ပို့လိုက်ရသည်၊ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်တွင် သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ဂျက်တိုက်လေယာဉ်တစ်စီး လာရောက်ပျံဝဲခဲ့ပြီး နောက်တစ်နေ့တွင် ထိုတိုက်ခိုက်မှု ပေါ်ပေါက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေဆုံး၊ ဒဏ်ရာရမှုများနှင့် တိုက်ခိုက်မှုအကြောင်းရင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်းနှင့် ကပ်လျက်တည်ရှိသည့် ရွှေကူမြို့သည် ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲမဖြစ်ခဲ့သည့်အပြင် စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုးမှု ရပ်နားထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“ဘာတိုက်ပွဲမှကို မရှိတာဗျာ၊ စစ်ကြောင်းလည်း မထိုးဘူး။ သက်သက်မဲ့ ရွှေကျင်ပြီး တစ်နိုင်တစ်ပိုင် ရှာစားနေတဲ့ ပြည်သူတွေကို လုပ်တာ လူမဆန်ဘူး” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်က ရွှေကူမြို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ကသာမြို့နယ် မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၇ ဦး သေဆုံးခဲ့သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးများတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ဦးဆောင်နေသည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းသို့ လက်နက်ခဲယမ်းနှင့် စစ်ကူ၊ ရိက္ခာများတင်ပို့ရာတွင် ဧရာဝတီမြစ်ကြောင်းကို အဓိကအားပြုလာရာ မြစ်ကြောင်းတစ်လျှောက်တွင် ရှိသည့် ကသာ၊ မြို့လှ၊ ရွှေကူ၊ ထီးချိုင့် စသည့် ဒေသများမှ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။

လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီတပ်က အပြင်းထန်ဆုံး တုံ့ပြန်နေပြီး လေကြောင်းမှ မကြာခဏ တိုက်ခိုက်မှုများကြောင့် ဒေသကာကွယ်ရေးတပ်များအပြင် အရပ်သားများပါ ထိခိုက်သေဆုံးနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button