အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်ထောင်စုအစိုးရအသုံးစရိတ် တိုးမြင့်လာပြီး ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ဘီလျံ ၃၃၇၀ တောင်းခံ

အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်မည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနများ၏ အသုံးစရိတ်ဘတ်ဂျက်များကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းတောင်းခံခဲ့ကြရာ ပြည်ထောင်စုအစိုးရအသုံးစရိတ်မှာ ယခင်ဘဏ္ဍာနှစ်ထက် ကျပ် ဘီလျံ ၁၀,၀၀၀ (၁၀ ထရီလျံ) နီးပါး တိုးမြင့်လာခဲ့သည်။

ဝန်ကြီးဌာန အားလုံး၏ ကုန်ကျစရိတ်အတွက် တောင်းခံငွေမှာ ဘီလျံ ၃၂,၀၀၀ (၃၂ ထရီလျံ) ကျော်ရှိပြီး ယခင်ဘဏ္ဍာရေး နှစ်များထက် အသုံးစရိတ်တိုးမြင့်လာသည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

အစိုးရအဖွဲ့က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဘီလျံ ၂၀,၀၀၀ ကျော် သုံးစွဲခဲ့ပြီး ယခုနှစ်တွင် ၃၀,၀၀၀ ကျော် တောင်းခံထားကြောင်း အသုံးစရိတ်မူဝါဒအရလည်း ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနများအတွက် ပိုမို သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ရဲ့ အသုံးစရိတ်မူဝါဒအရ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် ဒါတွေက ဦးစားပေးသုံးစွဲတဲ့ဟာတွေ ဖြစ်တဲ့ အခါကျတော့ အခြားဝန်ကြီးဌာနတွေလည်းရှိတယ်။ နောက်ပြီးတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဆိုရင် ပိုပြီးတော့ သုံးလာတာရှိတယ်” ဟု ၎င်းကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအသုံးစရိတ် ဘီလျံ ၂၄,၀၀၀ ကျော် တောင်းခံခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် ဘီလျံ ၃၂,၀၀၀ ထိ တိုးမြှင့်လာခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနကလည်း စက်ပစ္စည်းအသုံးစရိတ် ၁,၂၂၃ ဘီလျံ အပါအဝင် ကာကွယ်ရေးအသုံးစရိတ် ကျပ် ၃,၃၇၀ ဘီလျံ (၃ ထရီလျံ) ကျော်ပေးရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တောင်းခံခဲ့သည်။

ယင်းမှာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် ၁၂၉ ဘီလျံကျော် ပိုမိုတိုးမြှင့် တောင်းခံခဲ့ခြင်းဖြစ်ပြီး လစာအသုံးစရိတ်၊ ဆောက်လုပ်ရေးအသုံးစရိတ်၊ စက်ပစ္စည်းအသုံးစရိတ်၊ ပို့ဆောင်ရေးအသုံးစရိတ် စသည့် ခေါင်းစဉ်ကွဲများဖြင့် တောင်းခံခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားသည့် ငွေကြေးများမှာ အဆင့်ဆင့်စိစစ်ပြီးနောက် မလွဲမသွေ သုံးစွဲရမည့် ငွေကြေးများဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးရန် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံရာတွင် သာမန်အသုံးစရိတ် ၁,၉၃၇ ဒသမ ၅၃၈ ဘီလျံ နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ၁,၄၃၃ ဒသမ ၂၄၀ ဘီလျံတို့ကို တောင်းခံခဲ့ခြင်းဖြစ်ပြီး ထိုအသုံးစရိတ်များတွင် လစာအသုံးစရိတ် ၈၈၄ ဒသမ ၀၄၉ ဘီလျံ၊ ဆောက်လုပ်ရေးအသုံးစရိတ် ၂၀၈ ဒသမ ၇၉၈ ဘီလျံ၊ စက်ပစ္စည်းအသုံးစရိတ် ၁,၂၂၃ ဒသမ ၇၇၈ ဘီလျံ တို့လည်း ပါဝင်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ရသုံးမှန်းခြေ ငွေစာရင်းတွင် ၂၀၁၇-၁၈ တွင် ၁,၉၀၅ ဒသမ ၁၉၅ ဘီလျံ၊ ၂၀၁၈-၁၉ တွင် ၃,၂၄၁ ဒသမ ၃၆၅ ဘီလျံ၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ၃,၃၇၀ ဒသမ ၇၉၈ ဘီလျံ တောင်းခံခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွက် ၁၂၉ ဘီလျံကျော် တိုးမြှင့်တောင်းခံခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနက ယခုဘဏ္ဍာရေးနှစ် အတွက် တောင်းခံသည့် အသုံးစရိတ်မှာ ပမာဏအားဖြင့် တက်လာသော်လည်း စုစုပေါင်း၏ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ယခင်နှစ်များထက် နည်းပါးသွားသည်ဟု ပြည်သူ့ငွေစာရင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဆိုသည်။

“ခါတိုင်းနှစ်တွေက စုစုပေါင်းအသုံးစရိတ်ရဲ့ ၁၃ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒီနှစ်ကတော့ စုစုပေါင်းအသုံးစရိတ်ရဲ့ ၁၀ ဒသမ ၄၇ ရာခိုင်နှုန်းပဲရှိတယ်” ဟု ၎င်းကပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများက တောင်းခံထားသည့် အသုံးစရိတ်ငွေများနှင့်ပတ်သက်ပြီး သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်တွင် ဩဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား တင်ပြသွားမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့က ဒါတွေကို သုံးသပ်ရဦးမယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သုံးသပ်ပြီး တင်ပြမှာက ဩဂုတ်လ ၂၁ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရမှာကို။ အဲဒီတော့မှ ကျွန်တော်တို့က သုံးသပ်ရမှာပေါ့” ဟု ၎င်းကပြောသည်။

ပညာရေးဝန်ကြီးဌာနက ၂,၇၁၁ ဘီလျံကျော် တင်ပြထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၁,၀၃၀ ဘီလျံကျော်ပေးရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button