အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူ ၇ ဦးအထိ သေဆုံးသည့် ကလေးထောင်ဖြစ်စဉ် အကြောင်းပြပစ်သတ်မှုဟု ယူဆ

စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့အကျဉ်းထောင်တွင် ယမန်နေ့ (မတ် ၁၅) ညနေပိုင်းက လူ ၇ ဦးအထိ သေဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် ထွက်ပြေးလွတ်မြောက်ရန် ကြံစည်သည်ဆိုသော အကြောင်းပြချက်ဖြင့် ထောင်အာဏာပိုင်များက ပစ်သတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

ကလေးထောင်ဖြစ်စဉ်နှင့် ပတ်သက်၍ အကျဉ်းသားနှင့် အချုပ်သား ၅၀ ဦးခန့်က ထောင်အရာရှိ သုံးဦးကို ဓားစာခံပြုလုပ်ကာ ထွက်ပြေးလွတ်မြောက်ရန် ကြံစဉ်မှုကြောင့် ပစ်ခတ်နှိမ်နင်းစဉ် ၇ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ထွက်ပြေးရန် ကြံစည်သည်ဆိုသော စွပ်စွဲချက်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းအပေါ် ရှုတ်ချကြောင်း အာဏာပြီးနောက် ပေါ်ပေါက်လာသည့် ဒေသခံ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။

“ထွက်ပြေးဖို့ လုပ်တယ်ဆိုတာတော့ မဖြစ်နိုင်တဲ့အရာ။ သူတို့က တစ်ခုခု ထောင်ထဲမှာ ဆူပူအောင် သွားလုပ်တဲ့ပုံစံမျိုးဖြစ်မယ်လို့ ယူဆတယ်။ ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီထုတ်ပြန်ချက်အရ သေဆုံးခဲ့သူများမှာ ကိုမျိုးမင်းထွန်း၊ ကိုဝင်းကိုနိုင်၊ ကိုမောင့်ညီ၊ ကိုချမ်းမင်းကို၊ ကိုတူးခိုင်၊ ကိုဗန်ဒိန်းနှင့် ကိုညွန့်ဝင်းအောင် (ခ) ကိုမျိုးဝင်းအောင်တို့ ဖြစ်သည်။

သေဆုံးသူများအနက် ကိုဗန်ဒိန်း (ခ) ဆလိုင်းရှလွန်ရှန်းထန်းလျန်မှာ CNDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း အဖမ်းခံရပြီးနောက် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က၊ လက်နက်မှုတို့ဖြင့် တရားစွဲဆိုခံထားရသူဖြစ်ပြီး ကျန်သူများနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။ ​

ဓာတ်ပုံမှတ်တမ်းများအရ သေဆုံးခဲ့သူအများစုမှာ ဦးခေါင်းကို ပစ်ခတ်ခံရခြင်းဖြစ်သည်။

“တော်တော်ရိုင်းစိုင်းယုတ်မာတဲ့ အလုပ်ပဲ။ အပြင်မှာ လက်နက်ကိုင်ချင်း ပစ်ခတ်တာ မဟုတ်ဘူး။ ထောင်တွင်းမှာ ကလေးတွေကို ခေါင်းကို တေ့ပစ်တယ်ဆိုတာက တော်တော်ကြီးကို လူမဆန်တဲ့လုပ်ရပ်ပဲ။ ကျွန်တော်တို့ လုံးဝရှုတ်ချတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။​

ကလေးမြို့တွင် ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် ကိုဗန်ဒိန်း (ခ) ဆလိုင်းရှလန်ရှန်းထန်းလျန် ရှေ့ဆုံးမှ ဦးဆောင်ပါဝင်ခဲ့စဉ်။ (ဓာတ်ပုံ – ပေးပို့)

အသက် ၂၈ နှစ်အရွယ် ကိုဗန်ဒိန်း (ခ) ဆလိုင်းရှလွန်ရှန်းထန်းလျန်သည် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ကာ အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သူဖြစ်ကြောင်း ၎င်းက ပြောသည်။​

“အားကိုးရတဲ့သူ။ ချင်းပြည်နယ်အတွက် တကယ်စိတ်နှစ်ထားတဲ့ လူငယ်လေး။ တိုင်းပြည်အတွက် တကယ်လည်း ပေးဆပ်ထားတဲ့သူ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

ကလေးအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသူ မည်မျှရှိသည်ဟု မသိရသော်လည်း ချင်းပြည်နယ်အစပ်ရှိ ထိုမြို့တွင် အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများမှစ၍ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၄၀၀ ကျော်ရှိသည်ဟု ဆိုသည်။  

ယမန်နေ့က ပစ်ခတ်ဖြိုခွင်းမှုအတွင်း ၁၂ ဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီက ဆိုသော်လည်း ထို့ထက်များပြားနိုင်ကြောင်း ကလေးထောင်တွင် ယခင်ကတည်းက လူ့ခွင့်အရေးချိုးဖောက်မှု ဆိုးဆိုးရွားရွားဖြစ်နေကြောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သူများကို ကိုးကား၍ ကလေးမြို့ခံနှစ်ဦးက ပြောသည်။ 

ထွက်ပြေးရန် ကြံစည်သည်ဆိုသော အကြောင်းပြချက်ဖြင့် ပစ်ခတ်ဖြိုခွင်းသည်ဆိုသော်လည်း ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စကားများရန်ဖြစ်ရာမှ ပစ်ခတ်သည်အထိ ဖြစ်သွားသည်ဟု ထင်မြင်ကြောင်းလည်း ကလေးမြို့ခံတို့က ဆိုသည်။​

လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု နာမည်ထွက်သည့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်၌လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ထောင်တွင်းလှုပ်ရှားမှု ပေါ်ပေါက်ခဲ့ရာ ထိန်းသိမ်းခံထားရသူများ ရိုက်နှက်ခံရခြင်း၊ တိုက်ပိတ်ခံရခြင်းအပြင် ဒဏ်ရာရသူများ ဆေးကုသခွင့် မရသည်များလည်း ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button