(ရန်ကုန်) – ဆိပ်ကမ်းရောက် ဗင်ကားများ ထုတ်ယူနိုင်ရန် တစ်စီးလျှင် ၁၃သိန်းနှုန်းဖြင့် အကောက်ခွန်အရာရှိများထံ ပေးရန်ဟုဆိုကာ ကားထုတ်ယူရေးအေးဂျင့်ထံ ယာဉ်ပိုင်ရှင်က ပေးခဲ့ရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ရန်ကုန်တိုင်းတရားလွှတ်တော်တွင် သြဂုတ် ၂၁ (ယနေ့)တွင် ထွက်ဆိုသည်။
မော်တော်ယာဉ်များ တင်သွင်းမှုတွင် ငွေကျပ် သိန်းသောင်းနှင့်ချီကာ ရယူခဲ့သည့်ဟု စွပ်စွဲခံရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် အကောက်ခွန် အရာရှိများကို ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးရာတွင် တရားလို ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဦးစိုးသန့်က ယင်းသို့ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
အဂတိစွဲချက်ဖြင့် တရားရင်ဆိုင်နေရသည့် အကောက်ခွန်အရာရှိ ၁၂ ဦးအနက် ဒုတိယညွှန်ကြားရေးမှူး အပါအဝင် ၃ဦး အမှုအား ယနေ့စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်ဌာန ဝန်ထမ်းများကိုပေးရန်အတွက် ဟုဆိုကာ ကားထုတ်ယူရေး အေးဂျင့်ထံသို့ဗင်ကား သုံးစီးအတွက် ယာဉ်ပိုင်ရှင်က ၃၉ သိန်း ပေးခဲ့ရကြောင်း တရားလိုဘက်က ထွက်ဆိုခဲ့သော်လည်း အေးဂျင့်နှင့် အကောက်ခွန် အရာရှိများအကြား ခွဲဝေမှုရှိမရှိအသေးစိတ်ကို လာမည့်ရုံးချိန်းများတွင်ဆက်လက်မေးမြန်းမည်ဖြစ်သည်။
“အခုမှ နှစ်ချိန်းပဲစစ်ရသေးတယ်။ သူတို့ရဲ့ စွပ်စွဲချက်တွေ ဆုံးခန်းတိုင်အောင် မရောက်သေးဘူး။ ကားပိုင်ရှင်က ကားထုတ်ဖို့ ဘယ်သူ့ကို ငွေ ၃၉ သိန်း ပေးလိုက်ရတယ်ပဲရှိသေးတယ်။ အကောက်ခွန်က ဦးစီးအရာရှိတွေကို ပေးလိုက်ရတဲ့အကြောင်း မပါသေးဘူး။ အားလုံးထွက်ဆိုပြီးမှပဲ လုံးစေ့ပတ်စေ့ သိရမယ် ” ဟု စွပ်စွဲခံရသည့် အကောက်ခွန် ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၏ ရှေ့နေ ဦးဝဏ္ဏဇော်က တရားခွင်အပြီးတွင် သတင်းထောက်များကို ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နှင့် ၆၃ တို့ဖြင့် တရားစွဲဆိုထားသည့် အဆိုပါအမှုကို နောက်တစ်ကြိမ် ကြားနာရန် ရုံးတော်က စက်တင်ဘာ ၄ ရက်နေ့သို့ ချိန်းဆိုလိုက် သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက်မပိုသော ပြစ်ဒဏ်ကို ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ တွင် မည်သူမဆို ဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြစ်ဒဏ်ကိုချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့အပြင် အခြား အကောက်ခွန်အရာရှိ ကိုးဦးကိုလည်း အဆိုပါပုဒ်မများဖြင့်ပင် တိုက်ဖျက်ရေးကော်မရှင်က ထပ်မံ တရားစွဲဆိုထားသေးသည်။
ထိုသို့အမှု နှစ်မှုဖြစ်သွားခြင်းက စွပ်စွဲခံရသူ ဦးရေများသည့်အတွက်ကြောင့် ယခုလို အမှုကွဲသွားခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းတရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။
မော်တော်ယာဉ်များကို တင်သွင်းရာတွင် ငွေတောင်းယူသည့်အပြင် အစိုးရ မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေး ကော်မရှင်က ပိတ်ပင်ထားသည့် ယာဉ်အမျိုးအစားများကို တင်သွင်းခွင့်ပြုခဲ့ကြောင်း၊ အဆိုပါကိစ္စ စိစစ်ပေါ်ပေါက်ချက်အရ အကောက်ခွန်အရာရှိ ၁၂ ဦးလုံးကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ နှင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း ကော်မရှင်က ဇူလိုင် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
တရားစွဲဆိုခံရသူများမှာ အကောက်ခွန်ဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်းရှရွယ်၊ ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယ အကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယအကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက် အကောက်ခွန်မှူး ဦးသန်းအေး၊ ဒုတိယလက်ထောက် အကောက်ခွန်မှူး ဦးသိန်းဝင်းတို့ ဖြစ်ကြသည်။



