နိုင်ငံရေးအကျဉ်းသားများကို ပြင်ပသို့ ခေါ်ထုတ် သတ်ဖြတ်မှုများကို စစ်ကောင်စီတပ်က ကျူးလွန်နေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ယနေ့ (ဇူလိုင်လ ၁၀ ရက်နေ့) တွင် စွပ်စွဲလိုက်သည်။
ဇွန်လ ၂၇ ရက်နေ့တွင် ပဲခူးတိုင်း ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ ခေါ်ထုတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေသည်ဟု AAPP က ဆိုသည်။
ကိုခန့်လင်းနိုင်(ခ)ကိုခန့်၊ ကိုပြည့်ဖြိုးဟိန်း (ခ)ကိုပြည့်တို့ကို ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာ လမ်းတွင် မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ဒိုက်ဦးအကျဉ်းထောင်ဦးစီးအရာရှိ ကျော်ဇေယျက လက်မှတ်ထိုးပြီး မိသားစုများထံ အကြောင်းကြားလာခဲ့သည်။
ဇွန်လ ၂၉ ရက် ရက်စွဲတပ်ထားသည့် စာများသည် ဇူလိုင်လ (၇) ရက်နှင့် (၈) ရက်နေ့များတွင် မိသားစုဝင်များထံ ရောက်ရှိလာခဲ့သည်။ သို့သော် လွဲမှားမှုများရှိနေသည်ဟု စာရရှိသည့် ကိုအောင်မျိုးသူ၏ မိသားစုဝင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။
စာအိတ်အဖုံးတွင် ကိုအောင်မျိုးသူ၏ ဇနီးနာမည် တပ်ထားသော်လည်း အတွင်းစာတွင် ကိုပြည့်ဖြိုးဟိန်း၏ ဇနီးနာမည်တပ်ထားသည်ဟု ထိုသူက ဆိုသည်။
ထိုအမှားအယွင်းကြောင့် ကိုအောင်မျိုးသူ ပျောက်ဆုံးနေသည်ကိုသာ သိရှိရပြီး သေဆုံး (သို့မဟုတ်) မည်သည့်ထောင်တွင် ရောက်နေသည်ကို မသိရဟုလည်း အဆိုပါ အမျိုးသားက ပြောသည်။
ကိုအောင်မျိုးသူသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သော ၅၀(ည)၊ ပုဒ်မ ၅၀၊ ပုဒ်မ ၅၄ တို့အပြင် နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ တို့ဖြင့် ထောင်ဒဏ် ၄၆ နှစ် ကျခံထားရသူဖြစ်သည်။
ထောင်ပြောင်းစဉ် နိုင်ကျဉ်းများ ထွက်ပြေးခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးရသည်ဟူသော ဒိုက်ဦးအကျဉ်းထောင် ဦးစီးအရာရှိ၏ အကြောင်းကြားစာနှင့် ပတ်သက်ပြီး ယုံကြည်မှုမရှိဟုလည်း နိုင်ကျဉ်းဟောင်းတစ်ဦးဖြစ်သည့် အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“ထောင်ပြောင်းတယ်ဆိုတာက ခြေချင်းက ၂ ယောက်ကို တစ်ကွင်းခတ်တာ၊ တစ်ယောက်ကို တစ်ကွင်းခတ်တာမဟုတ်ဘူး။ အဲ့ဒီတော့ ထွက်ပြေးဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော်ကတော့ အဲ့ဒီဖြစ်စဉ်ကို လုံးဝမယုံဘူး” ဟု ပြောသည်။
ထောင်ပြောင်းရာတွင် အကျဉ်းဦးစီးဌာနက ထောင်လွှဲပြောင်းရေးကိစ္စသာ လုပ်ဆောင်ပြီး လုံခြုံရေးကိုမူ စစ်ကောင်စီတပ်သားများက လုပ်ဆောင်သည်ဟုလည်း သူက ဆိုသည်။
အချုပ်ကားများကို အသုံးပြုလေ့ရှိပြီး ကားနောက်တံခါးကိုလည်း သော့ခတ်ပြီး ပြောင်းရွှေ့လေ့ရှိရာ ကားတိမ်းမှောက်ခြင်းကြောင့် အချုပ်သားများ ထွက်ပြေးသည်ဟူသော ထောင်အာဏာပိုင်တို့၏ ပြောဆိုချက်မှာလည်း ယုတ္တိမရှိဟု မိသားစုဝင်များ၊ နီးစပ်သူများက ယူဆနေကြသည်။
ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးသည် သာယာဝတီထောင်နှင့် အင်းစိန်ထောင်များသို့ ပြောင်းရွှေ့ခံထားရသည်ဟု ၎င်းတို့က ယူဆသည်။
AAPP ၏ ဇူလိုင် ၁၀ ရက် ထုတ်ပြန်ချက်တွင် မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသား ဦးစိန်ဝင်းကိုလည်း ထောင်ပြင်သို့ ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်ရာတွင် သေဆုံးသွားခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများကို ကိုးကား၍ ဖော်ပြသည်။
မြင်းခြံထောင်အာဏာပိုင်တို့က မိသားစုထံ အကြောင်းကြားရာတွင် အစာအိမ်သွေးကြောပေါက်၍ သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်၊ သို့သော် ဦးစိန်ဝင်းသည် ခန္ဓာကိုယ်တွင် အညိုအမည်းဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း မိသားစုဝင်တို့က ဆိုသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားသည့် အဆိုတော် လီလီနိုင်ကျော်ကို သတ်ဖြတ်မှုတွင် စွပ်စွဲခံခဲ့ရသည့် အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်းနှင့် အသက် ၃၀ အရွယ် ကိုကျော်သူရတို့ကို ဇူလိုင် ၆ ရက် ညပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် စစ်ကောင်စီက ပစ်သတ်လိုက်သည်။
ကိုကောင်းဇာနည်ဟိန်းနှင့် ကိုကျော်သူရတို့ကို မြောက်ဒဂုံမြို့နယ်တွင် ဝှက်ထားသည့် လက်နက်များကို လိုက်ပြစေခဲ့ရာမှ ထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရန်ကုန်အခြေစိုက် သတင်းဌာနတချို့ကို ပြောသည်။ ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မဝမ်းကွဲတို့သည်လည်း ဇွန်လ ၆ ရက်ညပိုင်းက ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်ရှိ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းခြင်း၊ ထောင်ပြင်ခေါ်ထုတ်စစ်ဆေးရာမှ သေဆုံးခြင်းတို့အတွက် စစ်ကောင်စီ၏ ဖာထေးပြောဆိုချက်များကို အယုံအကြည်မရှိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
“ဒီကိစ္စက ပြန်ခေါ်ထုတ်ပြီး စစ်ဆေးတာ မဟုတ်ပါဘူး။ မျက်ကွယ်ရာ ခေါ်ပြီး သတ်ဖြတ်တယ်လို့ ပြောရမှာပဲ။ ဒါက ဖက်ဆစ်တပ်က လုပ်တဲ့ ဖက်ဆစ်လုပ်ရပ်တွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ တော်လှန်ရေးသမားကို သတ်ရုံနဲ့တော့ တော်လှန်ရေးကို ရပ်လို့ရမှာမဟုတ်ဘူး ဒါက သေချာပါတယ်” ဟု ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ မတရားသတ်ဖြတ်ခံရသူပေါင်း ၃၇၅၇ ဦး ရှိသွားပြီဟုလည်း AAPP ၏ ဇူလိုင်လ ၁၀ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုအထဲတွင် စစ်ကြောရေးစခန်းများတွင် သတ်ဖြတ်ခံခဲ့ရသူ စုစုပေါင်း ၁၅၀ ရှိသည်ဟု ဆိုသည်။
“ထိုလုပ်ရပ်များသည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မတရားညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်သည့် ကြီးမားသည့်ရာဇဝတ်မှုကိုပါ ကျူးလွန်လိုက်သည့် လုပ်ရပ်ဖြစ်သလို အာဆီယံလူ့အခွင့်အရေးပဋိညာဉ်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သည်” ဟု AAPP က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က မြင်းခြံထောင်မှ ခေါ်ထုတ်ခံသွားရသည်ဟု သတင်းထွက်နေသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးသည်လည်း မည်သည့်နေရာတွင် ရောက်နေသည်ကို မသိရဘဲဖြစ်နေပြီး သတင်းအစအန ပျောက်နေသည်။
သန်းခေါင်အချိန်တွင် မြင်းခြံထောင်မှ ကိုကျော်ဇင်ဦး၊ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဥက္ကာ၊ကိုဇော်ဇော်အောင်၊ ကိုဇော်လှိုင်း၊ ကိုစိုးရာဇာထွန်းလွင်၊ ကိုရဲမင်းသွေး၊ ကိုအောင်မျိုးသန့်၊ ကိုကျော်စိုးလွင်၊ ကိုဇော်ရဲထက်၊ ကိုထက်ဦးမာန်တို့ကို ခေါ်ထုတ်သွားခြင်း ဖြစ်သည်။
AAPP က ကောက်ယူထားသည့် စာရင်းများအရ နိုင်ငံအနှံ့ ထောင်များတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉,၃၈၉ ဦး ရှိနေသည်။ စံချိန်တင် များပြားနေသည့် နိုင်ကျဉ်းတို့၏ အခြေအနေကို သိရန်နှင့် ကူညီမှုများပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ တောင်းဆိုမှုကိုလည်း စစ်ကောင်စီက လျစ်လျူရှုထားသည်။
နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာပို့ရာတွင် မိသားစုဝင်များနှင့် ကိုယ်တိုင်တွေ့ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားရာ အကျဉ်းသားတို့၏ ကျန်းမာရေးအခြေအနေ၊ ထောင်အပြောင်းအရွှေ့စသည့် သတင်းအချက်အလက်များ သိရှိနိုင်ရန်လည်း ခက်ခဲနေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)