အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ် မြှုပ်နှံမှုများမှာ ရိုဟင်ဂျာ အကြမ်းဖက်သမားတို့၏ လက်ချက်ဖြစ်သည်ဟု ကိုယ်တွေ့ကြုံခဲ့ရသော အမျိုးသမီးများက ပြောဆိုကြောင်း Reuters သတင်းဌာနက စက်တင်ဘာ ၂၈ ရက်နေ့တွင် ရေးသားလိုက်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသော ထိုအမျိုးသမီးတို့ကို သြဂုတ်လကုန်ပိုင်းက မေးမြန်းရာ ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ဗုဒ္ဓဘာသာရခိုင်များက သတ်သွားကြောင်း ဖြေဆိုခဲ့သည်။

သို့ရာတွင် ထိုကဲ့သို့ပြောဆိုသော အမျိုးသမီးထဲမှ ၃ ဦးကို လွန်ခဲ့သော ရက်ပိုင်းအတွင်း ထပ်မံမေးမြန်းရာ ရရှိသည့် အဖြေများက ဆန့်ကျင်ဘက် ဖြစ်နေသည်။

သူတို့ကို ဘင်္ဂလားဒေ့ရှ်သို့ ခေါ်ဆောင်လာသူတို့က ခြိမ်းခြောက်ပြောဆိုထားကြောင်း၊ ဟိန္ဒူများ သေဆုံးမှုနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က မေးမြန်းလာလျှင် ဗုဒ္ဓဘာသာများက သတ်သည်ဟု ဖြေရမည်ဟု မှာကြားထားကြောင်း ၎င်းတို့က ပြောပြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သူတို့ ၃ ဦးအား သီးခြားစီ မေးမြန်းရာတွင် ပြောဆိုချက်များ အလွန် တူညီနေသည်ကို တွေ့ရှိရသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် မျက်နှာဖုံးစွပ်အမျိုးသားများက သူတို့ ၃ ဦးနှင့် အခြားဟိန္ဒူဘာသာဝင် ၁ဝဝ ခန့်ကို ခေါ်ဆောင်သွားကြောင်း၊ ထိုနေရာမှ ယခု ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ ဖြစ်ကြောင်း ပြောပြကြသည်။

မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက် တူးဖော်ရရှိသည့် ရုပ်အလောင်းများကို စက်တင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – ဖြိုးသီဟချို / Myanmar Now)

ထိုမျက်နှာဖုံးစွပ်လူများထဲမှ တချို့မှာ ရိုဟင်ဂျာမွတ်စလင်များဖြစ်သည်ဟု နောက်ပိုင်းတွင် သိရှိခဲ့ကြောင်း၊ မောင်တောတွင် ဟိန္ဒူနှင့် မွတ်စလင်များပါသုံးကြသည့် ဒေသန္တရဘာသာစကားအပြင်၊ သူတို့နားမလည်သော ဘာသာစကားများကို ပြောဆိုနေသည်ကိုလည်း ကြားခဲ့ရကြောင်း ထိုအမျိုးသမီး ၃ ဦးတို့က ဆိုသည်။

“ခေါ်လာတဲ့တစ်ယောက်ချင်းစီကို လက်နောက်ပြန် ကြိုးတုပ်တယ်၊ ခြေထောက်တွေကိုလည်း ကြိုးတုပ်တယ်။ ပြီးတော့ ကြိုးတုပ်ခံရတဲ့သူအားလုံးကို လည်လှီးပြီး၊ ကျင်းထဲမြှုပ်ပစ်တယ်” ဟု ၎င်းတို့ထဲမှ အသက် ၂၂ အရွယ် ဗီနာဗလက ပြောသည်။

၎င်းတို့အပါအဝင် ခေါ်ဆောင်ခံရသည့် အမျိုးသမီးများကို အစ္စလာမ်ဘာသာကူးပြောင်းမည်ဟု ကတိပြုစေပြီးနောက် အသက်ချမ်းသာပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ARSA အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် သေဆုံးသွားသူတို့၏ ရုပ်အလောင်း စုစုပေါင်း ၄၅ ခု တူးဖော် တွေ့ရှိထားပြီး ကျန်ရုပ်အလောင်းများကို ဆက်လက် ရှာဖွေနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၂၅ ညနေပိုင်းတွင် ပြောသည်။

မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက် တူးဖော်ရရှိသည့် ရုပ်အလောင်းများကို စက်တင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – ဖြိုးသီဟချို / Myanmar Now)

ဟိန္ဒူတို့သည် ရခိုင်ပြည်နယ်တွင် အလွန်သေးငယ်သော လူနည်းစုသာဖြစ်ပြီး ယခုကဲ့သို့ ဖြစ်ပေါ်လာသော အရေးအခင်းတွင် အဘယ်ကြောင့် ရက်ရက်စက်စက် အသတ်ခံရခြင်း ဖြစ်ကြောင်း ရှင်းလင်းမှုမရှိပေ။

လူပေါင်းစုံ၊ အဖွဲ့ပေါင်းစုံက ယခုအကြောင်းအရာနှင့်ပတ်သက်၍ အဖြေအမျိုးမျိုးပေးနေသည်။ သြဂုတ်လကုန်ပိုင်း ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ကမူ မောင်တောရှိ ဟိန္ဒူများကို ၎င်းတို့မသတ်ကြောင်း ငြင်းဆိုထားသည်။

မောင်တောရှိဒေသခံရွာသားတချို့၏ ပြောပြချက်အရ ဟိန္ဒူများသည် အစိုးရဘက်ပါပြီး၊ အစိုးရသူလျှိုအဖြစ် လုပ်ကိုင်နေကြောင်း ARSA အဖွဲ့က သင်္ကာမကင်းဖြစ်နေခဲ့သည်ဟု ဆိုသည်။

ကိုးကား – Reuters

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles