ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင်ရှိ လူနေကျေးရွာများအတွင်းကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၄ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သြဂုတ် ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ဩဂုတ် ၁၃ မှ ၁၆ အတွင်း စစ်တပ်က KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ရွှေကျင်၊ မုန်း၊ ဖြူး၊ ကျောက်ကြီးမြို့နယ်တို့ရှိ ကျေးရွာများဘက်ကို ၁၀၅ မမနှင့် ၁၂၂ မမများ၊ မော်တာအမျိုးအစား ၈၁ မမနှင့် ၆၀ မမ တို့ဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း KNU က ဆိုသည်။
လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် သေဆုံးသည့် ၄ ဦးထဲတွင် ၁၃ နှစ်အရွယ် စောအယ်ကလူထူး၊ ၁၆ နှစ်အရွယ် စောဘိုလိုသီး၊ အသက် ၆၀ အရွယ် ဦးမောင်ထွေး၊ ၃၅ နှစ်အရွယ် ကိုသန့်ဇော်တို့ ပါဝင်သည်။
ဒဏ်ရာရသူ ၅ ဦးမှာ ၁၁ နှစ်အရွယ် စောခွားစိ၊ ၁၅ နှစ်အရွယ် နော်ဗြဲဗြဲ၊ ကျောင်းသား၊ ကျောင်သူ နှစ်ဦး၊ ကျောင်းဆရာမတစ်ဦးတို့ ဖြစ်သည်။
ဩဂုတ် ၁၃ ရက်နေ့က မွန်းလွဲ ၃ နာရီခွဲခန့်မှ ည ၁၀ နာရီခွဲခန့်အတွင်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် (၂၆၄) က အနီးအနားကျေးရွာများအတွင်း ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
အမြောက်ကျည်များသည် ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်အနောက်ခြမ်း ဒိုးတန်းကျေးရွာအတွင်း တစ်လုံး၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဘေးရှိ ပဲသောင်ကျေးရွာအတွင်း ၃ လုံး၊ အင်ကုန်းကျေးရွာအတွင်း ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ပဲသောင်ကျေးရွာအတွင်း ပေါက်ကွဲမှုတွင် ကလေးများဖြစ်သော စောအယ်ကလူထူးနှင့် စောဘိုလိုသီး သေဆုံးခဲ့သည်၊ အခြားကလေးများဖြစ်သော စောခွားစိနှင့် နော်ဗြဲဗြဲတို့ ဒဏ်ရာပြင်းထန်စွာ ရသွားသည်။
ယင်းနေ့မှာပင် ကျောက်တံခါးမြို့အခြေစိုက်တပ်က ၁၀၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများကို လူနေကျေးရွာများဘက်သို့ တစ်ကြိမ်ပစ်ခတ်ခဲ့ရာ လှေတန်းကျေးရွာအတွင်း ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။ အလားတူ သူဌေးကုန်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ကလည်း ၈၁ မမ လက်နက်ကြီး ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ဒိုးတန်းကျေးရွာတွင်း လက်နက်ကြီးကျည် ၈ လုံး ကျရောက်သည်ဟု သိရသည်။
ရွှေကျင်မြို့နယ်တွင် ဩဂုတ် ၁၄ ရက်နေ့၊ နံနက် ၅ နာရီအချိန်တွင် လူနေကျေးရွာများဘက်သို့ လက်နက်ကြီး ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာအတွင်း ၅ လုံး၊ ဂွမ်းဒလကြီးကျေးရွာအတွင်း ၃ လုံး ကျရောက်ခဲ့ပြီး တစ်လုံးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေကြောင်း KNU ထုတ်ပြန်ချက်က ဆိုသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ရွှေကျင်မြို့ဘက်မှ ကား ၁ စီး၊ ဆိုင်ကယ် ၃ စီးဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက “ဖြိုး” ဆီဆိုင်အနောက်တွင် ၆၀ မမ လက်နက်ကြီး အထိုင်ချကာ ပစ်ခတ်ခဲ့သောကြောင့် အနီးရှိ အင်းကပ်ပလိပ်ကျေးရွာအတွင်း ၃ လုံး ကျရောက်ခဲ့ပြီး တစ်လုံးမှာ စာသင်ကျောင်းဝင်းအတွင်း ပေါက်ကွဲသောကြောင့် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“၁၄ ရက်နေ့မှာ ၂ နာရီလောက်က ရွှေကျင်ဘက်က ထွက်လာတဲ့ကောင်တွေ ပစ်တာက လက်နက်ကြီးတွေက ချောင်းကျိုး၊ လေးအိမ်စုဘက်ကို ကျတယ်။ နောက် ညဘက်တွေမှာလည်း ထပ်ပစ်တယ်” ဟု မွန်ပြည်နယ်နှင့် ပဲခူးအခြေစိုက် လှုပ်ရှားသော PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
နောက်တစ်နေ့ (ဩဂုတ် ၁၆) နံနက် ၈း၄၅ မိနစ်အချိန်တွင် ဖြူးမြို့နယ်၊ သစ်ခြောက်ခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ စစ်ကြောင်းက ၈၁ မမ လက်နက်ကြီးဖြင့် အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ရာ အနီးရှိ မုန်းမြို့နယ်၊ ဇလုပ်ကြီးကျေးရွာအနောက်ပိုင်းတွင် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးမောင်ထွေးနှင့် ကိုသန့်ဇော်တို့ ကျည်စထိမှန် သေဆုံးခဲ့သည်။

ဦးမောင်ထွေးမှာ ကျည်စထိမှန်မှုကြောင့် ရင်အုံ၊ နှာခေါင်း၊ နားထင် ပေါက်ထွက်ဒဏ်ရာဖြင့် သေဆုံးပြီး ကိုသန့်ဇော်မှာ ညာလက်ကောက်ဝတ်ပြတ်၊ ဘယ်ဘက်ဝမ်းအောက်ပိုင်း ပွင့်ထွက်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနေ့ နံနက်မှာပင် ကညွတ်ကွင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် (၄၃၉) က လက်နက်ကြီးများ ပစ်ခတ်ခဲ့သလို တောကျွဲအင်းမြို့ဘက်တွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
စစ်ရေးပြင်းထန်နေသော ကျောက်ကြီးမြို့နယ်အတွင်း မေလမှ ဩဂုတ် ၁၅ ရက်အထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးများပစ်ခတ်မှုများကြောင့် ဒေသခံ ၆ ဦး သေဆုံးရသလို ဖမ်းဆီးသတ်ဖြတ်မှုများ၊ နေအိမ် မီးရှို့မှုများ ကျူးလွန်ခဲ့ကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် KNU တို့ စစ်ရေးအခြေအနေ တင်းမာနေသော ပဲခူးအရှေ့ခြမ်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ အခြေစိုက် လှုပ်ရှားနေသည်။
PDF ၏ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးရိုးမစစ်ဆင်ရေးများ၌ ပံ့ပိုးပေးနေကြောင်း KNU စစ်ရေးတာဝန်ရှိသူက ဩဂုတ် ၁၀ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုထားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းများနှင့် ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။
ဩဂုတ် ၁၁ တွင် PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်စဉ် စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ် ၂ စီး သမင်အင်းကုန်းကျေးရွာနှင့် တလဲဒူးကျေးရွာတွင်း ၈ ကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး ဩဂုတ် ၁၅ တွင်လည်း ထိုနေရာအနီး ဂျက်လေယာဉ်တစ်စီး လာရောက်ပစ်ခတ်ခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များခဲ့ပြီး လက်နက်ခဲယမ်းအများအပြား PDF က သိမ်းဆည်းရရှိခဲ့သည်။
KNU နယ်မြေအတွင်း လတ်တလောပစ်ခတ်မှု အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း၊ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ၂၀၂၂ အောက်တိုဘာ ၂၁ ရက်စွဲတပ် ကရင်ပြည်နယ်တိုက်ပွဲသတင်း ထုတ်ပြန်ချက်တွင်မူ KNU တပ်သားများကို သောင်းကျန်းသူများ၊ PDF တပ်ဖွဲ့ဝင်တို့ကိုမူ အကြမ်းဖက်သမားများဟု ဖော်ပြခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများကို ပစ်သတ်ခဲ့ရာ လက်နက်ကိုင် ခုခံသူအများအပြား KNU နယ်မြေသို့ သွားရောက်ပြီး စစ်ပညာသင်ယူခဲ့ကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



