ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းရှိ စစ်ခန်းများကို အာရက္ခတပ်တော် (AA) က ၃ လ ကြာ ဆက်လက် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းအားပြုပြီး အပြင်းအထန် ပြန်လည်ခုခံနေသည် သိရသည်။
သြဂုတ်လ ၄ ရက်နေ့တွင် မြို့နှင့် တစ်မိုင်အကွာ မောင်နီရွာရှိ စခန်းကို စီးနင်းသိမ်းပိုက်ပြီးနောက် AA က ယမန်နေ့ (သြဂုတ် ၇) တွင် မြို့ပေါ်သို့ ထိုးဖောက် တိုက်ခိုက်နေခြင်းဖြစ်သည်။
မောင်တောမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ၊ ယင်းတို့စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာများ၊ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ ပူးပေါင်းခုခံနေသည်ဟု ဒေသခံနှစ်ဦးက ပြောသည်။
လက်ရှိတွင် မြို့နှင့် နှစ်ဖာလုံခန့်အကွာရှိ စစ်ကောင်စီတပ်နှင့် မဟာမိတ်များ အထိုင်ချထားသည့် ဖေဇီရွာနှင့် မြို့သူကြီးရပ်ကွက်ရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) တို့တွင် တိုက်ပွဲပြင်းထန်နေသည်ဟု မြို့ခံ ရခိုင်အမျိုးသားတစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။
“ဖေဇီရွာမှာက စစ်ကောင်စီတပ် စခန်းမရှိဘူး၊ မောင်နီရွာက ဆုတ်လာပြီး နေရာချထားတာ၊ မနေ့ကတော့ မောင်နီရွာရယ်၊ (မောင်တောမြို့တွင်း) ရပ်ကွက် ၅ ရယ်၊ နခခ ၅ အနီးတစ်ဝိုက်ရယ် အဲဒီ ၃ နေရာကို ဗုံးကြဲခဲ့တယ်” ဟု သူက ပြောသည်။
ဖေဇီနှင့် အာလီရွာတို့တွင် ယခုလ ပထမပတ်အတွင်း တိုက်ပွဲဖြစ်နေရာ ထောင်နှင့်ချီသည့် ရိုဟင်ဂျာများ မောင်တောမြို့ပေါ်သို့ တိမ်းရှောင်ကြရသည်ဟု သြဂုတ် ၅ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ စစ်ဘေးရှောင်လာသည့် ရိုဟင်ဂျာတစ်ဦးက ပြောသည်။
“ဖေစီရွာမှာ စစ်ကောင်စီက နေရာယူထားတယ်၊ သူတို့ ကျွန်တော်တို့ ရိုဟင်ဂျာအိမ်နှစ်အိမ်မှာ နေရာယူထားတယ်။ အဲဒီဟာတွေကို AA က ဒရုန်းနဲ့တိုက်တာလည်း ရှိတယ်။ လက်နက်ကြီးသံလည်း ကြားရတယ်” ဟု ၎င်းက ပြောသည်။
မောင်တောမြို့တွင်း တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ ထောင်နှင့်ချီသည် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ရန် နတ်မြစ်ကို ဖြတ်ကူးနေကြသည့် ရုပ်သံမှတ်တမ်းများ ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်လာခဲ့သေးသည်။
ကလေးငယ်များ၊ မြစ်ကမ်းဘေး ရုပ်အလောင်းများကိုလည်း ရုပ်သံတွင် တွေ့ရသည်။
သြဂုတ် ၅ မွန်းလွဲပိုင်းက ပေါ်ပေါက်ခဲ့သည့် ထိုဖြစ်စဉ်တွင် လက်နက်ကြီးဒဏ်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် စုစုပေါင်း ၂၀၀ ခန့် သေဆုံးနိုင်သည်ဟုလည်း ဘင်္ဂလားဒေ့ရှ်သို့ စစ်ရှောင်နေသည့် ဖေစီရွာဒေသခံ ရိုဟင်ဂျာအမျိုးသားက ပြောသည်။
“ကျွန်တော်တို့နေတဲ့ ရပ်ကွက်တွေမှာ အဲလိုလက်နက်ကြီးတွေ ပေါက်ကွဲနေတော့ လုံခြုံတဲ့နေရာမှာ စုပြီးတော့ နေနေကြတယ်။ လုံးဝမနေနိုင်တဲ့အဆုံးမှာ နတ်မြစ်ရဲ့ကမ်းခြေဘက်မှာ စုနေကြတာပေါ့၊ အဲဒီအချိန်မှာ လက်နက်ကြီးနဲ့ ဒရုန်းကျတယ်၊ သေသွားတဲ့ဟာမှာ မိသားစုလိုက် သေသွားတာများတယ်”
မည်သည့်အဖွဲ့၏ လက်ချက်ကြောင့် သေဆုံးသည်ဟု ပြောဆိုရန်မှာ တိုက်ပွဲဖြစ်ပွားနေ၍ မခန့်မှန်းနိုင်သေးဟုလည်း သူက ဆိုသည်။
“လက်နက်ကြီး၊ ပြီးတော့ ဒရုန်းတွေနဲ့ တိုက်ခိုက်တယ်၊ ဘယ်အဖွဲ့က တိုက်ခိုက်လဲဆိုတာတော့ ကျွန်တော်တို့ မျက်မြင်မတွေ့ဘူး” ဟု ၎င်းက ပြောသည်။
ရိုဟင်ဂျာ အများအပြားသေဆုံးသည့် ကမ်းခြေနှင့် မလှမ်းမကမ်းရှိ ရွှေဇား၊ ပန်းတောပြင်ရွာတို့တွင် AA တပ်ဖွဲ့ဝင်များ တပ်စွဲထားသည်ဟုလည်း သူက ဆိုသည်။
“ဒရုန်းကတော့ ဘယ်ကနေ ပစ်တာလဲ မပြောတတ်ဘူး၊ ဗုံးသီးတွေချတာပဲ မြင်လိုက်ရတာပေါ့၊ ဘယ်အဖွဲ့ရဲ့ဒရုန်းလဲဆိုတာ ကျွန်တော်တို့ ဘယ်လိုပြောတတ်မလဲ၊ ဒါပေမဲ့ ဒီဘက်မှာ ဒရုန်းအများဆုံးသုံးတာက AA အဖွဲ့က အသုံးများတာတော့ အရင်ကတည်းက သိထားတယ်” ဟု အထက်ပါ ရိုဟင်ဂျာအမျိုးသားက ပြောသည်။
ထိုရိုဟင်ဂျာများ အစုလိုက်အပြုံလိုက်သေဆုံးမှုမှာ AA ၏ လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီက သြဂုတ် ၆ တွင် စွပ်စွဲထုတ်ပြန်ထားသည်။
AA ပြောခွင့်ရ ဦးခိုင်သုခကမူ ၎င်းတို့က ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှု လုံးဝမလုပ်ကြောင်း၊ စစ်ကောင်စီနှင့် အကြမ်းဖက်အဖွဲ့စည်း၏ လက်ချက်သာဖြစ်ကြောင်း ယမန်နေ့ (သြဂုတ် ၇) တွင် ပြောသည်။
“ထွက်ပြေးတဲ့လူအုပ်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ စစ်ကောင်စီဘက်ကနေ ဒရုန်းနဲ့လာပြီးတော့ ပစ်တာရှိတယ်။ လက်နက်ကြီးတွေနဲ့ပစ်တဲ့အတွက်ကြောင့်မလို့ သေကျေ၊ ဒဏ်ရာရတာတွေ ဖြစ်တာ” ဟု သူက ပြောသည်။
ထိုသေဆုံးမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရပြီး အသေးစိတ်စုံစမ်းနေသည်ဟုလည်း AA က ထုတ်ပြန်ထားသည်။
Myanmar Now အနေဖြင့်လည်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို စုံစမ်းနိုင်ခြင်းမရှိသေးပါ။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲနှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။