အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

BBC Media Action အစီအစဉ်တင်ဆက်သူ ထောင် ၃ နှစ် ထပ်ချခံရ

BBC Media Action ၏ အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်ကို အင်းစိန်ထောင် အထူးတရားရုံးက ယနေ့ (စက်တင်ဘာ ၂၇ ရက်) တွင် တရားမဝင်အသင်းအဖွဲ့များနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ်ထပ်မံ ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မထက်ထက်ခိုင်ကို နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် စက်တင်ဘာလ ၁၅ ရက်တွင် ဗဟန်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မထက်ထက်ခိုင်သည် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၆ နှစ်ကို တစ်ပေါင်းတည်း ကျခံရမည်ဟု စီရင်ချက်ချထားကြောင်း၊ အချုပ်ကျရက်များကို ထောင်ဒဏ်ထဲ ထည့်ပေးရန် မိသားစုက အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

“ချုပ်ရက်တွေကတော့ အယူခံဝင်ပေးသွားပါမယ်၊ မထက်ထက်ခိုင်ကလည်း တောင်းဆိုပါတယ်” ဟု အမှုကိစ္စလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးက ဆိုသည်။

မထက်ထက်ခိုင်သည် ၂၀၂၁ သြဂုတ် ၁၅ တွင် ဖမ်းဆီးခံခဲ့ရပြီး ရွှေပြည်သာစစ်ကြောရေးတွင် တစ်ပတ်၊ ဗဟန်းမြို့နယ်ရဲစခန်းတွင် တစ်ပတ်ကြာ ချုပ်နှောင်ခံခဲ့ရပြီး အင်းစိန်ထောင်အချုပ်သို့ ပြောင်းရွှေ့အမှုရင်ဆိုင်ခဲ့ရသည်။ စုစုပေါင်း ချုပ်ရက် တစ်နှစ်ကျော်ကြာပြီးနောက် အမှု ၂ ခုအတွက် အပြီးသတ်အမိန့်ချခဲ့ခြင်းဖြစ်သည်။

“မိသားစုဝင်တွေကတော့ ကျန်းမာရေးကိုပဲ စိတ်ပူတယ်၊ ဒီလိုမျိုးရလဒ်ထွက်လာဖို့ မျှော်လင့်ထားကြပြီးသား ဆိုပေမဲ့ မတရားသဖြင့်ခံရတာဆိုတော့ စိတ်မကောင်းဖြစ်ကြရပါတယ်၊ သူကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ သူနဲ့ အဆက်အသွယ်မရခဲ့ရင် သူ့ရှေ့နေတွေကနေ ဆက်သွယ်ဖို့ မှာသွားတယ်” ဟု မထက်ထက်ခိုင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်းမှာပင် BBC Media Action က မထက်ထက်ခိုင်၏ ဘေးကင်းလုံခြုံရေးအတွက် အထူးစိုးရိမ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူလိုက်သည့် ၂၀၂၁  ဖေဖော်ဝါရီ ၁ မှ ယခုအချိန်အထိ မတရားဖမ်းဆီးခံရသည့် သတင်းသမားပေါင်း ၁၄၂ ဦးနှင့်အထက် ရှိနေပြီဖြစ်ကြောင်း Detained Journalists Information Myanmar ၏ စာရင်းများတွင် ဖော်ပြထားသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူ အရပ်သား စုစုပေါင်း ၁၂,၅၀၀ ဦး ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စက်တင်ဘာလ ၂၆ စာရင်းများအရ သိရသည်။

ထိုအထဲတွင် နိုင်ငံဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံအကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က၊ခ တို့ဖြင့် တရားစွဲဆိုခံထားရသူ ၂,၂၅၆ ဦးရှိနေပြီး မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇-၁ ဖြင့် တရားစွဲဆိုခံထားရသူ ၆၅ ဦးရှိနေသည်ကိုလည်း AAPP စာရင်းများအရ သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှ ဆန့်ကျင်သူဟု စွပ်စွဲခံရသူများ၊ ထိုသူတို့၏ မိသားစုဝင်များကို မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇-၁၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က၊ နိုင်ငံဆူပူအောင်လှုံ့ဆောင်မှု ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃-က တို့ဖြင့် တရားစွဲဆိုလေ့ရှိသည်။

ထို့အပြင် စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို အနည်းငယ်သော ငွေကြေးလှူရုံနှင့် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း   စက်တင်ဘာ ၂၀ သတင်းစာရှင်းလင်းပွဲတွင် ခြိမ်းခြောက်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button