
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ယမန်နေ့ (အောက်တိုဘာ ၂) ညပိုင်းတွင် ပုဇွန်မြောင်းကျေးရွာကို မီးရှို့သွားကြောင်း သိရသည်။
စက်တင်ဘာ ၂၇ နံနက်မှ စတင်၍ ထိုရွာအနီး စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေသည်။
ရဲ၊ ပြည်သူ့စစ် (ပျူစောထီး)၊ မီးသတ်များပါ ပါဝင်သည့် ထိုစစ်ကြောင်းက မြို့နယ်အရှေ့ဘက် လေးမိုင်ခန့်အကွာရှိ ထိုရွာအတွင်း တပ်စွဲကာ အိမ်များကို ဖျက်ဆီးနေကြောင်း PDF ၏ ပဲခူးတိုင်းပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ပြောသည်။
“ပုဇွန်မြောင်းကျေးရွာထဲမှာ မီးတင်ရှို့နေတာက (တိုက်ပွဲ) နောက်ဆက်တွဲဖြစ်စဉ်လို့ သိထားရပါတယ်။ အိမ်ခြေအရေအတွက်တော့ တိတိကျကျ မသိရသေးဘူး” ဟု သူက ပြောသည်။
စက်တင်ဘာ ၂၉ ညအထိ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ပြန်ဆုတ်သွားသည်၊ အောက်တိုဘာ ၁ တွင် အင်အားဖြည့်ကာ ထပ်တက်လာသောကြောင့် တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု ကိုဝေယံက ဆိုသည်။
“ညောင်လေးပင်ခရိုင်အတွင်းမှာတော့ စစ်ရေးက တင်းမာနေဆဲပဲ။ တိုက်ပွဲကတော့ အချိန်မရွေး ဆက်လက်ဖြစ်ပွားနိုင်တယ်”
တိုက်ပွဲများပြင်းထန်နေချိန်တွင် စစ်ကောင်စီက လမ်းတချို့ကို ဖျက်ဆီးနေသည်၊ လမ်းဖျက်ရာတွင် အသုံးပြုသော မြေတူးစက်ကို အကာကွယ်ယူကာ စစ်ကြောင်းထိုးနေ၍ ထိုကားတစ်စီးကို မီးရှို့လိုက်ကြောင်း နွေဦးစစ်သည်တော်စစ်ကြောင်း (Spring Warriors Column) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ပုဇွန်မြောင်းကျေးရွာဘက်သို့ ချဉ်းကပ်လာသည့် စစ်ကောင်စီတပ်ကို အထက်ပါ PDF စစ်ကြောင်းအပြင် အမှတ် (၃၇၀၂) တပ်ရင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း (Royal Peacock Column) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ထိုကာလများအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။
တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် ၄ ဦး ဒဏ်ရာရသည်ဟု သိရသည်။
ထိခိုက်သေဆုံးမှု ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က စက်တင်ဘာ ၂၉ တွင် ပုဇွန်မြောင်းဒေသခံ ၃ ဦးကို ဖမ်းသွားသည်၊ နောက်တစ်နေ့တွင် ၄၁ နှစ်အရွယ် ကိုမင်းမင်း၊ ၄၄ နှစ်အရွယ် ကိုဦးကြီးတို့၏ ရုပ်အလောင်းများကို တွေ့ရသည်၊ ၃၂ နှစ်အရွယ် ကိုဖြိုးဝေဦးတစ်ဦးသာ ထွက်ပြေး လွတ်မြောက်လာသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာ ၁ တွင် သတင်းထုတ်ထားသည်။
ယခုနှစ်ဆန်းမှစတင်၍ ပဲခူးအရှေ့ခြမ်းအပြင် ပဲခူးအနောက်ခြမ်းပါ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာပြီး PDF ၏ ရိုးမစစ်ဆင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေရာ ဒေသတွင်း တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသလို KNU ကလည်း ထိုစစ်ဆင်ရေးများကို ကူညီနေကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။