အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ညောင်လေးပင်တွင် လက်နက်ကြီးကျ၍ ၉ နှစ်သမီး အပါအဝင် ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း လူနေကျေးရွာများအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယမန်နေ့ (အောက်တိုဘာ ၃) တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၊ ည ၉ နာရီခွဲတွင် ငတိုးခင်ရွာအတွင်း လက်နက်ကြီးကျည် ၁ လုံး ကျရောက်ပေါက်ကွဲရာ ၉ နှစ်အရွယ် နော်နီလာထွေး၊ ၄၆နှစ်အရွယ် ဦးဇော်မင်းတို့ ဒဏ်ရာရသွားကြပြီး KNU အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ဆေးခန်းတစ်ခုတွင် ကုသမှု ခံယူနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် (၃၀၇) အထိုင်တပ်က လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထုတ်ပြန်ချက်တွင် ၉ နှစ်သမီး၏ ဘယ်ဘက်လက်ပုံကို ဖော်ပြထားပြီး လက်ဖဝါး ထိခိုက်သွားသည်ကို တွေ့ရသည်၊ လူလတ်ပိုင်းအမျိုးသား နောက်ကျောပုံကိုလည်း ဖော်ပြထားသည်၊ ၎င်းတို့၏ ဒဏ်ရာအခြေအနေကို ဖော်ပြခြင်း မရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ညောင်လေးပင်ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေချိန်တွင် စစ်ကောင်စီအထိုင်တပ်များက လူနေကျေးရွာများဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်လေ့ရှိကြောင်း ညောင်လေးပင်မြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ညောင်လေးပင်ခရိုင်က ဒီရက်ထဲ တိုက်ပွဲတွေ ပြင်းထန်နေတာပဲ၊ လက်နက်ကြီးနဲ့ ပစ်တာကတော့ အခုမှ မဟုတ်ဘူး၊  နေ့စဉ်နီးပါး ပစ်နေတာ…လက်နက်ကြီးအသံတွေကတော့ ကြားနေရတာပဲ။ ထိခိုက်ဒဏ်ရာနဲ့ သေဆုံးမှုတွေကတော့ ရှိနေတယ်။ ရွာတွေက ဝေးတော့ အသေးစိတ်တော့ မသိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ဆိုသည်။ 

တိုက်ပွဲများပြင်းထန်လာသော ပဲခူးအရှေ့ခြမ်းရှိ KNU တပ်မဟာ (၃) နယ်မြေတွင် ပါဝင်နေသော ညောင်လေးပင်ခရိုင် (ခလယ်လွီထူးခရိုင်) တွင် ဩဂုတ်လအတွင်းမှစ၍ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလာသည်။ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများမှာ ဒေသခံတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလို စစ်ကောင်စီက လမ်းပိုင်းတချို့ကို ဖျက်ဆီးသည့်နည်းဖြင့်လည်း ဒေသတွင်း သွားလာဆက်သွယ်ရေးကို ဖြတ်တောက်ထားသည်။

မကြာသေးခင်ကလည်း ညောင်လေးပင်မြို့နယ်အရှေ့ခြမ်း ၊ ပုဇွန်မြောင်းရွာအနီး စစ်တပ်က စစ်ကြောင်းထိုးလာ၍ PDF များနှင့် ရက်ဆက် တိုက်ပွဲဖြစ်နေကာ နှစ်ဖက်အထိအခိုက်ရှိနေပြီး ဒေသခံ ၂ ဦးလည်း အသတ်ခံထားရသည်။

မြို့ပြနှင့် နီးကပ်လာသော တော်လှန်မှုစစ်ဆင်ရေးများသည် KNU နယ်မြေနှင့် ထိစပ်နေသော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်းအထိပါ ကူးစက်လာရာ တိုက်ပွဲများကြောင့် ဒေသခံ ထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

ဩဂုတ် ၁၃ မှ ၁၆ အတွင်း ညောင်လေးပင်ခရိုင်အတွင်းရှိ ရွှေကျင်၊ မုန်း၊ ဖြူး၊ ကျောက်ကြီးမြို့နယ်တို့ရှိ ကျေးရွာများသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၁၃ နှစ်အရွယ် စောအယ်ကလူထူး၊ ၁၆ နှစ်အရွယ် စောဘိုလိုသီး၊ ၆၀ နှစ်အရွယ် ဦးမောင်ထွေး၊ ၃၅ နှစ်အရွယ် ကိုသန့်ဇော်တို့ သေဆုံးခဲ့သလို ကလေး ၂ ဦး အပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာရခဲ့သည်။

ဩဂုတ် ၂၉ တွင် ညောင်လေးပင်မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာအတွင်း လက်နက်ကြီးကျည် ကျခဲ့ရာ ၇ နှစ်သမီးနှင့် သူ၏မိခင် သေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ယင်းနေ့မှာပင် မုန်းမြို့နယ်၊ ကြက်တက်ညောင်ပင်ကျေးရွာအတွင်း PDF နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး လေယာဉ် ၃ စီး လာရောက် တိုက်ခိုက်ခဲ့သလို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း နေအိမ် ၁၄ လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၃ တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြူးမြို့နယ်နေ ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသည်၊ အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု KHRG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button