အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လစ်လပ်တနင်္သာရီဝန်ကြီးချုပ်နေရာ တစ်ပတ်အတွင်း ခန့်အပ်နိုင်ခြေရှိဟု ပြော

ရန်ကုန် – တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အဂတိတိုက်ဖျက်ရေးစွဲချက်များဖြင့် ယမန်နေ့က ကော့သောင်းမြို့တွင် ရဲက ဖမ်းဆီးခဲ့ပြီးနောက် လစ်လပ်နေသည့် ဝန်ကြီးချုပ်နေရာကို တစ်ပတ်အတွင်း တင်မြှောက်သွားဖွယ်ရှိသည်ဟု တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက Myanmar Now ကို ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ထွေးက နိုင်ငံတော်သမ္မတအနေဖြင့် လက်ရှိဝန်ကြီးချုပ်ကို တာဝန်ကရပ်စဲလိုက်သည့် ကြေညာချက် မထုတ်ပြန်သေးဟု ပြောသည်။

“ဘယ်သူဖြစ်နိုင်သလဲဆိုတော့ လက်ရှိဝန်ကြီးတွေထဲကပဲ ဆက်တာဝန်ပေးမလား။ ဒါမှမဟုတ်ရင် လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲ တာဝန်ပေးမလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဖြစ်နိုင်သည်ဟု သတင်းထွက်ပေါ်နေသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၎င်းပြင် မြိတ်မဲဆန္ဒနယ် တိုင်းအမတ်ဒေါ်ရီရီချို၊ တနင်္သာရီတိုင်းအစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်တို့လည်း ဝန်ကြီးချုပ် ဖြစ်နိုင်သည်ဟု လွှတ်တော်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၁(ခ) အရ နိုင်ငံတော်သမ္မတက သက်ဆိုင်ရာတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ တစ်ဦးဦးကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းရမည်ဖြစ်ပြီး လွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးဦးကို ဝန်ကြီးချုပ်အဖြစ် သမ္မတက အမည်စာရင်းတင်သွင်းနိုင်သည်ဟု တနင်္သာရီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက သုံးသပ်သည်။ အစိုးရသက်တမ်းမှာ နှစ်နှစ်နီးပါးသာ ကျန်ရှိတော့သည်ဖြစ်၍ တိုင်းလွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ်အဖြစ် သီးခြားရွေးချယ်မည် မဟုတ်ဟု ဆက်ပြောသည်။

လစ်လပ်နေသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာတွင် တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးကျော်ဇေယျက ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။

ဒေါ်လဲ့လဲ့မော်အပါအဝင် Global Grand Services(GGS) ကုမ္ပဏီမှ အဆင့်မြင့်အရာရှိ သုံးဦးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၅ဖြင့် မတ်လ၁၀ရက် ယမန်နေ့တွင် ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၏ အဂတိလိုက်စားမှုတိုင်ကြားစာများ ရရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ပြီးခဲ့သည့်လ ၄ရက်မှ ယခုလ ၆ရက်နေ့ထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles