
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ပြေစုစည်းကျေးရွာအတွင်း လက်နက်ကြီးကျည်တစ်လုံး ယမန်နေ့ညက ကျရောက်ပေါက်ကွဲသဖြင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် စုစုပေါင်းသုံးဦး ဒဏ်ရာရသွားသည်ဟု မိသားစုဝင်များနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က Myanmar Now ကို ယနေ့ ပြောသည်။
ယမန်နေ့ည ၈ နာရီခန့်က ပလောင်လူမျိုးအများစု နေထိုင်သည့် လွယ်ပြေစုစည်းရွာရှိ ကိုလအိုင်၏ နေအိမ်အနီးသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် နေအိမ်အတွင်းရှိနေသည့် အသက်၁၀ နှစ်အရွယ် မအေးခွန်မှာကျောတွင် လက်နက်ကြီးအစထိမှန်ခဲ့ပြီး အသက် ၃၂ နှစ်အရွယ် ဦးလအိုင်နှင့်အသက် ၆၀ အရွယ် ဒေါ်အေးကမ်တို့ ခါးတွင် ကျည်စထိမှန်ခဲ့သည်ဟု မအေးခွန်၏ဦးလေး ဦးအိုက်ငုက ကွတ်ခိုင်ဆေးရုံတွင် Myanmar Now နှင့် တွေ့ဆုံစဉ် အတည်ပြုသည်။
မအေးခွန်မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး ကျန်နှစ်ဦးမှာ မစိုးရိမ်ရဘဲ လမ်းကောင်းကောင်း လျှောက်နိုင်သည်ဟု မိသားစုဝင်က ပြောဆိုသည်။
လွယ်ပြေစုစည်းရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျည်တစ်လုံးတည်းသာ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်းနှင့် မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။
“ဖြစ်ဖြစ်ချင်း ကျေးရွာလူကြီးအိမ်ကို သွားပို့လိုက်တယ်၊ လူကြီးကတစ်ဆင့် ကယ်ဆယ်တဲ့အဖွဲ့တွေက ဆေးရုံ ပို့ပေးလိုက်တာပဲ” ဟု ကိုအိုက်ငုက ပြောသည်။
လွယ်ပြေစုစည်းရွာတွင် အိမ်ထောင်စု ၇၈ စုရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိကာ ရွာတွင် အစောင့်များ ချန်ပြီးလျှင် ကွတ်ခိုင်မြို့ပေါ်သို့ စစ်ရှောင်ကြမည်ဟု ကျေးရွာလူကြီး ဦးအိုက်မြားက ပြောသည်။
စစ်ရှောင်မည့်ရွာသားများကို ကွတ်ခိုင်မြို့နယ် စစ်ဘေးရှောင်များအရေးပေါ် ကူညီကယ်ဆယ်ရေးကွန်ရက်က ကူညီပေးနေပြီး ကွတ်ခိုင်မြို့ပေါ်တွင် နေရာချထားရေးအတွက် စီစဉ်နေသည်ဟု အသင်းတာဝန်ရှိသူ ဒေါ်လွမ်းညွယ်က ပြောသည်။
ပြီးခဲ့သည့် ၁၈ ရက်နေ့ကလည်း လားရှိုးမြို့နယ် ကုန်းဆာရွာအတွင်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်မှုကြောင့်အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ယခုလ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာငါးခုကို ကိုးကန့်တပ်(MNDDA)၊ ရက္ခိုင့်တပ်တော်(AA) နှင့် တအာင်း/ပလောင်တပ် (TNLA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က စတင်တိုက်ခိုက်လိုက်ပြီး တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်လာခြင်းဖြစ်သည်။
ကွတ်ခိုင်လူမှုကူညီရေး အသင်းများ၏အချက်အလက်များအရ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့ပေါ်တွင် စစ်ရှောင်စခန်း ခြောက်ခုသို့ စစ်ရှောင်လာသူပေါင်း ၁၂၀၀ ကျော် ရှိနေသည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ပြီးခဲ့သည့် ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူ၍ ရှမ်းပြည်နယ်မြောက်ပိုင်း လတ်တလော စစ်ဆင်ရေးများ ရပ်တန့်ပေးရန် ဖိအားပေးကြောင်း TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်ဟု ဧရာဝတီ သတင်းဌာနက ရေးသားထားသည်။



