အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ညောင်လေးပင်ဘူတာ ပေါက်ကွဲမှုတွင် ခရီးသည် ၃ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်မြို့ ရထားဘူတာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) က မိုင်းပေါက်ကွဲပြီး ခရီးသည် ၃ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံအချို့က ပြောသည်။

ဘူတာရုံစင်္ကြန် ပေါက်ကွဲမှုကြောင့်အသက် ၄၀ အရွယ်များဖြစ်သည့် ကိုသက်နိုင်ထွန်း၊ မနွဲ့နွဲ့ဝင်းနှင့် မလဲ့လဲ့အေးတို့ သေဆုံးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရသူထဲမှ ၆ ဦးမှာ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာမှ ဖြစ်ပြီး ညောင်လေးပင် ပဲခင်းများတွင် အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း အထက်ပါ ညောင်လေးပင်ဒေသခံက ဆိုသည်။ 

“အလုပ်သမားခရီးသည်ပေါ့၊ သူတို့က တောင်တွင်းကြီးကနေ ကျွန်တော်တို့ဆီမှာ အလုပ်လာလုပ်ပြီး ပြန်တာပေါ့ ရထားက ပုံမှန်သွားတယ်။ ဒီလူတွေကလည်း ညခင်းရထားစီးဖို့ လာစောင့်နေတာ” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုသက်နိုင်ထွန်းနှင့် မနွဲ့နွဲ့ဝင်းမှာ အခင်းဖြစ်ချိန်တွင် သေဆုံးပြီး မလဲ့လဲ့အေးမှာ ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများကို ညောင်လေးပင်နှင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောသည်။

ကျန်ဒဏ်ရာရသူ သုံးဦးမှာ ညောင်လေးပင်၊ ပြွန်တန်ဆာနှင့် ဒိုက်ဦးမြို့နယ်တို့မှ ဖြစ်ကြောင်း သိရသည်။

“ပေ ၈၀ ဝန်းကျင်လောက်က စုတ်ပြတ်သတ်သွားတာ ဗုံးက ပေါက်ကွဲအား ပြင်းတယ်။ လေးမိုင်ပတ်လည်လောက်က တော်တော်လေး တုန်တုန်ခါခါကြားရတယ်” ဟု ဒေသခံက ဆိုသည်။

သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများကို မိသားစုဝင်များက ယနေ့တွင် လာရောက်ထုတ်ယူသွားသည်ဟု ၎င်းက ပြောသည်။

ဒေသခံအချို့၏ အဆိုအရ ဗုံးပေါက်ကွဲမှုဖြစ်သည့်နေရာသည် ဘူတာရုံအဟောင်းကို အသစ်ပြန်ဆောက်ထားသည့် နေရာဖြစ်ပြီး ဖွင့်ပွဲလုပ်ရန်သာ ကျန်တော့ကြောင်း သိရသည်။ မိုင်းဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း မသိရသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ပဲခူးတိုင်းစစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ခံကမူ မိမိတို့လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်မဟုတ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ဆီကို သတင်းနဲ့ ပတ်သက်ပြီးတော့ မြေပြင်အဖွဲ့တွေကလည်း လှမ်းပြီးသတင်းပို့တာ မရှိဘူး။ သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကလည်း PDF တွေနဲ့ ပတ်သက်လို့ မြေပြင်ကို စုံစမ်းစစ်ဆေးကြတဲ့အခါမှာ ဒီဖြစ်ရပ်ကို လုပ်ဆောင်တာ မရှိဘူး” ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ပြောသည်။

စစ်ကောင်စီအာဘော် သတင်းစာများကမူ ညောင်လေးပင်ဘူတာရုံကို NUG နှင့် CRPH တို့၏လက်ဝေခံ PDF က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့ပြီး PDF များသည် ပြည်သူအသုံးပြုသည့် လမ်း၊ တံတား၊ ဘူတာရုံများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်လုပ်ဗုံး ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို အကြောင်းမဲ့လုပ်လျက်ရှိကြောင်း စွပ်စွဲထားသည်။

ပြီးခဲ့သည့်လမှစ၍ ပဲခူးတိုင်းအရှေ့ပိုင်းရှိ ညောင်လေးပင်နှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်ကောင်စီက ကျေးရွာများကို လက်နက်ကြီးဖြင့် လိုက်လံပစ်ခတ်သဖြင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button