သတင်း

အမြန်လမ်းတွင် စစ်ကား ၃ စီးကို မိုင်းခွဲတိုက်ခိုက်ဟု စဉ့်ကိုင် PDF ပြော

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီထောက်ပို့ယာဉ်များကို ယမန်နေ့(ဇန်နဝါရီ ၂) က နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က ပြောသည်။

မွန်းလွဲ ၁ နာရီနှင့် ညနေ ၄ နာရီဝန်းကျင် ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ရွှေမိုးမြေကျေးရွာ (မိုးကြိုးတွင်းရွာ) အနီး၊ မိုင်တိုင် ၃၄၂ တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စဉ့်ကိုင် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တစ်နေရာတည်းမှာပဲ နှစ်ခါ တိုက်ခိုက်တာ၊ ပထမတစ်ကြိမ်က နှစ်စီး၊ နောက်တစ်ကြိမ်က တစ်စီးတည်း။ ထောက်ပို့ကားတွေ ချည်းပဲ” ဟု ၎င်းက ဆိုသည်။

“ကားအကြီးကြီးတွေ။ နောက်ခန်းမှာ လူပါရင်တော့ လူထိမှုရှိနိုင်တယ်။ မပါရင်တော့ ကားပဲ ထိခိုက်မှာ၊ အထိအခိုက်ကို ကျွန်တော်တို့ အတည်ပြုလို့မရဘူး”

ထိုဖြစ်စဉ်များအပြီးတွင် ရွှေမိုးမြေကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး စစ်ဆေးရှာဖွေသည်ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာဓမ္မာရုံကို ရောက်လာတယ်။ နောက်တစ်ခါတိုက်ခိုက်ခံရရင် ရွာထဲကလူတွေကို ဖမ်းမယ်၊ စစ်ဆေးတာတွေ လုပ်မယ်လို့ ပြောတာ”ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ထိုနေရာအနီးတွင်ပင် ကျောက်ဆည်မြို့နယ်အခြေစိုက် PDF အဖွဲ့တချို့က စစ်ယာဉ်တစ်စီးကို ထိုသို့ တိုက်ခိုက်ခဲ့ဖူးသည်ဟု သိရသည်။

အမြန်လမ်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ အရှိန်မြင့်နေသည်။ ရန်ကုန်− မန္တလေး အမြန်လမ်းပေါ်ရှိ စစ်ကောင်စီပစ်မှတ်များ ယခင်ကလည်း တိုက်ခိုက်ခံရဖူးသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ် မိုင်တိုင် ၁၁၀ အနီးရှိ ဇဟား (ခ) စေတီတစ်ထောင်ရဲကင်းကို ဖြူးမြို့ဒေသကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ရာ ရဲငါးဦး သေဆုံးပြီး လက်နက်များ ဆုံးရှုံးသွားသည့် နိုဝင်ဘာ ၉ ဖြစ်စဉ်မှာ ထင်ရှားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button