စစ်တပ်အာဏာသိမ်းမှု ငါးနှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် ဆန္ဒပြခဲ့ကြသည့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၁၅ ဦး တိုက်ပိတ် နှိပ်စက်ခံနေရကြောင်း သိရသည်။
ထောင်တွင်း ဆန္ဒပြသူ ၂၀၀ ခန့်ရှိရာ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား မဟုတ်သူများလည်း ပါဝင်သည် ဟု သိရသည်။
တိုက်ပိတ်ခြင်းမှာ အကျဉ်းသားကို ရိုက်နှက်နှိပ်စက်ပြီးနောက် လေအဝင်အထွက်နှင့်အလင်းရောင် မရှိသလောက် နည်းပါးသော အခန်းကျဉ်းထဲသို့ ပြောင်းရွှေ့ချုပ်နှောင်ခြင်း ဖြစ်သည်၊ တိုက်ပိတ်ခံလိုက်ရသူများနှင့် နောက်ဆက်တွဲ အခြေအနေများအကြောင်း ပိုမိုသိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟု ကလေးမြို့အကျဉ်းထောင်အခြေအနေကို စောင့်ကြည့်နေသည့် အဖွဲ့အစည်းနှစ်ခုက ဆိုသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ် လမ်းပေါ်ထွက် ဆန္ဒပြသူများ သီဆိုလေ့ရှိခဲ့သည့် သွေးသစ္စာသီချင်းကို ထောင်ထဲတွင် သံပြိုင် ဟစ်ကြွေးခဲ့ကြသည်ဟု သိရကြောင်း ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ (KPSSC) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အရေးကြီးပြီသီချင်းကို သီဆိုပြီး တောင်းဆိုချက်တွေကို ကြွေးကြော်ကြတယ်လို့ ကြားသိရတယ်။ မနေ့က ချက်ချင်းတိုက်ပိတ်ခံရတာတွေရှိတယ်။ နိုင်ငံရေးအကျဉ်းသူတွေ ဦးဆောင်တာ။ နောက်ဆက်တွဲ အခြေအနေတော့ အတည်ပြုလို့မရသေးဘူး”ဟု သူက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြောသည်။
“ကျွန်တော်တို့ဘက်မှာ သတင်းစီးဆင်းမှုမှာ အကန့်အသတ်တွေရှိတယ်။ မနေ့ကဆိုရင် တစ်နေကုန်နီးပါး ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော ဖြတ်တောက်ခံလိုက်ရတယ်”
တောင်းဆိုချက်များတွင် ၅၀ (ည)၊ ၅၂ (က)၊ ၅၂ (ခ) ကဲ့သို့သော အကြမ်းဖက်မှု ပုဒ်မများအပါအဝင် အမှုကြီး ကိုးမှုဖြင့် စီရင်ထားချက်များကို ဖျက်သိမ်းပေးရေး ပါဝင်ကြောင်း၊ လိုက်လျောခြင်း မရှိပါက မြန်မာနှစ်ဆန်းနှစ်ရက်နေ့တွင် နိုင်ငံအနှံ့အခြားထောင်များရှိ နိုင်ကျဉ်းများကလည်း ဆန္ဒပြကြမည်ဖြစ်ကြောင်း ကလေးထောင်ဆန္ဒပြသူတို့က သတိပေးထားသည်ဟု KPSSC က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်(PPMN) ကလည်း အလားတူ ထုတ်ပြန်ထားသည်။
“ဆန္ဒပြတာက ငါးမိနစ်ဝန်းကျင်လောက်ကြာတယ်။ ငါးမိနစ်အတွင်းမှာ သူတို့တောင်းဆိုချက်နဲ့ သီချင်းဆိုသွားတယ်လို့သိရတယ်။ ထူးခြားတာက တခြားရာဇဝတ်အကျဉ်းသူတွေပါ ပါတယ်ဆိုတော့ လှုပ်ရှားမှုက အားကောင်းသွားတယ်”ဟု PPMN ကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
ဆန္ဒပြပွဲကို ဦးဆောင်သူမှာ ဖောင်းပြင်မြို့မှ မခင်နွဲ့လှိုင် ဖြစ်သည်ဟု KPSSC ကော်မတီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအခြေနေနှင့်ပတ်သက်၍ ထောင်အာဏာပိုင်များထံ မေးမြန်းရန် ဆက်သွယ်နေဆဲဖြစ်သည်။
အာဏာသိမ်းထားသည့် ငါးနှစ်တာကာလအတွင်း အရပ်သားအများအပြား နေ့စဉ် သတ်ဖြတ်ခံနေရသလို အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ ဖြစ်ပွားနိုင်သည့် အခြေအနေတွင် စွန့်စားပြီး ဆန္ဒပြနေကြခြင်း ဖြစ်သည်။



