တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးချိန်ထိ မစောင့်ဘဲ ပြည်သူများအကျိုးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်သင့်ကြောင်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့က လက်နက်ကိုင်အဖွဲ့အားလုံးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်တွန်းလိုက်သည်။
တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်း အစပြုမည်ဟု မကြာသေးခင်က တရားဝင်ပြောကြားမှုရှိသော်လည်း အားရဖွယ်မရှိသေးကြောင်း ထိုအဖွဲ့မှ ဥက္ကဋ္ဌ ဦးသန့်စင်က ပြောသည်။
“အခုလောလောဆယ်တော့ မိုင်းက ဘယ်သူမှ ရှင်းခွင့်မရသေးဘူး။ တပ်ကလည်း လူထုအတွက် ရှင်းတာ မဟုတ်သေးဘူး၊ သူ့တပ်အတွက် သူ့အစီအစဉ်နဲ့ ရှင်းတာ။ စီမံကိန်းတွေလုပ်ပြီး ရှင်းတာတော့ မရှိသေးပါဘူး” ဟု ဦးသန့်စင်က ဆိုသည်။
သို့သော်လည်း မြေမြှုပ်မိုင်းအခြေအနေနှင့် ပတ်သက်ပြီး အကောင်းမြင်သည်ဟု သူက ဆိုသည်။
“မိုင်းရှင်းလင်းရေးအဆင့်ထိတော့ ရောက်လာမှာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပူးပေါင်းကြမှာပါ” ဟု ဦးသန့်စင်က ပြောသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မိမိတို့၏လုံခြုံရေး၊ စစ်ရေးအတွက်သာ ဦးစားပေးပြီး မြေမြှုပ်မိုင်းမျိုးစုံကို အသုံးပြုနေကြခြင်းမှာ အရပ်သားပြည်သူများအတွက် လွန်စွာ အန္တရာယ်ကြီးကြောင်း ဦးသန့်စင်က ဆက်ပြောသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ပြောရေးဆိုခွင့်ရှိသူ စောဝေလေးက မိုင်းကွင်းအဟောင်းများ ရှင်းလင်းခြင်း မရှိနိုင်သေးသည့် ဖာပွန်မြို့နယ်တွင် မိုင်းကွင်းအသစ်များ ရှိနေပြီး အရပ်သားအများဆုံး ထိခိုက်မိသည့် နေရာတစ်ခု ဖြစ်လာကြောင်း ပြောသည်။
မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်လုပ်ဆောင်မည်ဆိုပါက ဒေသခံလူထုနှင့် တိုင်ပင်ဆွေးနွေး၊ အကြံပြုချက်ရယူ လုပ်ဆောင်ပါက ပိုမိုထိရောက်မည်ဟု စောဝေလေးက ပြောသည်။
မြေမြှုပ်မိုင်းထိခိုက်မိသူသည် ခြေပြတ်ခြင်း၊ လက်ပြတ်ခြင်းကဲ့သို့သော ဒဏ်ရာအကြီးအကျယ် ရသွားခြင်းမျိုးနှင့် ရင်ဆိုင်ရသောကြောင့် စိတ်ဓာတ်ကျကာ မိမိကိုယ်ကိုယ် သတ်သေခြင်းဖြင့် ဘဝကို အဆုံးသတ်သွားသူ အများအပြား ရှိနေသည်ဟု စောဝေလေးက ပြောသည်။
ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်၊ ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) တို့က မိုင်းတည်ရှိသည့် နေရာတွင် သတိပေး အမှတ်အသား ပြုလုပ်မှု ရှိကြောင်း၊ တချို့နေရာများတွင် ထိခိုက် ဒဏ်ရာရပြီးမှ အမှတ်အသား လာရောက်ပြုလုပ်မှု ရှိကြောင်း သူက ဆက်ပြောသည်။
တပ်မတော်၏ အသံ
လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်ဝန်းကျင်မှစ၍ ပြည်တွင်းတိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် အစိုးရများမှာ တပ်မတော်ကျောထောက်နောက်ခံပြု အစိုးရများဖြစ်ပြီး နိုင်ငံတကာမြေမြှုပ်မိုင်းတားဆီးရေးသဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးခြင်း မရှိခဲ့ပေ။
စက်တင်ဘာ ၁၂ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ကရင်ပြည်နယ်အတွင်း သူမွဲထ မြစ်ဆုံ၊ ဖာပွန်-ခေါပုတ်-နတ်တောင်-ဒါးကွင်း ဒေသများတွင် လူသားချင်းစာနာမှု မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဒေသခံလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တပ်မတော်က ကရင်ပြည်နယ်ကို မိုင်းရှင်းလင်းရေး စတင်လုပ်ကိုင်သည့်နေရာအဖြစ် သတ်မှတ်လိုသည်ဟု စက်တင်ဘာလလယ်ပိုင်းက ရန်ကုန်တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ကမ်းလှမ်းကြောင်း စက်တင်ဘာ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ထိုကမ်းလှမ်းချက်ကို အခြားလက်နက်ကိုင်အဖွဲ့များကလည်း သဘောတူသည်ဟု တပ်မတော်အရာရှိကြီးတစ်ဦးက ဆိုသည်။
“ရှေ့ပြေးလုပ်ဆောင်မယ့် ဧရိယာတစ်ခု သတ်မှတ် အတည်ပြုပြီးပြီဆိုရင်တော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပြီး ရှင်းလင်းသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကရင်ပြည်နယ်အတွင်း စက်တင်ဘာ ၁၁ ရက်နေ့မှစ၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ မိုင်းမျိုးစုံ ၆ဝ၉ လုံးကို အချိန်မီ ရှင်းလင်းဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်းတို့ထဲမှ ထက်ဝက်ခန့်မှာ အသက်သွင်းရန် အသင့်ဖြစ်နေသည့် မိုင်းများ ဖြစ်ကြောင်း တပ်မတော်က ထုတ်ဝေသည့် မြဝတီသတင်းစာတွင် စက်တင်ဘာ ၂၃ ရက်နေ့က ရေးသားထားသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာတွင် မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် ပတ်သက်ပြီး အသေးစိတ်ပြောဆိုရန် အခြေအနေမပေးသေးကြောင်း ပြောသည်။
“ဒီလို မိုင်းကိစ္စမျိုးဆိုရင် ကျွန်တော်တို့က ကာကွယ်ရေးဝန်ကြီးရုံးအနေနဲ့ စာရွက်စာတမ်းကိစ္စမျိုးကိုသာ ဖြေကြားခွင့်ရှိတာဖြစ်ပြီး တပ်မတော်ဘက်မှ တာဝန်ရှိသူများကို မေးမြန်းမှ အဆင်ပြေနိုင်မှာပါ” ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦးဖြစ်သော ဦးသက်ခိုင်ဦးက ပြောသည်။
အရပ်သားများ ဒဏ်ရာရ သေဆုံးခြင်း
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှ အမည်အဖော်လိုသူ ဒေသခံတစ်ဦးက ၎င်းတို့၏ ဒေသတွင် မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်စေလိုသည်ဟု ပြောသည်။
“မိုင်းရှိတဲ့နေရာတွေကို ပြည်သူတွေသိအောင် အမှတ်အသားလုပ်တာလောက်ပဲ တွေ့တယ်။ ဒီထက်ရှင်းလင်းနိုင်မယ်ဆိုရင်တော့ တကယ်ကောင်းပါတယ်။ လုံခြုံမှုလည်း ရှိသွားမယ်။ စီးပွားရေးလုပ်ငန်းတွေလည်း ပိုပြီးတော့ ကောင်းသွားမယ်” ဟု သူက ဆက်ပြောသည်။
မကြာသေးခင်ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သော မြိုင်ကြီးငူ-မဲသဝေါနယ်မြေတွင် မိုင်းထောင်ထားသည့် နယ်မြေ အများအပြားရှိနေပြီး စစ်ရှောင်ဒေသခံများက နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ခြင်း မရှိသေးပေ။
ကရင်ပြည်နယ်၏ နယ်မြေ ၃၈ ရာခိုင်နှုန်းသည် မြေမြှုပ်မိုင်းဧရိယာဖြစ်နေကြောင်း၊ ယခုအချိန်တွင် မိုင်းနယ်မြေ ၂ဝ ရာခိုင်နှုန်းအထိ လျော့ကျသွားသည်ဟု ခန့်မှန်းသိရှိရကြောင်း၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပူးပေါင်းကာ နိုင်ငံတကာစံနှုန်းအတိုင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ကိုင်စေလိုကြောင်း ဦးသန့်စင်က မှတ်ချက်ပြုသည်။
မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိပါက ဖွံ့ဖြိုးတက်နိုင်မည် မဟုတ်ဘဲ ဒေသခံတို့လည်း မိုင်းကို ကြောက်ရွံ့ခြင်းကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း၊ မိုင်းနင်းမိခြင်းကြောင့် တစ်နှစ်တွင် လူဦးရေ သုံးရာမှ လေးရာအထိ သေဆုံးနေကြောင်း ဦးသန့်စင်က ပြောသည်။
အရပ်သားများ မိုင်းအန္တရာယ်ကျရောက်လာပါက သက်ဆိုင်ရာမိသားစုတွင် ဝန်ထုပ်ဝန်ပိုးများစွာ ရင်ဆိုင်ရပြီး ဝင်ငွေလျော့ကျကာ စီးပွားရေးမပြေလည်မှုများ ကြုံတွေ့လာရကြောင်း ဦးသန့်စင်က ဆက်ပြောသည်။
(နန့်သွာဖောင်သည် KIC သတင်းဌာနမှ ဖြစ်ပြီး ရန်ကုန်မြို့ Myanmar Now သတင်းအေဂျင်စီရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်။)



