အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာ-တရုတ်နယ်စပ်မြို့ မူဆ​ယ်တွင် သစ်သီးကုန်ကားများ သောင်တင်နေ

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း ပိုမိုပြင်းထန်လာသဖြင့် တရုတ်-မြန်မာနယ်စပ်၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးနယ်မြေတွင် သစ်သီးဝလံများ လာရောက်ဝယ်ယူသော တရုတ်ကုန်သည်များ မရှိသည့်အတွက် သစ်သီးကုန်ကား ၃၀၀ ခန့် သောင်တင်နေသည်ဟု မူဆယ်ကုန်သည်များအသင်းနှင့် ကုန်ကားမောင်းသူများက ပြောသည်။

တရုတ်နှစ်သစ်ကူးကြောင့် ဇန်နဝါရီလ ၂၂ ရက်မှစ၍ မူဆယ်ကုန်သွယ်မှုကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယနေ့ (ဇန်နဝါရီလ ၂၇ ရက်) တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့သော် ကိုရိုနာဗိုင်းရပ် ကမ္ဘာ့နိုင်ငံအနှံ့သို့ ကူးစက်ပြန့်ပွားမှုကြောင့် မူဆယ်တစ်ဖက်ခြမ်း ရွှေလီမြို့တွင် တရုတ်အစိုးရက ပျော်ပွဲရွှင်ပွဲများ၊ လူစုလူဝေးများနှင့် ခရီးသွားလာမှုများကို ကန့်သတ်လိုက်သည့်အတွက် သစ်သီးဝယ်ယူသူ နည်းပါးသွားခြင်း ဖြစ်သည်။

“ပုံမှန်ဆိုရင်က တရုတ်နှစ်သစ်ကူး ပြီးရင် အရောင်းအဝယ် ပြန်စနေကျလေ။ ဒီနှစ်ကျတော့ ဒီကနေ့ အရောင်းအဝယ်ပြန်စတာ တရုတ်ပြည်ဘက်က ဝယ်လက်တွေက မလာတဲ့အခါကျတော့ ကားပေါ်မှာ ဒီအတိုင်းပဲ” ဟု

မူဆယ်- မန္တလေး ကုန်ကားမောင်းနေသူ ကိုထွန်းရီက လက်ရှိအခြေအနေကို Myanmar Now အား ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပုံမှန်အခြေအနေတွင် ဖရဲနှင့် သခွားသစ်သီးကားများသည် ကုန်သွယ်ရေးနယ်မြေတွင် အနည်းဆုံး နှစ်ညအိပ်ကာ ရောင်းချကြပြီး ယခုကဲ့သို့သော အခြေအနေတွင် သစ်သီးများ မရောင်းရဘဲ ပျက်စီးသွားပါက ကုန်ကားတစ်စီးလျှင် ကျပ် သိန်း ၈၀ နှင့် ၁၀၀ အထိ ဆုံးရှုံးမှု ရှိနိုင်ကြောင်း ကိုထွန်းရီက ပြောသည်။

“အခုက လုံးဝရပ်ထားရတာ တစ်လုံးမှကို မရောင်းရမဝယ်ရဘူး။ လာတဲ့လူတိုင်း ရောင်းမရဘူး၊ ကားတွေလည်း ဒီအတိုင်း ရပ်ထားရတော့ ထိခိုက်မှုကတော့ ၁၀၀ ရာခိုင်နှုန်းပေါ့” ဟု မူဆယ်ကုန်သည်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းမင်းလူနိုင်က ပြောသည်။

မြန်မာ သစ်သီးဝလံကုန်သည်များ ကုန်စည်ရောင်းချရန် ခက်ခဲနေသည့်အတွက် တောင်သူများအနေဖြင့်လည်း ကိုရိုနာဗိုင်းရပ် ကူးစက်မှုအခြေအနေကို စောင့်ကြည့်ပြီးမှသာ သစ်သီးဆွတ်ခူးတင်ပို့ရန် ကုန်စည်ဒိုင်အသီးသီးက ဇန်နဝါရီလ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူပေပြည်နယ်ရှိ ဝူဟန်မြို့မှ အစပြုခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ခံရသည့် လူနာပေါင်း ကမ္ဘာတစ်ဝန်းတွင် ၂,၈၀၀ ကျော်ရှိပြီး တရုတ်တစ်နိုင်ငံတည်းက အများစုဖြစ်ကာ လက်ရှိအထိ သေဆုံးသူ ၈၁ ဦး ရှိနေပြီ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ကူးစက်ခံလူနာ ၈ ဦး ရှိပြီး တရုတ်နိုင်ငံပြင်ပတွင် ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်နေသည်။

မြန်မာနိုင်ငံတွင်မူ ကိုရိုနာဗိုင်းရပ် သံသယလူနာ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ သို့သော်လည်း ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့တွင် ပိတ်မိနေသည့် မြန်မာကျောင်းသူကျောင်းသား ၆၀ ဦးရှိပြီး ၎င်းတို့ကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။ ​​​​​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles