အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

ရခိုင်ပဋိပက္ခကို သွားရောက်လေ့လာခဲ့တဲ့ သူပုန်ကျောင်းသားဟောင်းနဲ့ ဆက်သွယ်မေးမြန်းခြင်း

ရန်ကုန်၊  စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့၊ စမ်းချောင်းဘိုဘိုလို့ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ABSDF သူပုန်ကျောင်းသားဟောင်း ကိုဘိုဘိုဟာ မြန်မာပြည်သူအများအပြားလိုပဲ ရခိုင်အရေးကြောင့် စိတ်တွေလှုပ်ရှားခဲ့ရတဲ့သူ ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရန်ကုန်ကသွားတဲ့ အကူအညီပေးရေးအဖွဲ့တွေနဲ့ တွဲပြီး ရခိုင်ပြည်နယ် စစ်တွေ၊  ဘူးသီးတောင်၊ မောင်တောမြို့တွေကို ကင်မရာတစ်လုံးနဲ့ လှည့်လည်ပြီး သွားရောက် လေ့လာခဲ့ပါတယ်။ သူ့ခရီးစဉ် အတွေ့အကြုံတွေအကြောင်း  Myanmar Now ကို ပြောပြထားပါတယ်။
 
မေး။   ။ ကိုဘိုဘိုက မီဒီယာသမားလည်းမဟုတ်ဘူး။ သတင်းထောက်လည်းမဟုတ်ဘူး။ ဘာ့ကြောင့် ရခိုင်ကို သွားရတာလဲဆိုတာ ပြောပေးပါ။

ဖြေ။   ။ အဓိက သွားရတဲ့ အကြောင်းရင်းက နိုင်ငံခြားမီဒီယာတွေမှာ ပြောကြတယ်။ မွတ်စလင်ရွာတွေ တစ်ရွာမှ မရှိတော့ဘူးတို့၊  လူမျိုးသုဉ်းသတ်တယ်တို့ အဲဒါတွေ သိရတော့ ကျွန်တော် စိတ်ထဲမှာ တော်တော်လေး မခံချင်ဖြစ်တယ်။ ဒါက ကျွန်တော်တို့ နိုင်ငံက အဲဒီလောက်လုပ်မှာ မဟုတ်ဘူးလို့၊  ဒါကို ကျွန်တော်ယုံလည်းယုံတယ်။ အဲဒီအတွက် ကျွန်တော်သွားတာ။ အဓိကက အဖြစ်မှန်တွေသိချင်လို့ ဓာတ်ပုံသွားရိုက်ရင်းနဲ့ သွားစုံစမ်းတာပေါ့။

မေး။     ။ ဘာတွေ ကြုံတွေ့ရလဲဆိုတာကို အနှစ်ချုပ် ပြောပြပါ။

ဖြေ။     ။ အဓိက ကြုံတွေ့နေရတာက ဟိုမှာ မွတ်စလင်ရွာတွေ အများကြီး ကျန်သေးတာ တွေ့တယ်။ ဘူးသီးတောင် စတက်ပြီ ဆိုတာနဲ့ မွတ်စလင်တွေ အများကြီးတွေ့တယ်။ ရသေ့တောင်မြို့နယ်အစပ်ပေါ့။ အဲဒီမှာလည်း မွတ်စလင်ရွာတွေ အများကြီးပဲ တွေ့ခဲ့ရတယ်။ ပြီးတော့ တချို့သော မျိုးနွယ်စုလေးတွေပေါ့၊  မြို၊ သက်၊ ဒိုင်းနက်၊  မရမာကြီး တို့ အဲဒီမျိုးနွယ်စုတွေဘေးနားမှာ မွတ်စလင်ရွာတွေ အများကြီးရှိနေတယ်။ အဲဒီမှာပဲ အချို့မွတ်စလင်တွေဆိုရင် ကျွန်တော်တို့ သွားတဲ့ လမ်းခရီးမှာကို အများကြီး ကူညီခဲ့တယ်။ ကျွန်တော်တို့ရောက်တဲ့ရက်မှာပဲ မိုးက အရမ်းရွာတယ်၊ ကားလမ်းတွေ ပျက်သွားတယ်။ ဘူးသီးတောင်ကနေ ကျောက်စာအိုင်ကိုရောက်တော့ ကျွန်တော်တို့ ဘယ်လိုမှ ဆက်သွားလို့ အဆင်မပြေတော့ဘူး။ အဲဒီမှာ ကားပေါ်က ဆန်အိတ်တွေချတာတွေရော၊  စက်လှေတွေငှားတာတွေလည်း မွတ်စလင်တွေရဲ့ စက်လှေတွေ ငှားခဲ့ရတယ်၊ မွတ်စလင်တွေရဲ့ လုပ်အားတွေနဲ့ ဆန်အိတ်တွေ သယ်ခဲ့ရတယ်။ ဆိုတော့ နိုင်ငံတကာကပြောနေတဲ့ ပုံစံအတိုင်းမဟုတ်ဘူး။ ကျန်နေတဲ့ရွာတွေမှာ တချို့မွတ်စလင်တွေက လုံခြုံရေးတပ်ဖွဲ့တွေကို သတင်းပို့တယ်၊ သူတို့ ဒီမှာပဲ နေချင်တယ်၊ အေးအေးပဲနေချင်တယ်။ အကြမ်းဖက်သမားတွေနဲ့လည်း မပတ်သက်ချင်ဘူး၊  ဒီကလည်း မပြောင်းသွားချင်ဘူး၊ အဲဒီလို သတင်းပို့ပြီးနေတဲ့ မွတ်စလင်ရွာတွေ အများကြီးရှိတယ်လေ။ နောက်တစ်ခုက အထဲကို သတင်းထောက်တွေကို ဝင်ခွင့်မပေးဘူး။ ကျွန်တော်တို့ ပြန်လာတဲ့နောက်တစ်ရက်မှာပဲ ကြားလိုက်ရတာက ICRC လိုအဖွဲ့မျိုးကို ဝိုင်းတားကြတယ်။ ဝိုင်းတာက ဒေသခံမဟုတ်ဘူးလို့လည်း ကြားတယ်။ အဲဒါတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ သူတို့ ဘယ်လိုခံစားနေရသလဲဆိုတာကိုတော့ နည်းနည်းလေး နားလည်ခွင့်ရတယ်။ မောင်တောသွားတဲ့လမ်းက ဒေသခံရခိုင်တစ်ယောက်က ဓာတ်ပုံရိုက်ရင် ဖုန်းနဲ့ပဲရိုက်ပါ၊ ကင်မရာနဲ့ မရိုက်ပါနဲ့လို့ ပြောတယ်။ သူတို့ အမြင်မှာက ကင်မရာလွယ်တဲ့သူဆိုရင် မီဒီယာသမားတွေလို့ပဲမြင်တယ်။ မီဒီယာသမားတွေက အထူးသဖြင့် နိုင်ငံခြားမီဒီယာသမားတွေက လာပြီးဓာတ်ပုံရိုက်ပြီးရင် ပြန်သွားတဲ့အခါမှာ ဘင်္ဂါလီတွေဘက်ကပဲ အကုန်ပါတယ်လို့ မြင်တယ်။ သူတို့တွေအနေနဲ့က ပညာအခြေခံ အားနည်းနေတာပါတယ်၊ နောက်တစ်ခုက အိုင်တီနဲ့ ဝေးနေတာရှိတယ်။ ဒါ့ကြောင့် မီဒီယာနဲ့ ပတ်သက်ရင် နားလည်မှုလွဲနေတာကို တွေ့ရတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မေး။     ။ဒေါ်အောင်ဆန်းစုကြည် ကလည်း မေးခွန်းထုတ်တယ်။ ဘာကြောင့်မို့လို့ မွတ်စလင်တစ်ဝက်လောက်က ထွက်ပြေးသွားပြီး တစ်ဝက်လောက်က ကျန်နေခဲ့ရသလဲပေါ့။ ရွာတွေအများကြီးကို မီးရှို့ခံခဲ့ရတယ်ဆိုတာလည်း သိရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မြေပြင်မှာသွားတော့ရော ဘယ်လို ကြားသိခဲ့ရလဲ။

ဖြေ။     ။ ကြားသိတယ်။ ကျွန်တော်တို့ သွားတဲ့အခါကျတော့ ကျွန်တော်တို့ကို လုံခြုံရေးပေးတယ်ဗျ။ လုံခြုံရေးမပါဘဲ သွားလို့မရဘူး။ အဲဒီလုံခြုံရေးပေးတဲ့ တပ်မတော်သားတွေကို လမ်းခရီးမှာ နည်းနည်း ရင်းနှီးသွားတော့ ကျွန်တော်မေးကြည့်တယ်။ သူတို့က မီးမရှို့လို့မရဘူးဗျ၊ မီးရှို့မှ တဲ့။ ဘာကြောင့်လဲ ဆိုတော့ လမ်းခရီးမှာ၊ ကားလမ်းမှာ မိုင်းထောင်တာတွေ ရှိတယ်ပေါ့။  ပြီးတော့ မွတ်စလင်တွေက ရွာထဲ ပြေးဝင်ကြတယ်။ အဲဒီတော့ ရွာထဲက အုပ်ချုပ်ရေးမှူးကို ဒီမိုင်းထောင်တဲ့ သူကို လာအပ်ဆိုတော့ မအပ်ဘူး။ မအပ်တော့ ရွာကို သူတို့က မီးရှို့လိုက်ရတယ်။ မီးရှို့တော့ တဲတွေထဲကနေ ထွက်ပြစ်တယ်။ ပြီးတော့ သူတို့ သိမ်းထားတဲ့ ယမ်းတွေ ပေါက်ကွဲတာလည်း တွေ့တယ်။ အဲဒီအတွက် သူတို့က မီးရှို့တယ်ဆိုတဲ့ ပုံစံမျိုး ကျွန်တော့်ကို ပြန်ပြောတယ်။

ခြုံပြောရရင် မီးရှို့တာနဲ့ပတ်သက်ပြီး သုံးမျိုး ကျွန်တော်ကြားရတယ်။ တပ်ကလည်း မွတ်စလင်ရွာတွေကို မီးရှို့တယ်၊ မွတ်စလင်တွေကလည်း ရခိုင်ရွာတွေကို မီးရှို့တယ်၊ တချို့ရခိုင်တွေကလည်း မွတ်စလင်တွေရွာတွေကို မီးရှို့တယ်။ ဒါက ကြားရတာပေါ့၊ ကိုယ်တိုင်တော့ ကြုံတွေ့ရတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဖြတ်သွားတဲ အချိန်မှာတော့ သုံးနေရာလောက် မီးရှို့နေတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ မှတ်မှတ်ရရဆိုရင် မောင်တောနဲ့ ဖားဝက်ချောင်းကြားမှာ ဌာနချုပ်ဆိုတာရှိတယ်။ အဲဒီမှာ စစ်တပ် ထိုင်တာတော့ တွေ့တယ်။ ကျွန်တော်မေးကြည့်တော့ ဌာနချုပ်လို့ပြောတယ်။ အဲဒီနေရာရယ် နောက်တစ်ခုက အဲဒီဌာနချုပ်နဲ့ ဖားဝက်ချောင်းကြားမှာ သုံးနေရာလောက်တွေ့ခဲ့ရတယ်။

မေး။     ။ စက်တင်ဘာ ၅ ရက်နောက်ပိုင်းက စပြီးတော့ တပ်မတော်စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေးလုပ်တာ မရှိတော့ဘူး၊ အခြေအနေတွေ တည်ငြိမ်လာပြီလို့ သိရတယ်။ ဒါကရော လက်တွေ့မြေပြင်မှာ မှန်လား။

ဖြေ။     ။ အဲဒါတော့ ကျွန်တော် အတိအကျမသိဘူး။ သို့သော် ကျွန်တော်တို့သွားတဲ့ ရက်မှာပဲ ကျွန်တော်တို့နဲ့ ကျောက်ပန်းတောင်းကနေလာပြီး ကူညီတဲ့အဖွဲ့နဲ့ကြုံတယ်။ အဲဒီကျောက်ပန်းတောင်းအဖွဲ့ကိုလည်း အဲဒီ ARSA အဖွဲ့လို့ ယူဆရတဲ့ သူတွေက အုံနဲ့ကျင်းနဲ့ ပြဿနာရှာတဲ့ ပုံစံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော် ဟိုကိုရောက်တဲ့ အချိန်မှာ တပ်က ဘာပြောလဲဆိုတော့ အေးအေးဆေးဆေးနေ၊ ကိစ္စမရှိဘူး၊ ဒါပေမဲ့ ၆ နာရီကျော်ရင်တော့ ပစ်မယ်။ အဲဒီလို မာရှယ်လော ထုတ်ထားတာရှိတယ်။ နောက်တစ်ခုက အေးအေးဆေးဆေး နေတယ်ဆိုရင်တော့ သူတို့ ပြဿနာမရှာဘူး။ အဲဒါတော့ တွေ့ခဲ့ရတယ်။ အဲဒီမှာရှိနေတဲ့ တပ်ကိုရော၊ အဲဒီမှာရှိနေတဲ့ ရခိုင်ရွာတွေကရော၊ မွတ်စလင်ရွာတွေကရော အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် မေးကြည့်ကြည့်တယ်။ သူတို့ အေးအေးဆေးဆေးနေရင် ပြဿနာမရှိဘူးတဲ့။

မေး။     ။ လက်ရှိကျန်နေတဲ့ မွတ်စလင်ရွာတွေရော ဘယ်လိုနေထိုင်နေတာ မြင်ခဲ့ရလဲ။

ဖြေ။     ။ အဲဒီရွာတွေရဲ့ အခြေအနေတွေက ကျွန်တော်ထင်တယ် တိုင်းရင်းသားတွေပေါ့နော်၊ ရခိုင်တို့ ဘာတို့ထက် လိုအပ်ချက် ပိုပြီး မြင့်ကောင်းမြင့်နေလိမ့်မယ်။ သို့သော် တစ်ခုရှိတာ သူတို့တွေက ကျွန်တော် တွေ့သလောက်တော့ ကလေးလေးကအစ အားလုံး အကုန်အလုပ်လုပ်ကြတယ်။ ငါးရှာ ဖားရှာ စသဖြင့်ပေါ့။ စားရေးသောက်ရေး ကိစ္စနဲ့ ပတ်သက်လို့ အကုန်အလုပ်လုပ်ပြီးတော့ နေကြရတယ်။ ကျွန်တော်တို့ရောက်သွားပြီးတော့ ဆန်တောင်းတယ်။ အမှန်တကယ်ပြောရရင်တော့ ကျွန်တော်က ပေးချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် မပေးခဲ့ဘူး။ အဲဒီအချိန်မှာ သွားရတာက ကျွန်တော်နဲ့အတူ ဒေသခံတွေရှိတယ်။ တပ်ကလည်း ရှိတယ်။ အဲဒီခရီးစဉ်မှာ ကျွန်တော် နားလည်မှု မလွဲချင်ဘူး။ အဲဒါနဲ့ ကျွန်တော်သူတို့ကို ပိုက်ဆံပဲ ပေးခဲ့တယ်။ နေတာထိုင်တာ ဆင်းရဲတာက သူတို့အတွက် သိပ်ပြဿနာမရှိဘူး။ ဒါပေမဲ့ သူတို့စိတ်တွေထဲမှာ အခုအခံလေးတွေကို မျက်လုံးတွေထဲက မြင်နေရတယ်။ အဲဒီတုန်းက မိုးရွာလို့ မောင်တောဈေးထဲက အဝတ်ရောင်းတဲ့ မွတ်စလင်ဆိုင်မှာ မိုးဝင်ခိုတယ်။ ဆိုင်ရှေ့မှာ ကွပ်ပျစ်လေးချထားတော့ ကျွန်တော် မိုးခဏ ခိုမယ်နော် ဆိုပြီး ဝင်ခိုတယ်။ အရင်လိုဆိုရင်တော့ လိုလိုလားလား ပြောမှာပေါ့။ ဒါပေမဲ့ အဲဒီလို မပြောဘူး၊ ဘာမှလည်း မပြောဘူး။ သူတို့ စိတ်ထဲမှာ အဲဒီလို အခုအခံလေးတွေတော့ မြင်ရတယ်။ ဒါနဲ့ ကျွန်တော် သူတို့ကို ဆက်ပြီးစကားပြောတယ်။ ဘယ်ပစ္စည်းက ဘယ်လောက်လဲ စသဖြင့်မေးတယ်။ မေးပြီးတော့ စကားပြောကြည့်တဲ့အခါ နည်းနည်းလေး အဆင်ပြေတယ်ပေါ့။ ပြောချင်တာက နည်းနည်းတော့ အခုအခံတော့ရှိတယ်။ ဒါပေမဲ့ စကားပြောလို့ရတယ်။

မေး။     ။အခြေအနေ ပိုပြီးဆိုးမယ့် အနေအထားတွေရော မြင်ခဲ့ရလား။ ဒီနေရာက ပဋိပက္ခဇုန်အဖြစ် ရေရှည်သွားမယ့် ပုံစံမျိုးတွေရော မြင်ခဲ့ရလား။

ဖြေ။     ။ ပြဿနာက မှန်းမရဘူး။ နံပါတ်တစ်က တစ်ယောက်နဲ့ တစ်ယောက် မယုံကြဘူး။ နံပါတ်နှစ်က ပြဿနာဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေ အများကြီးကျန်နေတယ်။ ဓာတ်ပုံတွေထဲမှာကြည့်ရင်လည်း တွေ့တယ်။ ပြေးသွားတဲ့ သူတွေက ကလေးတွေနဲ့ မိန်းမတွေ များတယ်။ အခုအချိန် မွတ်စလင်အမျိုးသားယောက်ျားတွေ ဘယ်ရောက်နေသလဲပေါ့။ သိရတာက သူတို့တွေက တောထဲမှာ နေနေတယ်။ နောက်တစ်ခုက ဒီကိစ္စတွေမဖြစ်ခင် ရှေ့မှာ သူတို့ကို ဆက်ဆံခံခဲ့ရတဲ့ ပုံစံက တော်တော်လေးကို ဖိနှိပ်ဆက်ဆံခံခဲ့ရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီအခါမှာ သူတို့အနေနဲ့ တစ်ဖက်မှာလည်း ဖိနှိပ်ခံထားရတာရှိတယ်၊ တစ်ဖက်ကလည်း ပိတ်နေတာမျိုးတွေ ရှိနေတယ်ဆိုတော့ ရိုင်းရိုင်း ပြောရရင် ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်တဲ့ သဘောရှိတာကိုး။ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ အခြေအနေက သိပ်မကောင်းဘူး။

မေး။     ။ ကိုဘိုဘိုက နိုင်ငံရေးအကျဉ်းသားတစ်ယောက်လည်းဖြစ်တယ်။ နိုင်ငံရေးကိစ္စတွေလည်း ဆက်နွှယ်နေတယ်ဆိုတော့ ကိုဘိုဘိုရဲ့ တစ်ယောက်တည်းဆန္ဒအရ ဒီကိစ္စကို တိုင်းပြည်ခေါင်းဆောင်တွေကို ဘယ်လိုဖြေရှင်းစေချင်လဲ။ ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ။

ဖြေ။     ။ ကျွန်တော့််ကို စကားလာပြောတဲ့ လဝက တစ်ယောက်နဲ့ ကျွန်တော် စကားပြောကြည့်တယ်။ ပြောတော့ နယ်စပ်တံတိုင်းကိစ္စကတော့ ခိုင်ခိုင်မာမာလိုတယ်။ သံဆူးကြိုးတံတိုင်းကတော့ လောလောဆယ်တော့ လိုနေတာအမှန်ပဲ။ နောက်တစ်ခုက နှစ်ဖက်စလုံး ပြင်ရလိမ့်မယ်ထင်တယ်။ ဒီကိစ္စမှာ ဘက်တစ်ဖက်တည်းကနေပြီးတော့ မှန်တယ်လို့ ပြောဖို့ခက်တယ်။ ရခိုင်တွေဘက်ကပဲဖြစ်ဖြစ် ဘင်္ဂါလီတွေဘက်ကပဲဖြစ်ဖြစ်ပေါ့ သဘောက။ အဲဒါတွေကို ပြင်ဖို့လိုအပ်တယ်။ တစ်ဖက်တည်းက ရပ်ပြီး ပြောဖို့က အရမ်းခက်တယ်။ ပြည်မက အရပ်ဘက်လူ့အဖွဲ့အစည်းတွေရော၊ အစိုးရရော သေသေချာချာပေါင်းပြီးတော့မှ ဒီနေရာကို အများကြီး ပြန်ပေးဝင်သင့်တယ် ထင်တယ်။ ဝင်ပြီးတော့မှ သူတို့နဲ့ များများ ထိတွေ့ဆက်ဆံမှု လုပ်ပေးသင့်တယ် ထင်တယ်။  အရမ်းကို အစွန်းရောက်တဲ့ အမျိုးသားရေးဝါဒီမျိုးတွေလည်း ရှိနေတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles