မေးမြန်းခန်း

တော်လှန်ရေး နောက်တစ်ဆင့်ကို မကြာမီတွေ့ရမည် – NUG

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က စက်တင်ဘာ ၇ တွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု ဆိုထားသည်။

ယင်းနောက်တွင် နိုင်ငံအနှံ့၌ အာဏာသိမ်းစစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ အရှိန်ပိုမြင့်လာသလို စစ်တပ်ကလည်း အရပ်ဘက်ပစ်မှတ်များပါမချန် အပြင်းအထန်စစ်ဆင်နေသည်။

ဤအခြေအနေတွင် ဒေသအလိုက် တပြန့်တကျဲဖြစ်နေပြီး လက်နက်အင်အားနှင့် စစ်ပညာ အားနည်းချက်များရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) များနှင့် မည်သို့ချိတ်ဆက်ဆောင်ရွက်နေသည်၊ မည်သို့ကူညီပံ့ပိုးနေသည်၊ စစ်ရေးဆိုင်ရာ မဟာဗျူဟာနှင့် တော်လှန်ရေး၏ အလားအလာ မည်သို့ရှိသည်တို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

မေး – NUG က အရေးပေါ်အခြေအနေ ရုတ်တရက် ကြေညာရတဲ့အကြောင်းက ဘာများဖြစ်မလဲ။ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကရော ခုခံတွန်းလှန်စစ်အတွက် အသင့်ပဲလား။ မြေပြင်နဲ့ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ – ကျွန်တော်တို့ နိုင်ငံတော်ဟာ အမှန်တကယ်တမ်းတော့ မတရားသဖြင့် အာဏာသိမ်းခံလိုက်ရကတည်းက အရေးပေါ်အခြေအနေမှာ ရှိနေခဲ့ပြီးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ NUG ဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပေါ်ပေါက်လာတဲ့ တရားဝင်အစိုးရတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရတစ်ရပ်ဆိုတာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ဆိုတာ မဖြစ်မနေဆောင်ရွက်ပေးရမဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ ဒီ အသက်နဲ့ ဘဝတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် စက်တင်ဘာလ (၇) ရက်နေ့မှာ အရေးပေါ်အခြေအနေကြေညာလိုက်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နည်းလမ်းပေါင်းစုံပါဝင်တဲ့ ခုခံတော်လှန်စစ်ကို ဆင်နွှဲသွားဖို့ ဖြစ်ပါတယ်။

ခုခံတော်လှန်စစ်အတွက် ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနက အဆင်သင့်ဖြစ်မှုကို ဆိုရင်တော့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်လည်း ပြောထားတာ ရှိပါတယ်။ အတိုင်းအတာတစ်ခုအထိတော့ ပြင်ဆင်မှုရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ခုခံတော်လှန်စစ်ကို စတင်တာ ဖြစ်ပါတယ်။ ပြင်ဆင်မှုတွေကိုလည်း ဒီခုခံတော်လှန်စစ်တွေ စတင်တဲ့အချိန်မှာ ပိုမိုပြီး အားကောင်းသည်ထက် အားကောင်းအောင် ပြုလုပ်ထားဖို့လည်း စီစဉ်ထားပါတယ်။ မြေပြင်နဲ့ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေကလည်း အခက်အခဲတွေများစွာ ရှိနေပေမဲ့လည်း အတိုင်းအတာတစ်ခုအထိ အကောင်းဆုံးဆောင်ရွက်နေပါတယ်။ အားကောင်းသည်ထက် အားကောင်းအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ တိုးတက်မှုလည်း နေ့စဉ် တွေ့နေရပါတယ်။ 

မေး – NUG ဘက်က ခုခံတော်လှန်စစ်လို့ ပြောပေမဲ့ ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေကို စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်အဖြစ် ပုံဖော်နေပါတယ်။ နိုင်ငံတကာနဲ့ ပြည်သူတွေအထင်မှားသွားနိုင်တဲ့ အခြေအနေလည်းရှိတယ်ဆိုတော့ NUG က ခုခံတော်လှန်တဲ့ စစ်ပွဲဆိုတာကို ဘယ်လိုမျိုးပုံဖော်မှာလဲ။

ဖြေ – မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာ ဖက်ဒရယ်ဒီမိုက‌ရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့၊ အကြမ်းမဖက် ငြိမ်းချမ်းစွာလှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေ‌ကိုတောင်မှ အကြမ်းဖက်လုပ်ရပ်အဖြစ်နဲ့ ပုံဖော်ခဲ့တာပါ။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတစ်ရပ်လို့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အထင်အမြင်လွဲမှားအောင် စနစ်တကျလုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေ လုပ်ခဲ့တာကိုလည်း ဒီနေ့အချိန်မှာ ပြည်သူတစ်ရပ်လုံးနဲ့ နိုင်ငံတကာကလည်း သိရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ operation (စစ်ဆင်ရေး) တွေနဲ့ ပတ်သက်ပြီးတော့လည်း အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်အဖြစ် ပုံဖော်မယ်ဆိုတာကိုတော့ အသေအချာပဲလို့ တွက်ဆထားပြီး ဖြစ်ပါတယ်။ 

တကယ်တော့ ကျွန်တော်တို့ PDF ဆိုတာက စည်းကမ်းပြည့်ဝပြီးတော့ ပြည်သူကို ကာကွယ်ပေးနိုင်တဲ့ စစ်သားကောင်းများနှင့် ဖွဲ့စည်းထားတဲ့ တပ်မတော်တစ်ရပ်ဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ PDF များကို စတင်သင်ကြားပေးတဲ့ အခါမှာလည်း ကျွန်တော်တို့ MOD (ကာကွယ်ရေးဝန်ကြီးဌာန) က ထုတ်ပြန်ထားတဲ့ Code of Conduct (လိုက်နာရမဲ့ ကျင့်ဝတ်စည်းကမ်း) ကို လိုက်နာဖို့အပြင် နိုင်ငံတကာမှာရှိတဲ့ စစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လည်း သေချာသင်ကြားထားပြီးသား ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ကြံဖန်တီးပုံဖော်ခြင်းတွေကို အရင်ကတည်းက တွေ့ကြုံခဲ့ပြီးသား ဖြစ်တဲ့အတွက်ကြောင့်ရယ်၊ PDF ရဲ့ ရည်ရွယ်ချက်ကိုက အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ ဖြစ်ပြီး၊ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဖို့ မဟုတ်တာရယ်၊ ကောင်းမွန်တဲ့ စည်းကမ်းထိန်းသိမ်းမှုတွေ ဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက်ကြောင့်ရယ်တို့ကြောင့် PDF အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်လိမ့်မှာ မဟုတ်ဘူးဆိုတာကို ပြည်သူတွေနဲ့ နိုင်ငံတကာက နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

လွတ်မြောက်နယ်မြေ တစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် PDF များ။ ဓာတ်ပုံ – ပေးပို့ 

မေး – PDF ရဲဘော်တွေ၊ ဒေသအလိုက် ခုခံကာကွယ်နေသူတွေကိုရော ကာကွယ်ရေးဝန်ကြီးဌာနက ဘာတွေ ဆောင်ရွက်ပေးထားပါသလဲ။

ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ PDF ရဲဘော်တွေ၊ ဒေသအလိုက် ခုခံကာကွယ်သူတွေကို စစ်သင်တန်းပေးတာတွေ၊ စစ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို သင်ကြားပေးနေတာတွေ ပြုလုပ်ပေးနေပါတယ်။ နောက်ပြီးတော့ PDF ရဲဘော်တွေ၊ ဒေသအလိုက် ခုခံကာကွယ်သူတွေကိုလည်း ပြည်သူတွေကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများကို တပ်ဆင်ပေးနေတာတွေ ရှိနေပါတယ်။ စစ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Chain of Command (အဆင့်ဆင့်ကွပ်ကဲမှုစနစ်) ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နိုင်အောင် ဆောင်ရွက်နေတာတွေ ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် PDF ရဲဘော်တွေရော ဒေသအလိုက် ခုခံကာကွယ်သူတွေရောရဲ့ အင်အားက အများအပြားရှိနေတဲ့အတွက် အချိန်တိုအတွင်းမှာ ဆောင်ရွက်ရတဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အခက်အခဲများစွာ ရှိနေပါတယ်။ ဒါပေမဲ့ အခက်အခဲများစွာထဲကနေပဲ တိုးတက်မှုတွေ များစွာရှိအောင် ဆောင်ရွက်နေပါတယ်။ နောင်အနာဂတ်မှာလည်း အခုထက်ပိုပြီး မြန်ဆန်တဲ့ တိုးတက်မှုတွေရှိအောင် ကြိုးစားပြီးတော့ ‌ဆောင်ရွက်နေပါတယ်။

မေး – အခုဆိုရင် မြို့တွေ၊ ရွာတွေမှာ အခြေပြုတဲ့ ပစ်ခတ်မှုတွေ၊ တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေသလို စစ်ကောင်စီဘက်ကလည်း ရွာမီးရှို့၊ ဖျက်ဆီးတဲ့အထိကို အင်အားသုံးဖြေရှင်းနေတာ တွေ့ပါတယ်။ NUG ရဲ့ ခုခံတော်လှန်စစ်ပွဲ အစီအမံမှာ ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် ဘယ်လို စဉ်းစားလုပ်ဆောင်နေပါသလဲ။

ဖြေ – အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေမှာ မီးရှို့တာ၊ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ သတ်ဖြတ်တာမျိုးတွေကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်‌ရေးအဖွဲ့အစည်းတွေရဲ့ နယ်မြေမှာ လုပ်ဆောင်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြောက်အမြားလုပ်ဆောင်လာတာကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုက ပြည်သူတွေကို အကြမ်းဖက်အနိုင်ကျင့်တဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်လက်ပြီး ရှိမနေစေဖို့ ဖြစ်ပါတယ်။ တိုက်ပွဲဝင်ကာလအတွင်းမှာလည်း ပြည်သူတွေရဲ့ ဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာနဲ့ ပတ်သက်တဲ့ လိုက်နာရမဲ့ အချက်တွေကို NUG အစိုးရအနေနဲ့ အသိပေးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အရေးပေါ်အခြေအနေကြုံတွေ့ခဲ့ရင်လည်း အမြန်ဆုံးတုံ့ပြန်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်လျက် ရှိပါတယ်။

စတင်တည်ထောင်တာ လအနည်းငယ်သာ ရှိသေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဒေသအလိုက် ခုခံကာကွယ်သူများဟာ ပြည်သူတွေရဲ့ ဘဏ္ဍာငွေကို တရားဝင်တဲ့ နည်းနဲ့ရော တရားမဝင်တဲ့ နည်းနဲ့ရော နှစ်စဉ် မြောက်မြားစွာသုံးစွဲပြီး ရာစုနှစ်တစ်ဝက်ကျော် တည်ဆောက်ထားပြီးဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ရင်ဆိုင်ရတာဖြစ်တဲ့အတွက် လက်နက်ချင်းယှဉ်တဲ့အခါမှာ ပြည်သူကို အလုံးစုံကာကွယ်ပေးနိုင်မှု ဆောင်ရွက်မပေးနိုင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး များစွာစိတ်မကောင်းဖြစ်ရပါတယ်။ အခုထက်ပိုမိုပြီး ပြည်သူကို ကာကွယ်မှုတွေပြုလုပ်ပေးနိုင်ဖို့ တာဝန်ရှိတယ်လို့လည်း ခံစားရပါတယ်။ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို  NUG အစိုးရအနေနဲ့  မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတကာဥပဒေတွေနဲ့အညီ အရေးယူနိုင်အောင် ကြိုးစားလုပ်ဆောင်လျက် ရှိပါတယ်။ အချုပ်အားဖြင့် ပြောရရင် ကျွန်တော်တို့ရဲ့ ခုခံတော်လှန်စစ်ဟာ ပြည်သူတွေရဲ့ အနာဂတ်အတွက် ဆင်နွှဲရခြင်းဖြစ်တာကြောင့် တော်လှန်ရေးအတွက် စဉ်းစားမှုတိုင်းမှာ ပြည်သူဆိုတာ အမြဲ ထိပ်ဆုံးကနေ ပါပါတယ်။ ဒါကြောင့်မို့ ပြည်သူတစ်ဦးချင်းစီကို အကြမ်းဖက်စစ်အုပ်စုရဲ့ အန္တရာယ်က ကာကွယ်ပေးနိုင်အောင် ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ 

မေး – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးနေတာ ဘယ်အခြေအနေရောက်နေပြီလဲ။ စစ်အာဏာရှင်အမြစ်ဖြုတ်ရေးမှာ NUG နဲ့ အတူတကွပူးပေါင်းပြီး တိုက်ပွဲဆင်နွှဲနိုင်မယ်လို့ မျှော်လင့်နိုင်ပါပြီလား။

ဖြေ – တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းဖို့အတွက် ယုံကြည်ချက် စွဲမြဲစွာနဲ့ တိုက်ပွဲဝင်လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီး ဖြစ်ပါတယ်။ NUG ရဲ့ ရည်ရွယ်ချက်ကလည်း ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံ တည်ထောင်နိုင်ဖို့ ဖြစ်ပါတယ်။ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ တူညီတဲ့ ဘုံရည်မှန်းချက်တွေ ရှိပြီးဖြစ်တဲ့အတွက်ကြောင့်မို့ အတူတကွပူးပေါင်းပြီး တိုက်ပွဲ ဆင်နွှဲနိုင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ အမြဲရှိနေသလို၊ ဆွေးနွေးမှုတိုင်းကလည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဗဟိုပြုတဲ့ စဉ်းစားမှုတွေနဲ့ ဖြစ်တာကြောင့် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိနေပါတယ်။

PDF စစ်သင်တန်းဆင်းပွဲတစ်ခု။ ဓာတ်ပုံ – ပေးပို့

မေး – လက်နက်အင်အားရော၊ အတွေ့အကြုံရော သာတဲ့ အခြေအနေရှိနေတဲ့ စစ်တပ်ကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားလဲ။

ဖြေ – လက်နက်အင်အားနဲ့ အတွေ့အကြုံက စစ်ပွဲတစ်ပွဲမှာ အ‌ရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စစ်ပွဲတစ်ပွဲအောင်မြင်ဖို့အတွက် အရေးအကြီးဆုံးအချက်ကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ စိတ်ဓာတ်အင်အားဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုမှာဆိုရင် ကျွန်တော်တို့ PDF တွေဟာ အကြမ်းဖက်စစ်ကောင်စီထက် များစွာသာလွန်နေတာကို ငြင်းမရအောင် တွေ့ရမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်အင်အားချင်း ယှဉ်မယ်ဆိုရင်လည်း နိုင်ငံ့အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ PDF တွေဟာ လူတစ်စုရဲ့ ပုဂ္ဂလကောင်းစားရေးအတွက် အသုံးချခံဖြစ်နေတဲ့ စစ်အုပ်စုထက် များစွာသာလွန်နေပါတယ်။ ဒါ့အပြင် PDF များရဲ့ တိုက်ခိုက်နိုင်စွမ်းဟာလည်း လျင်မြန်စွာနဲ့ တိုးတက်လျက် ရှိပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ အားသာချက်တွေကို အကောင်းဆုံးအသုံးပြုနိုင်မဲ့ မဟာဗျူဟာတစ်ရပ်နဲ့လည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်။ 

မေး – ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တော်လှန်ရေးရဲ့ နောက်တစ်ဆင့်လာမယ်လို့ ဒီရက်ထဲမှာပဲ ပြောထားတာ တွေ့ပါတယ်။ ဘာကိုဆိုလိုချင်တာပါလဲ။ ဘာများပြောပြနိုင်မလဲ။

ဖြေ – တော်လှန်ရေးဟာ စတင်ပေါက်ဖွားခဲ့တဲ့ အချိန်ကနေစပြီး တစ်ဆင့်ပြီးတစ်ဆင့် လျင်မြန်စွာနဲ့ တိုးတက်ပြောင်းလဲလာနေတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့ တော်လှန်ရေးရဲ့ နောက်တစဆင့်လာမယ်ဆိုတာကလည်း မလွဲမသွေဖြစ်လာမဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ နောက်တစ်ဆင့် မည်သို့မည်ပုံ ပြောင်းလဲလာမယ်ဆိုတာကတော့ မကြာခင်မှာ ပြည်သူတွေ သိမြင်လာရပါလိမ့်မယ်။

မေး – ဒီတော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာသတင်းစကားများ ပါးချင်တာ ရှိလဲ။ ပြည်သူတွေက ဘာများပြင်ဆင်ထားရမလဲ။

ဖြေ – ဒီတိုက်ပွဲဟာ ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်မယ်ဆိုတာကတော့ မုချမလွဲပါပဲ။ ဒါပေမဲ့ လွယ်လင့်တကူရမဲ့ အောင်ပွဲဆိုပြီး ကျွန်တော်တို့ မျှော်လင့်ချက်အမှား မပေးချင်ပါဘူး။ ဒီမျှော်လင့်ချက်အမှားတွေမှာ သာယာနေလို့လည်း မဖြစ်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ မဆုတ်မနစ်တဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ပါမှ အောင်မြင်မှုဆီကို ရောက်မှာ ဖြစ်ပါတယ်။ ရောင်နီလာခါနီးအချိန်ဟာ အမှောင်ဆုံးအချိန်ဖြစ်ပါတယ်။ အောင်ပွဲနဲ့ အနီးဆုံး ကာလကလည်း အခက်အခဲဆုံးကာလဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် မြဲမြံခိုင်မာတဲ့ စိတ်ဓာတ်တွေကို ကြိုတင်ပြီး ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူကြားမှာ အထင်အမြင်လွဲမှားအောင် သွေးခွဲတာတွေကို အကြမ်းဖက်စစ်အုပ်စုက ပိုမိုလုပ်ဆောင်လာနိုင်တာ မလွဲမသွေဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ကြုံတွေ့လာရင် ဘယ်သူကသာ အကြမ်းဖက်အစစ်ဖြစ်တယ်၊ ဘယ်သူတွေက ပြည်သူတွေဘက်က ရပ်တည်နေတယ်ဆိုတာကို ပြန်လည်တွေးဆပြီးတော့ ပြည်သူ့ဘက်က ရပ်တည်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို ယုံကြည်စွာနဲ့ ဆက်လက်ကူညီ‌ပေးဖို့ တိုက်တွန်းလိုပါတယ်။

နောက်တစ်ချက်ကတော့ ပြည်သူတွေကို ကာကွယ်ချင်တဲ့ စိတ်အပြည့်ရှိတဲ့ ပြည်သူ့စစ်သားတွေ၊ ပြည်သူ့ရဲတွေလည်း အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ရှိနေသေးတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ပြည်သူ့ဘဝစည်းစိမ်တွေကို လုံခြုံအောင် လုပ်ပေးဖို့ အဆိုပါ ယန္တရားတွေကို ဝင်ရောက်ခဲ့ကြပေမဲ့ အခုအချိန်မှာ အဲ့ဒီယန္တရားတွေကပဲ ပြည်သူတွေကို ထိခိုက်နစ်နာအောင် လုပ်နေတယ်ဆိုတာကို သိမြင်နေကြပြီလို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒီလိုမျိုး ပြည်သူ့ရဲကောင်း၊ ပြည်သူ့စစ်သားကောင်း စိတ်ဓာတ်အပြည့်ရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် အခုအချိန်ဟာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာဖို့ အကောင်းဆုံးအချိန်လို့ ပြောချင်ပါတယ်။ ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ အချိန်နောက်ကျတာနှင့်အမျှ ပြည်သူတွေရင်ဆိုင်ရတဲ့ ဒုက္ခတွေရဲ့ ကာလက ပိုကြာရှည်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူရဲ့ အသက်နဲ့ ဘဝတွေအတွက် ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံပေးကြဖို့ လိုအပ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ပြောရရင် တော်လှန်ရေးကြီးအောင်မြင်ဖို့ဆိုတာ ပြည်သူတွေအားလုံးထောက်ပံ့မှု၊ ကူညီမှု မပါဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တော်လှန်ရေးအတွက် ပြည်တွင်းမှာ ရှိတဲ့ ပြည်သူတွေကရော၊ ပြည်ပမှာ ရှိတဲ့ ပြည်သူတွေပါ ငွေကြေးအား၊ လူအား၊ စိတ်ဓာတ်အင်အား စတဲ့ ပါဝင်လို့ရတဲ့ နည်းလမ်းမျိုးစုံနဲ့ ဘယ်လိုပဲ ပါဝင်လို့ရရ ပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူအားလုံးရဲ့ ပါဝင်မှုဟာ ကျွန်တော်တို့တော်လှန်ရေးအတွက် အဓိကအကျဆုံးအချက်ဖြစ်ပါတယ်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button