ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဆုတ်ပေးလိုက်ရသော ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် စစ်တပ်ရောက်လာပြီးနောက် စုစုပေါင်း ရွာသား ၄ ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံတချို့ထံမှ သိရသည်။
သေဆုံးသူတို့မှာ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၅၀ ကျော်အရွယ် ဦးဖိုးထူး၊ အသက် ၄၀ ကျော် အရွယ်များဖြစ်သော ဦးမင်းမင်း၊ ဦးကြီး၊ ဘွဲ့အမည်မသိရသေးသော ရဟန်းတစ်ပါးတို့ ဖြစ်သည်။
စစ်တောင်းမြစ် အရှေ့နှင့် အနောက်ကို ဆက်သွယ်ပေးထားပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသော၊ PDF တို့ သွားလာလှုပ်ရှားနေသော ပုဇွန်မြောင်းရွာအနီးကို စစ်တပ်က စက်တင်ဘာ ၂၇ တွင် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
PDF တို့ ထိုရွာတွင် တစ်လခန့် လှုပ်ရှားနေရာမှ တိုက်ပွဲကာလတွင် ပြန်ဆုတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ပုဇွန်မြောင်းရွာမှာ တစ်လနီးပါး ခြေကုပ်ယူပြီး သွားထိုင်ပြီးတော့မှ ၅ ရက်ဆက် တိုက်ပွဲတွေဖြစ်ပြီး ကျည်မလုံလောက်လို့ ပြန်ဆုတ်ပေးလိုက်ရတာ။ အဲဒီကတည်းက ရွာထဲ ကျန်နေခဲ့တဲ့သူတွေ အဖမ်းခံရ၊ အသတ်ခံရနဲ့ ရွာထဲ ပြန်ဝင်ဖို့လုပ်တဲ့ ရွာသားတစ်ဦးလည်း အသတ်ခံရတယ်” ဟု အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သတ်ဖြတ်ရသည့်အကြောင်းရင်းကို မသိရသေးသလို စစ်ကောင်စီကလည်း ထိုဒေသ စစ်ရေးလှုပ်ရှားမှုများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထို့နောက် စက်တင်ဘာ ၂၉ တွင် စစ်တပ်က ပုဇွန်မြောင်းရွာနှင့် အနီးဝန်းကျင်တွင် လမ်းပိတ်ဆို့၍ နေရာယူလိုက်ကြောင်း၊ အောက်တိုဘာ ၁ တွင် အင်အားဖြည့်ပြီး ပုဇွန်မြောင်းရွာအတွင်း တပ်စွဲလိုက်ကာ အောက်တိုဘာ ၂ နှင့် ၃ တို့တွင် ရွာကို မီးရှို့ခဲ့ကြောင်း သိရသည်။
ထိုရက်များအတွင်း စစ်တပ်က စက်တင်ဘာ ၂၉ တွင် ရဟန်းတစ်ပါးနှင့် အမျိုးသားတစ်ဦး၊ အောက်တိုဘာ ၁ တွင် စိတ်ကျန်းမာရေးမကောင်းသူ ဦးဖိုးထူးနှင့် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတချို့ထံမှ သိရသည်။
စစ်တပ်က ရွာအတွင်း နေရာယူထားပြီး လက်နက်ကြီး၊ လက်နက်ငယ် ခြောက်လှန့်ပစ်ခတ်သည်မှလွဲ၍ တိုက်ပွဲ ထပ်မဖြစ်တော့ကြောင်း အထက်ပါဒေသခံက ဆိုသည်။
“အခုဆိုရင် ဘေးရွာတွေကနေ ပုဇွန်မြောင်းကွင်းမှာ လယ်စိုက်ထားတဲ့ လယ်သမားတွေ သူတို့ လယ်ထဲ သွားကြည့်တာတောင် လက်နက်ကြီးနဲ့ လှမ်းထုတာ၊ သေနတ်နဲ့ လှမ်းပစ်တာမျိုးလုပ်လို့ လယ်သမားတွေ လယ်ကွင်းထဲ မထွက်ရဲကြဘူး” ဟု ၎င်းက ပြောသည်။
“ရွာသားတွေရဲ့ အိမ်ထဲကကျန်တဲ့ပစ္စည်းတွေကို စကစခန့် အုပ်ကြီး၊ ဒလန်၊ ရာအိမ်မှူးနဲ့ အပေါင်းပါတွေက ကားတွေနဲ့ သယ်ထုတ်တယ်။ လွှတ်ထားတဲ့နွားတွေကိုပါ ဖမ်းပြီး သားသတ်ရုံကို ရောင်းစားတယ်”
ပုဇွန်မြောင်းရွာအဝင်လမ်းတွင်ပါ စစ်ကောင်စီက မိုင်းထောင်ထားသဖြင့် နွားတစ်ကောင် မိုင်းနင်းမိကြောင်း ၎င်းက ဆက်ပြောသည်။
ပုဇွန်မြောင်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တော်လှန်ရေးအင်အားစုများ သွားလာလှုပ်ရှားနေပြီး နယ်မြေစိုးမိုးနိုင်ရန် ကြိုးစားနေသည်ဟု PDF ပဲခူးတိုင်းပြန်ကြားရေးတာဝန်ခံ ကိုဝေယံက Myanmar Now ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးအနားကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း၊ ညောင်လေးပင်-မဒေါက် လမ်းပိုင်းရှိ ကျေးရွာချင်းဆက်လမ်းများကို စစ်တပ်က ဖြတ်တောက် ပိတ်ဆို့ထားကြောင်း ၎င်းက ဆိုသည်။
ပုဇွန်မြောင်းရွာသား ၂ ဦး အသတ်ခံရပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာ ၁ တွင် သတင်းထုတ်ပြန်ထားသည်။
ယခုနှစ် ဧပြီလမှစ၍ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပုဇွန်မြောင်းရွာအနီး လှုပ်ရှားကာ စစ်တောင်းမြစ်ကမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ပစ်ခတ်ခြင်း၊ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် နေအိမ်များကို ဗုံးခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
ထိုစဉ်ကတည်းက စစ်တပ်က ပုဇွန်မြောင်းရွာသားများကို ဖမ်းဆီးသတ်ဖြတ်ကာ၊ နေအိမ်တချို့ကို ချိပ်ပိတ်ခဲ့သည်။
ပုဇွန်မြောင်းကျေးရွာအနီးတွင် လှုပ်ရှားနေသော တော်လှန်ရေးအဖွဲ့များမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column)၊ တပ်ရင်းအမှတ် (၃၇၀၂)၊ တော်ဝင်ဒေါင်းစစ်ကြောင်း (Royal Peacock Column)၊ Fire Dragon PDF အဖွဲ့တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ပုဇွန်မြောင်းရွာနှင့် လမ်းများကို ပိတ်ဆို့ ဖြတ်တောက်ထား၍ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရွာများ သွားလာရေးခက်ခဲသွားကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
“အနားကရွာတွေက ညောင်လေးပင်ကို ဈေးရောင်းဈေးဝယ်သွားရင် ပုဇွန်မြောင်းရွာကတစ်ဆင့် ဖြတ်ပြီးမှ သွားလို့ ရတာ။ အခု လုံးဝသွားခွင့်မပြုတော့ဘူး” ဟု ထိုရွာသားက ဆိုသည်။
“စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကတော့ ရွှေကျင်ဘက်ကို သွားလို့ရသေးပေမဲ့ ဆန်၊ ဆီ၊ ဆား၊ ဆေး အဓိကပစ္စည်းတွေကို သယ်ဆောင်ခွင့်မပြုတော့ဘူး။ ရွာသားတွေအားလုံး အခက်အခဲတွေ တော်တော်ဖြစ်သွားပြီ”
အထူးသဖြင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ပျဉ်ရေ၊ အင်းကျိုက်၊ မိုးခို၊ အင်းဗလာ၊ ဝိုင်၊ မင်္ဂလာကုန်း စသည့် ကျေးရွာများ အခက်အခဲဖြစ်ကြသည်ဟု သိရသည်။
စက်တင်ဘာ ၂၇ မှ စတင်၍ စစ်ကောင်စီတပ်နှင့် ၅ ရက်ဆက် တိုက်ပွဲဖြစ်ရာတွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် ၄ ဦး ဒဏ်ရာရကြောင်း PDF ထံမှ သိရသည်။
ထိုကာလများအတွင်း လမ်းဖျက်ရာတွင် စစ်ကောင်စီအသုံးပြုသော မြေတူးစက်ကားတစ်စီးကို တော်လှန်ရေးအင်အားစုများက မီးရှို့ဖျက်ဆီးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။