မေးမြန်းခန်း

တိုင်သည်ဖြစ်စေ၊ မတိုင်သည်ဖြစ်စေ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က သွားစစ်မယ်

ရန်ကုန် – ၂ဝ၁၄ မှာ ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ တပ်မတော်အစိုးရလက်ထက် ထိပ်တန်းအရာရှိများ ဦးဆောင်ပါဝင်မှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့၊ အင်းဝအုပ်ချုပ်ဆိုင် ကလေးအလုပ်သမားတွေ နှိပ်စက်ခံရမှုကို ကိုင်တွယ်ဖြေရှင်းပေးရာမှာ ပြဿနာတက်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် ၄ ဦး နုတ်ထွက်သွားပါတယ်။

ကျန်ခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင် ၇ ဦးထဲက ဗိုလ်မှူးကြီးဟောင်း ဦးယုလွင်အောင်က တပ်မတော်မှာ ၂၇ နှစ် တာဝန်ထမ်းပြီးနောက် အလုပ်သမားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်တစ်ယောက် ဖြစ်ခဲ့သူပါ။ မကြာသေးခင်က လူ့အခွင့်အရေးကော်မရှင်၊ ကာကွယ်စောင့်ရှောက်ဌာနကို သူတာဝန်ယူချိန်ကစပြီး မြင်းခြံထောင်အတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တာဝန်ယူစစ်ဆေးအကြံပြုမှုတွေဟာ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်သူတွေရဲ့ အသိအမှတ်ပြုမှုကို ပြန်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကော်မရှင်ရဲ့ အကြံပြုမှုတွေအပြီး အာဏာပိုင်တို့က အကျဉ်းထောင်အတွင်း အရေးယူခဲ့တဲ့အတွက် အောင်မြင်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကော်မရှင်ဟာ လွတ်လပ်တဲ့အဖွဲ့တစ်ခုဖြစ်ပြီး အစိုးရ၊ တပ်မတော်တို့ရဲ့ အကျိုးစီးပွားကို ဖုံးကွယ်ဖို့လုပ်တဲ့အဖွဲ့ မဟုတ်ဘူးလို့ သူက Myanmar Now ကို ပြောပါတယ်။

မေး။ ။ ကော်မရှင်အဖွဲ့ဝင် ၄ ဦး နုတ်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ အသစ်ပြန်မခန့်သေးတော့ လက်ရှိအဖွဲ့ဝင်တွေရဲ့ လုပ်ငန်းဆောင်တာတွေက နိုင်နင်းမှုရှိရဲ့လား။

ဖြေ။ ။ ကော်မရှင်မှာ လေ့ကျင့်ရေးနဲ့ ပညာပေးရေးဌာန၊ မူဝါဒနဲ့ ဥပဒေဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဌာန၊ စီမံခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးဌာနဆိုပြီး ဌာနကြီး ၅ ခု ရှိတယ်။ အခုလို ၄ ဦး နုတ်ထွက်သွားတော့ တစ်ဌာနကို တစ်ဦးစီပုံစံမျိုး တာဝန်ယူလိုက်ရတဲ့ သဘောတော့ ရှိပါတယ်။ ကျွန်တော်ဆို အရင်က စီမံခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးဌာနကို ဥက္ကဋ္ဌတို့နဲ့အတူ ကိုင်တွယ်နေခဲ့ရာကနေ အခုဆို အရင်ဌာနရော ကာကွယ်စောင့်ရှောက်ရေးဌာနကိုရော ပူးတွဲတာဝန်ယူလိုက်ရတယ်။ နှစ်ယောက်လုပ်ရတဲ့အလုပ်ကို တစ်ယောက်ကပဲ ဆက်လုပ်ရတော့ ပိုတာဝန်ကြီးသွားတာပါ၊ အရင်တုန်းက တစ်ယောက်တစ်လှည့်စီ ခရီးလှည့်ရတာမှာ တစ်ဦးတည်းပဲရှိတော့ တာဝန်ပိုလာတယ်။ သို့သော်လည်း လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်နင်းမှုရှိပါတယ်။ ဘာပြဿနာမှတော့ မရှိပါဘူး။

မေး။ ။ နိုင်နင်းမှုရှိတယ်ဆိုတာ တိုင်ကြားလာတဲ့အမှုတွေက လျော့သွားလို့လား။

ဖြေ။ ။ တိုင်ကြားမှုတွေက လက်ရှိအချိန်မှာတော့ ပျမ်းမျှထက်တော့ နည်းနည်းလျော့သွားပါတယ်။ ဒီလိုလျော့လာတာကလည်း အစိုးရအနေနဲ့ တိုင်ကြားလို့ရတဲ့ဌာနတွေ တိုးချဲ့လာတာလည်း ပါမယ်ထင်တယ်။ နိုင်နင်းတယ်ဆိုတာမှာ ကျွန်တော်တို့ တချို့ကိစ္စတွေကို အချိန်ပိုလုပ်ရတာပေါ့။ ဒါမှလည်း အလုပ်ပြီးမြောက်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေ နှေးသွားတာနဲ့အမျှ တစ်ဖက်မှာ လူ့အခွင့်အရေးနစ်နာနေသူတွေ ပိုဒုက္ခရောက်နိုင်လို့ပါ။

မေး။ ။ အင်းဝအပ်ချုပ်ဆိုင်အမှုကနေပြီးတော့ ကော်မရှင်အနေနဲ့ သင်ခန်းစာယူတာမျိုး ရှိသလားခင်ဗျ။

ဖြေ။ ။ ကိုယ်ရဲ့ လုပ်ပိုင်ခွင့်ဘောင်ကျော်ပြီးတော့ မလုပ်ဖို့ ကော်မရှင်ဥပဒေထဲမှာလည်း ရေးထားပါတယ်။ ရာဇဝတ်မှုကိစ္စဆိုရင် တရားရေးလမ်းကြောင်းကနေ သွားရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။ ဒီဟာမှာ ကျွန်တော်တို့ဘက်က လူမှုရေးအရ ကူညီညှိနှိုင်းပေးတဲ့ကိစ္စက တစ်ပိုင်း၊ ရာဇဝတ်မှုပိုင်းအရ လုပ်ရမှာက တစ်ပိုင်း။ ဒီနှစ်ပိုင်းကို ခွဲလိုက်ဖို့တော့ လိုပါတယ်။ ဒီနှစ်ခုကို ရောပြီး စဉ်းစားလိုက်တဲ့အခါမှာ နည်းနည်း ရှုပ်ထွေးမှုတွေ ဖြစ်တတ်ပါတယ်။ အခု ကျွန်တော်တိုင်စာတွေကို ကိုင်တွယ်ရတဲ့ကာလမှာ သံသယဖြစ်စရာ ပါတာနဲ့ ကော်မရှင်အဖွဲ့ဝင်တွေကို တင်ပြအကြံတောင်းပါ့မယ်။ အားလုံးကို ပွင့်ပွင့်လင်းလင်းတင်ပြဖို့၊ အားလုံးကို အကြံယူဖို့ကတော့ သင်ခန်းစာယူစရာကိစ္စလို့ ယူဆတယ်။

မေး။ ။ ဒီကော်မရှင်ကို သမ္မတဟောင်း ဦးသိန်းစိန် ဖွဲ့စည်းပေးခဲ့တယ်၊ အဖွဲ့ဝင်တချို့က တပ်မတော်အရာရှိတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ဝေဖန်မှုတွေအတွက် ဘာများပြောချင်သလဲ။

ဖြေ။ ။ အဓိကလိုတာက ကိုယ့်စိတ်စေတနာမှန်ဖို့ပါပဲ။ ကျွန်တော်ဆို တပ်မတော်အရာကြီးဟောင်းတစ်ယောက်အပြင် အစိုးရဌာနမှာလည်း ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ တပ်မတော်တာဝန်ထမ်းဆောင်တုန်းကလည်း အများပြည်သူအတွက်လို့ ခံယူပြီးလုပ်ခဲ့သလို ဝန်ထမ်းဘဝမှာလည်း ဒီဟာကိုပဲ ဦးတည်လုပ်ခဲ့တယ်။ လူ့အခွင့်အရေးကော်မရှင်ရောက်တော့ ပြည်သူအတွက်ကို ပိုပြီးလုပ်ခွင့်ရတဲ့အတွက် ပျော်လည်းပျော်သလို ဒီတိုင်းပဲရပ်တည်ပြီး လုပ်ပါတယ်။ စောင့်ကြည့်ဖို့ပဲ လိုပါတယ်၊ ကျွန်တော်တို့သည် တစ်ဖက်ဖက်ကို ဘက်လိုက်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးဆိုတာ လုပ်ရပ်တွေပေါ်မှာ တွေ့နိုင်ပါတယ်။ အခုဆိုရင် ကျွန်တော် တိုင်စာဌာနမှာ တာဝန်ယူတာ ၂ လလောက် ရှိပါပြီ။ ထူးထူးခြားခြား ပြောရရင် မြင်းခြံအကျဉ်းထောင်ကိစ္စပါပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုရှိနေတဲ့ တိုင်စာရောက်တော့ လေ့လာနေချိန်မှာပဲ အဲ့ဒီထောင် ဆူပါတယ်။ ချက်ချင်းသွားမှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး သွားပါတယ်။ မြင်းခြံထောင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတာ ကျွန်တော်တို့ တွေ့ပါတယ်။ ထောင်ပိုင်လုပ်တဲ့သူရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်မှုတွေဟာ သူ့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာလို့ သိချင်မှသိမယ်၊ သို့သော် အဲ့ဒီပုံစံမျိုး ဖြစ်နေတယ်။ ထောင်သားတွေမှာ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးတွေမှာ တော်တော်လေး ဒုက္ခရောက်တာကို တွေ့ပါတယ်။ ငွေကြေးတောင်းခံမှုတွေ၊ ဆေးခန်းကို လွတ်လွတ်လပ်လပ် မသွားရတာတွေ အကုန်လုံးကို ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကို ထောက်ပြပါတယ်။

အရင်ထောင်ပိုင်တွေတုန်းက ထောင်တွင်းဆေးရုံရှိတယ်။ အကျဉ်းသားတွေ သွားခွင့်ရှိတယ်။ ပြဿနာဖြစ်တဲ့ ထောင်ပိုင်လက်ထက်မှာ ထောင်ဆေးရုံကို သွားခွင့်မရှိဘဲနဲ့ ထောင်မိန်းဂျေးမှာ ထောင်သားအားလုံးက ဆောင့်ကြောင့်ထိုင်ပြီး ဆရာဝန်ကို စောင့်ရတယ်၊ လာတော့လည်း ဆရာဝန်မဟုတ်ဘဲ ဆေးမှူးအဆင့်ပဲလာတာ၊ ဆေးကိုလည်း တိုင်းထွာယူလာတော့ ထောင်သားတွေကို ဆေးပေးဖို့ မလုံလောက်တာ၊ တစ်ခါတလေ သူမလာတော့ ဒီတိုင်းထပြန်ရတာတွေရှိတော့ ထောင်သားတွေ တော်တော်လေး မကျေလည်ကြဘူး။ အိမ်က ဆေးလာပို့ရင်လည်း စစ်ဆေးဖို့ဆိုပြီး ယူသွားတာ ပြန်မရကြဘူး။ ထောင်ကို အပ်ထားတဲ့ ပိုက်ဆံနဲ့ ဝယ်ပြန်ရင်လည်း ဈေး ၂ ဆကျော်နဲ့ မတန်တဆ ပေးရတာတွေရှိတယ်။ ကျွန်တော်တို့ ဒါတွေအားလုံးကို ထောက်ပြပါတယ်။ ထောက်ပြတဲ့အတိုင်းပဲ တာဝန်ရှိသူကို ထိထိရောက်ရောက် အရေးယူတာ၊ အကျဉ်းသားတွေ အဆင်ပြေအောင် ပြန်လုပ်ပေးတာလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ ပွင့်ပွင့်လင်းလင်းနဲ့ မှန်မှန်ကန်ကန် လုပ်ခဲ့ပါတယ်။ အကြံပြုချက်အတိုင်း ပြည်ထဲရေးဘက်ကလည်း လိုက်လုပ်တဲ့အတွက်ကြောင့် ဒါဟာ အောင်မြင်မှုတစ်ခုလို့ ကျွန်တော် ယူဆပါတယ်။

မေး။ ။ ယုံကြည်မှုရအောင်လို့ မြင်းခြံထောင်ကိစ္စဆို အခုလို တိတိကျကျလေး ကိုင်တွယ်လိုက်တာလား။

ဖြေ။ ။ အဲ့ဒီလိုမဟုတ်ပါဘူး။ ကျွန်တော့်ပုံစံအတိုင်း ကျွန်တော်လုပ်တာပါ။ တမင်သက်သက်လုပ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တပ်မတော်သားဘဝကတည်းက ရွာထဲဝင်တာမှာ ကြက်ခိုးလာရင်တောင် ကျွန်တော်က ရွာလူကြီးရှေ့မှာ အဲ့ဒီတပ်မတော်သားကို ဆုံးမပြီး ပြန်ပေးခိုင်းတယ်။ ပျက်သွားတဲ့နာမည်ကို ပြန်ကောင်းအောင် တမင်ကြိုးစားတာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်အရ လုပ်တာဖြစ်တဲ့အတွက် ကာလကြာလာရင် သူတို့ဘာသာ သူတို့ သိလာမြင်လာမယ်လို့ ယုံကြည်တယ်။ ဒီအတွက် ကျွန်တော်က ထူးထူးခြားခြား အားထည့်လုပ်တဲ့သဘော မရှိပါဘူး။

မေး။ ။ အုပ်ချုပ်သူ၊ အာဏာရှိသူတွေအောက်မှာပဲ လုပ်နေရတဲ့အတွက် လွတ်လပ်တဲ့ ကော်မရှင်မဟုတ်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့တယ်။ လုပ်ကိုင်ရတာမှာ တကယ်ရော လွတ်လပ်မှုရှိလား။

ဖြေ။ ။ ရှိပါတယ်။ ဘယ်လောက်အထိ လွတ်လပ်သလဲဆိုတော့ ကျွန်တော်တို့တွေသည် ဘာပဲလုပ်လုပ် ခွင့်တောင်းစရာ မလိုဘူး။ အသိပေးသွားဖို့ပဲလိုတယ်။ လုပ်ခွင့်ပြုပါဆိုတဲ့ စကားလုံး ကျွန်တော်တို့ တစ်ခါမှ မသုံးဘူး။ အရင်အစိုးရတုန်းကလည်း ကျွန်တော်တို့ကို မလုပ်နဲ့လို့ တစ်ခါမှ မတားဖူးဘူး။ ဒီအစိုးရလက်ထက်မှာ ပိုပြီးတော့တောင် အဆင်ပြေလာသေးတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ သုံးသပ် ဆုံးဖြတ်ချက်တွေ အပေါ်မှာ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား ဆိုပြီး ဘယ်သူမှ ဝင်မစွက်ဖက်ဘူး။ ဘယ်သူမကျေနပ်၊ မကျေနပ် ကျွန်တော်တို့ ရဲရဲတင်းတင်းပဲပြောတယ်။ ကျွန်တော်တို့ပြောဆိုမှုတွေဟာ တချို့ဝန်ကြီးဌာနကို ထောက်ပြသလိုဖြစ်ပါတယ်။ လူ့အခွင့်အရေးရှုထောင်ကပဲ ကြည့်ပြီး ကျွန်တော်တို့မှန်တယ်ထင်ရင် ဥပဒေနဲ့အညီထောက်ပြရမယ်၊ ဒါမှတာဝန်ကျေတယ်လို့ ခံယူပြီး ထောက်ပြပါတယ်။ အဲ့ဒီလိုလုပ်လို့လည်း ကျွန်တော်တို့အပေါ်မှာ အငြိုးထားမှု၊ အကျိုးပျက်စီးမှုတို့လို သက်ရောက်မှုတွေ ဘာမှမရှိပါဘူး။

မေး။ ။ ဦးသိန်းစိန်လက်ထက်နဲ့ ဦးထင်ကျော်လက်ထက်မှာ လုပ်ရကိုင်ရတာ ဘာတွေပြောင်းလဲမှုရှိလဲ။

ဖြေ။ ။ ထူးထူးထွေထွေတော့ မကွာပါဘူး။ အရင်တုန်းကတော့ ကျွန်တော်တို့ အကျဉ်းထောင်၊ အချုပ်ခန်းတွေ စစ်တဲ့အခါမှာ အကန့်အသတ်ကလေးတွေ နည်းနည်းရှိတယ်။ ထောင်ပဲကြည့်ခွင့်ပြုမယ်၊ အချုပ်ခန်းကြည့်ခွင့်မပြုဘူးဆိုတာမျိုးတွေပေါ့။ နောက်ပိုင်းတော့ အကုန်ကြည့်ခွင့်ပြုတာတွေ ရှိပါတယ်။ အရင်အစိုးရကတည်းက ကျွန်တော်တို့နဲ့ တဖြည်းဖြည်းနဲ့ တင်းကျပ်တာတွေလျှော့ပြီး ပိုမို ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ အခုအစိုးရက ပြည်သူအားလုံး တစ်ခဲနက်အားပေးခဲ့တဲ့ အစိုးရဖြစ်တယ်၊ သူတို့ကိုယ်တိုင်ကလည်း ဒီလိုဒုက္ခတွေကို ခံစားလာခဲ့ကြသူတွေဖြစ်တော့ ကျွန်တော်တို့ကို အားပေးမှုပိုရှိပါတယ်။ တုံ့ပြန်ဆောင်ရွက်တာမှာတော့ ဥပမာ မြေနဲ့ပတ်သက်လို့ အရင်အစိုးရက သိမ်းသွားပါတယ်၊ အခုထိ ပြန်မရသေးဘူးဆိုတဲ့ ပြောဆိုချက်တွေမှာ ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးပါလို့ ကျွန်တော်တို့ ပြောတယ်။ ပြန်ပေးပါလို့ ကျွန်တော်တို့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း ကွင်းဆင်းစိစစ်ဖို့ အချိန်မရတာက တစ်ကြောင်း၊ ဒေသန္တရအစိုးရတွေမှာ တာဝန်ရှိတဲ့အတွက်ကြောင့် သူတို့ကိုပဲ မေးတဲ့သဘောမျိုးပါ။ အဲ့ဒါမျိုးမှာ သူတို့သေချာစိစစ်ပြီးတော့ အကြောင်းပြန်တာမှာ သူတို့သည် လျော်ကြေးပေးပြီးတော့ သိမ်းလိုက်တာဖြစ်တယ်၊ အခုလည်း အစိုးရသည် အများပြည်သူအတွက် ဘာတွေလုပ်နေတယ်၊ ဒါ့ကြောင့် ပြန်မပေးနိုင်ပါဘူးဆိုပြီး လက်ရှိအစိုးရလက်ထက်မှာ အကြောင်းပြန်တာတွေ ရှိပါတယ်။ တပ်မတော်အစိုးရလက်ထက်က သိမ်းထားတာကို ပြည်သူ့အစိုးရလက်ထက်မှာ ပြန်ပေးမလားလို့ သာမန်အားဖြင့် မျှောင်လင့်ပြီး တိုင်ကြတာမှာ လက်ရှိအစိုးရက လျော်ကြေးပေးပြီးသားဖြစ်တဲ့အတွက် ငြင်းတာမျိုးတွေ။ ဒါမျိုးဆို တိုင်တဲ့သူကိုယ်တိုင်က မဟုတ်တာလို့ သုံးသပ်ရတယ်။ ဒါမျိုးကို လူ့အခွင့်အရေးရှုထောင့်အရ နစ်နာတာမျိုးလို့ မယူဆပါဘူး။

မေး။ ။ ဒီနှစ်အတွက် ဘတ်ဂျက်အသုံးက ဘယ်လောက်ရှိလဲ။ နောက်နှစ်အတွက်ရော ဘတ်ဂျက် ဘယ်လောက် လျာထားတာရှိလဲ။

ဖြေ။ ။ နောက်နှစ်ဘတ်ဂျက်အတွက်က ကျပ် သိန်း ၈,ဝဝဝ တောင်းထားပါတယ်။ ဒီနှစ်ထက်တော့ နည်းနည်းပိုများတယ်။ အဲ့ဒီတုန်းက ကော်မရှင် ၁၁ ယောက်ရှိချိန်က တောင်းထားတာ။ သူတို့အတွက် ဆီဖိုးတွေရော ချီးမြှင့်စရိတ်အတွက်ရောပေါ့။ အခုတော့ တကယ်သုံးရင် လျော့သွားပါလိမ့်မယ်။ ကျွန်တော်တို့အသုံးတွေက နယ်လှည့်သွားရတဲ့ ခရီးစရိတ်တွေပါ။ ကျွန်တော်တို့ လစာက ကျပ်သိန်း ၂ဝ ပါ။ ဥက္ကဋ္ဌက ကျပ်သိန်း ၃ဝ ရပါတယ်။ ကျန်တဲ့ရာထူးတွေလည်း အရပ်ဘက်ဝန်ထမ်းတွေနဲ့ လစာက အတူတူပါပဲ။ တောင်းထားတာ ပိုသွားတာက ကျွန်တော်တို့ ဝန်ထမ်းတိုးခန့်ဖို့လည်း ရှိတယ်။ လက်ရှိမှာ ရုံးအကူ၊ ကားဒရိုင်ဘာ အပါအဝင် ဝန်ထမ်း ၅၈ လောက်ပဲ ရှိတယ်။ ၁ဝ ယောက်လောက်က ရုံးအကူ၊ ကားဆရာလောက်ပဲ ဆိုတော့ ရုံးလုပ်ငန်းကို မလုပ်နိုင်ကြဘူးလေ။ ရုံးဝန်ထမ်းတွေလည်း အလုပ်မနိုင်ဘူး။ နောက်တစ်ခုက မန္တလေးနဲ့ နေပြည်တော်မှာ ရုံးခွဲတွေ ထပ်ဖွင့်ဖို့ရှိတယ်။ တိုင်ကြားစာတွေကို ပိုလက်ခံလို့ရအောင်ပေါ့။

မေး။ ။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေဆိုရင် ရှမ်း၊ ရခိုင်၊ ကချင်ပြည်နယ်တို့ကို သိပ်ကို သွားချင်ကြတယ်။ ကိုယ့်ပြည်တွင်းမှာရှိတဲ့ လူ့အခွင့်အရေးကော်မရှင်ဆို တိုင်ကြားမှဆိုတဲ့ အနေအထားမျိုးလို့ တချို့က မြင်ကြတယ်။ မတိုင်ကြားတာတောင်မှ အသံကြားတာနဲ့ လုပ်ရမယ်ဆိုတာမျိုး ဘာလို့မရှိတာလဲ။

ဖြေ။ ။ အဲ့ဒါတွေက ထင်နေကြတာပါ။ တချို့ကိစ္စတွေမှာ ကျွန်တော်တို့က ချင့်ချိန်ရပါတယ်။ နောက် လုံခြုံရေးအရလည်း ကျွန်တော်တို့က စဉ်းစားရတယ်။ ကျွန်တော်တို့ကို မတိုင်ဘဲနဲ့ လုပ်ခဲ့တဲ့ကိစ္စတွေလည်း ရှိပါတယ်။ (အင်တာနက်) လူမှုကွန်ရက်မှာ အိမ်ဖော်ကောင်မလေး နှိပ်စက်ခံရတာတို့မှာ ကျွန်တော်တို့ကို ဘယ်သူမှမတိုင်ဘဲနဲ့ သွားခဲ့တာပါ။ (ရန်ကုန်၊ ဗဟန်းမြို့နယ်) ဗိုလ်မှူးကျော်နုမော်အိမ်က အမှုနဲ့ နောက်တစ်မှုပါ။ ဘယ်သူမှမတိုင်ဘဲ သွားစစ်တယ်၊ အဲ့ဒီတရားရုံးချိန်းတွေကိုလည်း သွားပါတယ်။ တိုင်မှလုပ်တဲ့သဘောမျိုးတော့ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်က ဘူးသီးတောင်မှာဖြစ်တဲ့ဟာမျိုးတော့ သွားဖို့လာဖို့ ချင့်ချိန်ရပါတယ်။ အစိုးရကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ လုပ်တော့ ကျွန်တော်တို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးလည်း ပါနေတော့ ထပ်သွားဖို့ မလိုတော့ဘူးလို့ ကျွန်တော်တို့ယူဆတယ်။ နောက်ပြီး ဘတ်ဂျက်ထဲမှာ လျာထားတဲ့ ငွေကြေးထက် ကျော်သွားပြန်ရင်လည်း ကျွန်တော်တို့မှာ အခက်အခဲရှိတယ်။

မေး။ ။ ရှမ်းပြည်မြောက်ပိုင်းက စစ်ပွဲတွေ၊ ရခိုင်ဒေသအရေးအခင်းတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးရေး၊ ဘာသာရေးနှိပ်ကွပ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ရှိတယ်လို့ ရေးကြတယ်။ အစိုးရက အဲ့ဒါမျိုး မရှိဘူးလို့ ထုတ်ပြန်တယ်။ အစိုးရဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတကာက ဘယ်လောက်ယုံမလဲ၊ ဦးယုလွင်အောင်တို့လို အဖွဲ့အစည်းက ဒီကိစ္စတွေကို ဝင်ကိုင်တွယ်တာ ပိုကောင်းတယ်လို့ မယူဆဘူးလား။

ဖြေ။ ။ ယူဆပါတယ်။ ကျွန်တော်တို့မှာ ကိုယ့်ဘာသာ သွားစစ်ခွင့်လည်း ရှိပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့က စောင့်ကြည့်နေတာပါ။ အဲ့ဒီလိုနေရာသွားဖို့က တော်တော့်ကို အန္တရာယ်ကြီးတဲ့ နေရာလည်းဖြစ်တယ်။ ဘယ်သူက ကျွန်တော်တို့ရဲ့ လုံခြုံရေးကို တာဝန်ယူမှာလဲ။ ကချင်ပြည်နယ်ထဲကို ဟိုးအရင်က သွားခဲ့ဖူးပါတယ်။ ကျွန်တော်တို့အဖွဲ့ဝင်တွေ သွားသင့်၊ မသွားသင့်ကို တိုင်ပင်ကြတာမှာ စောင့်ကြည့်နေပါဦးဆိုတဲ့ အဖြေထွက်လာတယ်။ ကျွန်တော်တို့မှာ သွားခွင့်မရှိဘူးလို့တော့ မရှိပါဘူး။ သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ ချင့်ချိန်လုပ်နေတဲ့သဘောပါ။ မြို့ပေါ်ထိုင်၊ လျှောက်မေးပြီး ပြန်လာလို့ကလည်း သဘာဝမကျဘူးလေ။ ထဲထဲဝင်ဝင်လုပ်ဖို့ကလည်း ကျွန်တော်တို့ကို တစ်ဖက်က ယုံမလား၊ လက်နက်ကိုင်တွေကရော ယုံမလား။ ကျွန်တော်လည်း တိုက်ပွဲကြားနေခဲ့ဖူးသူပါ။ သေမှာမကြောက်ပါဘူး။ သို့သော် အလဟဿ သေမှာတော့လည်း မဖြစ်သင့်ဘူးလေ။ လိုအပ်ရင်တော့ ကျွန်တော်တို့ သွားမှာပါ။

မေး။ ။ ရရှိတဲ့တိုင်စာတွေက တစ်နိုင်ငံလုံး ဖြစ်ပျက်နေတာတွေနဲ့ ယှဉ်ရင် အင်မတန်ကို နည်းပါတယ်။ ပြည်သူလူထုယုံကြည်ပြီး တိုင်ကြားလာနိုင်အောင် လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘာတွေ ပြုပြင်ပြောင်းလဲသင့်တယ်လို့ ထင်လဲ။

ဖြေ။ ။ အများတိုင်ကြားလာတတ်အောင် ကျွန်တော်တို့တွေ ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ တိုင်တတ်အောင် သင်ပေးဖို့ လိုပါတယ်။ အရင်တုန်းက တိုင်စာတွေ အရမ်းများတယ်။ လုပ်ကိုင်ဆောင်ရွက်မှုပမာဏက နည်းတယ်။ ဘာလို့လဲဆိုတော့ တချို့တိုင်စာတွေက ပုဂ္ဂိုလ်ရေးတွေ။ တကယ့်လူ့အခွင့်အရေးချိုးဖောက်ခြင်း မဟုတ်ဘဲနဲ့ တိုင်စာထဲမှာ စာရင်းသွင်းလိုက်တော့ တိုင်စာက အရမ်းကိုများတယ်။ အခုတော့ အဲ့ဒီလိုမျိုးကို စာရင်းမသွင်းဘဲ ဖယ်လိုက်တော့ တိုင်စာတွေက လျော့ကုန်တာ။ မြင်းခြံထောင်ကိစ္စမှာ (ကော်မရှင်ရဲ့ ဖြေရှင်းချက်ကို) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တို့ကလည်း ကျေနပ်ကြတာကို တွေ့ရတယ်၊ အဲ့ဒီသတင်းသာ အကျဉ်းသားတွေရဲ့ မိသားစုတွေက ကြားခဲ့မယ်ဆိုရင် အားကိုးစရာလို့ ယူဆပြီး ထောင်နဲ့ပတ်သက်လာရင်တော့ တိုင်တော့မှာပဲလေ။ ထိုနည်းတိုင်းပဲ ကျွန်တော်တို့လုပ်နေတဲ့ တခြားကိစ္စတွေ ဘယ်လောက်အထိ အောင်မြင်မှုရမလဲကို စောင့်ကြည့်ရမယ်။ အောင်မြင်မှုတွေရလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေရလာရင် တကယ့် လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေက ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ရဲရဲတင်းတင်း တိုင်လာမယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။ အချိန်တစ်ခုတော့ စောင့်ရလိမ့်မယ်။ ကျွန်တော်တို့က လူ့အခွင့်အရေးကို ကြည့်တဲ့အခါမှာ အစိုးရဘက်၊ သူဌေးဘက်၊ ဆင်းရဲသားဘက် စသဖြင့် အဲ့ဒီလိုမစဉ်းစားဘဲနဲ့ လူသားချင်းစာနာထောက်ထားတဲ့ ရှုထောင်ကပဲ ကြည့်ပြီး ပြဿနာတွေကို ဖြေရှင်းပေးနေပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေဖြစ်လာပြီဆိုရင် တိုင်သည်ဖြစ်စေ၊ မတိုင်သည်ဖြစ်စေ ကျွန်တော်တို့အနေနဲ့ သွားရောက်စစ်ဆေးပါ့မယ်။ ကျွန်တော်တို့သည် တကယ့်ကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို ပြည်သူတွေ ယုံကြည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့သည် ပြည်သူတွေဘက်က၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေဘက်က လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို ယုံယုံကြည်ကြည်နဲ့ အားကိုးတိုင်ကြားစေလိုပါတယ်။ ။

Show More

Related Articles

Back to top button