
ရန်ကုန် – အမျိုးသမီးတွေ အိမ်မှုကိစ္စမျိုးစုံ တစ်နေကုန်လုပ်ရတာကို ဝင်ငွေရလုပ်အားအဖြစ် ထည့်တွက်ဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းဝေက ပြောပါတယ်။
မကြာသေးရက်ပိုင်းအတွင်းက တွေ့ဆုံမေးမြန်းရာမှာ အိမ်တွင်းအလှဆင်လုပ်ငန်း လုပ်ကိုင်သူ ၄၄ နှစ်အရွယ် ဒေါ်နှင်းဝေက အမျိုးသမီးတိုင်းမှာ စွမ်းရည်ရှိပုံ၊ အမျိုးသမီး နဲ့ ဦးဆောင်မှု ကဏ္ဍ၊ လုပ်ငန်းရှင် အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အဟန့်အတား၊ ဖွံ့ဖြိုးရေးသင်တန်း အတွက် စဉ်းစားရမယ့်အချက်၊ ပြည်ပရင်းနှီးမြှုပ်နှံမှု စတဲ့ အကြောင်းအရာမျိုးစုံကို ပြောပြထား ပါတယ်။
မေး – အမျိုးသမီးတွေ စီးပွားရေးလုပ်ဖို့ ဘာတွေက အဟန့်အတား ဖြစ်နေသလဲ။
ဖြေ – အမျိုးသမီးလည်း စီးပွားရေးလုပ်လို့ ရတယ် ဆိုပြီးတော့ ကိုယ့်အနေနဲ့ သိထားဖို့ လိုပါတယ်။ ငယ်ငယ်တည်းက ကျွန်မတို့ကို အမျိုးသမီးဆို လိမ်လိမ်မာမာ နေရမယ်၊ ပညာတတ်ဖို့ မလိုဘူး၊ အိမ်မှုကိစ္စ နိုင်နင်းရမယ်၊ အိမ်ထောင်ပြုပြီးရင် အမျိုးသားကို မှီခိုရမယ် ဆိုပြီးတော့ သင်လိုက်တယ်။ အမျိုးသားတွေကိုတော့ ဦးဆောင်ရမယ်၊ စာတတ်အောင် သင်ရမယ်၊ အလုပ် လုပ်နိုင်အောင် ဝင်ငွေရအောင် ကြိုးစားရမယ်၊ ဒါမှ မိသားစုကို ဦးဆောင်နိုင်မယ် ဆိုပြီးတော့ သင်လိုက်တယ်။ ဒီလိုပဲနေရမယ်လို့ သတ်မှတ်လိုက်တဲ့ အတွက် ယဉ်ကျေးမှုကြီးက အဟန့်အတား ဖြစ်သွားတာပေါ့။ အမျိုးသမီးတွေက အိမ်မှာပဲနေတာ မဟုတ်ဘူး၊ စီးပွားရေးလည်း လုပ်လို့ရပါတယ်။ ဥပမာ – ဈေးထဲကို ကြည့်မယ် ဆိုရင် အမျိုးသမီးတွေ ဈေးရောင်းတာ များတယ်။ ဈေးရောင်းနေတယ် ဆိုတာကလည်း အမျိုးသမီးတွေအနေနဲ့ ဦးဆောင်ပြီး လုပ်နိုင်တယ်ဆိုတာ သဘောပါပဲ။
မေး – အိမ်ထောင်သည်အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ ဆက်လက်ရှိနေနိုင်အောင် ဘယ်လို အထောက်အပံ့ အကူအညီ လိုပါသလဲ။
ဖြေ – အမျိုးသမီးတွေဝင်ငွေရအလုပ်လုပ်တဲ့အခါ ပံ့ပိုးကူညီပေးတဲ့ အစီအစဉ်တွေ အများကြီးလိုတာပေါ့။ ကလေးရှိလို့ အမျိုးသမီးတစ်ယောက်က အလုပ်မလုပ်ရဘူးဆို ကုမ္ပဏီပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် ကလေး ထိန်းကျောင်းတဲ့နေရာ ဖန်တီးပေးဖို့ လိုပါတယ်။ အမျိုးသမီးအများစုက သူတို့မှာ အခွင့်အရေး မရှိဘူး ဆိုပြီး ပြောကြတယ်။ အခွင့်အရေးက ရှိနေတယ်၊ ဆုပ်ကိုင်နိုင်ဖို့ အရေးကြီးတယ်။ ဥပမာ – နယ်တွေမှာဆို ကျောင်းနဲ့အိမ်နဲ့ ဝေးတဲ့အခါ အမျိုးသမီး တစ်ယောက်တည်း မသွားသင့်ဘူးလို့ ပြောလိုက်တာနဲ့ ဒီကျောင်းကို မတက်ဖြစ်တော့ ဘူးပေါ့။ အမျိုးသားနဲ့အမျိုးသမီးက ပညာသင်ခွင့် အတူတူရှိတယ်။ ဒါပေမဲ့ အဲ့ဒီလို အကြောင်းအရာတွေကြောင့် မဖမ်းဆုပ်နိုင်တော့ဘူး။ အခွင့်အလမ်းက ရှိတယ်။
မေး – အမျိုးသမီးတွေ စီးပွားရေးလုပ်ကိုင်တဲ့အခါ ထူးထူးခြားခြား ဘယ်လို အခက်အခဲများ ကြုံတွေ့ရလဲ။
ဖြေ – ကျွန်မတို့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေအတွက် အဟန့်အတား ဖြစ်တဲ့ဟာတွေ အများကြီး ရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း အိမ်ထောင်သည်အမျိုးသမီးဖြစ်တော့ အိမ်ရောက်ရင် အိမ်မှုကိစ္စ လုပ်ရတာပေါ့။ အဓိကတော့ ကိုယ့်အမျိုးသားက ကိုယ့်အပေါ်မှာ နားလည်မှု ရှိဖို့ပါ။ မိန်းမမို့လို့၊ အမျိုးသမီးမို့လို့ စီးပွားရေးလုပ်စရာ မလိုဘူးလို့ ပြောတဲ့ ခင်ပွန်းသည်မျိုးနဲ့ တွေ့ရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်မ အမျိုးသားကတော့ အခုလို ကိုယ်အလုပ်လုပ်နေတာကို ထောက်ခံပြီး နားလည်ပေးတဲ့သူမျိုးဖြစ်တော့ အဆင်ပြေတာပေါ့။
မေး – အသင်းရဲ့သက်တမ်း နှစ်ပေါင်း ၂ဝ ကျော်အတွင်း အသင်းဝင်တွေအတွက် ဘာတွေ ဆောင်ရွက်ခဲ့ပါသလဲ။
ဖြေ – အသင်းစတည်ထောင်တုန်းက အသင်းဝင်က ၂၅ ဦး။ အခုကျတော့ အသင်းဝင်က ၂,ဝဝဝ ကျော်ပေါ့။ အရင်တုန်းက နိုင်ငံခြားကို သွားဖို့အတွက် ခက်ခဲတယ်။ ဒီအသင်း ထူထောင် ပြီးတဲ့အခါကျတော့ အသင်းဝင် အမျိုးသမီးတွေ စီးပွားရေးကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံခြား ပွဲတွေ၊ အစည်းအဝေးတွေ၊ သင်တန်းတွေ တက်ရောက်ခဲ့တယ်။ ပြည်တွင်းအနေနဲ့ဆိုရင် လည်း သန်လျင်မြို့နယ် ကရင်ဆိပ် စံပြကျေးရွာကို တိုးတက်အောင် လုပ်ပေးခဲ့တယ်။ အရင်က ဒီရွာက စာသင်ကျောင်း အခက်အခဲ ရှိတယ်၊ ရေရှားပါးတယ်၊ ဆေးရုံ ဆေးခန်း အခက်အခဲ ရှိတယ်။ အခု ၁ဝ နှစ်ကျော် ကာလအတွင်းမှာ ကလေးတွေလည်း တစ်ထောင်ကျော်လောက် ကျောင်းထားပေးနိုင်ခဲ့တယ်။ ရွာက ကလေးတွေကို ကျောင်းထားပေးပြီးတော့ သူတို့ဘွဲ့ရတဲ့ အချိန်ကျတော့ ကျွန်မတို့အသင်းမှာပဲ အလုပ်ပြန်ပေးပါတယ်။ ဒီရွာကို ချေးငွေ ထုတ်ပေးတယ်။ ကျေးလက်ဒေသ ဆင်းရဲတဲ့အမျိုးသမီးတွေ မူလတန်းပညာ ပြီးဆုံးတဲ့အထိ ကျောင်းတက် နိုင်အောင် ထောက်ပံ့ပေးတဲ့ အစီအစဉ်လည်း ရှိပါတယ်။ အဲ့ဒါကတော့ ၂ဝဝ၅ ခုနှစ်က စခဲ့တယ်။
မေး – ဘယ်မြို့နယ်က အမျိုးသမီးလေးတွေကို ထောက်ပံ့ပေးတာလဲ။
ဖြေ – ရန်ကုန်ဆို လှိုင်သာယာ၊ သန်လျင်၊ ခရမ်း၊ သုံးခွ။ ဧရာဝတီတိုင်းဆို ကျိုက်လတ်။ တောင်ကြီး၊ အင်းလေး။ ပဲခူးတိုင်းထဲမှာဆို ပြည်။ ကရင်ပြည်နယ်မှာဆို ဘားအံ၊ မြဝတီနယ်စပ်တွေက အမျိုးသမီးတွေကို မူလတန်းပညာ ပြီးဆုံးတဲ့အထိ ထောက်ပံ့ပေးနေပါတယ်။ ကျောင်းပေါင်းကတော့ ၃၇ ကျောင်းပါ။
မေး – အသင်းရဲ့ အသုံးစရိတ် ဘယ်ကရသလဲ။
ဖြေ – အသင်းရန်ပုံငွေနဲ့ပဲ လည်ပတ်ပါတယ်။ ဘယ်အဖွဲ့ဆီကမှ အထောက်အပံ့ မယူပါဘူး။ အမျိုးသမီး တစ်ယောက်က အသင်းဝင်မယ်ဆိုရင် တစ်သိန်းတစ်သောင်းပေးရပါတယ်။ အသင်းဝင်ကြေးက တစ်သောင်း၊ ရန်ပုံငွေက တစ်သိန်း ပေးရပါတယ်။ အသင်းဝင်အားလုံးက လုပ်အားပေးသူတွေပါ။ ဘယ်ခရီးပဲသွားသွား အသင်းက ထုတ်ပေးတာ မရှိပါဘူး။ ကိုယ်စရိတ်နဲ့ကိုယ်သွားရတာပါ။
မေး – အမျိုးသမီးအဖွဲ့အများစုက သူတို့လုပ်နိုင်တဲ့ လက်မှုပညာတွေ လုပ်ကြပေမယ့် ဈေးကွက်ပိုင်းဆိုင်ရာ အားနည်းတာ ဘာကြောင့်လို့ ထင်လဲ။
ဖြေ – လိုအပ်နေတဲ့ဟာကို ထုတ်လုပ်တယ် ဆိုရင်တော့ ဈေးကွက်က အဲ့ဒီလောက် ရှာစရာမလိုပါဘူး။ ဥပမာ.. ဖယောင်းတိုင်လုပ်တဲ့သင်တန်း ပေးတယ်ဆိုရင် အဲ့ဒီနယ်ကထွက်တဲ့ ဖယောင်းတိုင်ကို ဘယ်နေရာမှာ သုံးမလဲ ဆိုတဲ့ ဈေးကွက်ကို အရင်လေ့လာဖို့ လိုတယ်။ အမျိုးသမီးတိုးတက်ရေး ဆိုပြီး အင်္ကျီချုပ်သင်တန်း ပေးလိုက်တယ်။ ဒါပေမဲ့ ရွာမှာက အင်္ကျီ ချုပ်တဲ့သူက ၁ဝ ယောက်၊ ချုပ်ဝတ်မယ့်သူက သိပ်မရှိဘူးဆိုရင် ဒီသင်တန်းက သင်လိုက်ပေမယ့် အကျိုးမရှိဘူးပေါ့။ သင်တန်းမပေးခင်မှာ ဈေးကွက်က ဘာတွေ လိုအပ်နေလဲ၊ သင်တန်း ပေးမယ့် နေရာ လိုအပ်ချက်က ဘာလဲ ဆိုတာကို သေသေချာချာ အရင် ဆန်းစစ်ဖို့ လိုပါတယ်။ ပေါင်မုန့်ဖုတ်သင်တန်း ပေးလိုက်တယ် ဆိုပါစို့၊ နယ်မှာက ပေါင်မုန့် မစားဘူးလေ။ အဲ့ဒီလို မျိုးတော့ မဖြစ်အောင် ဆင်ခြင်ရမှာပေါ့။ အခုဆို ဆပ်ပြာ ထုတ်နေတာတွေ တွေ့တယ်။ ဆပ်ပြာကို ဘယ်လောက်ထိ သုံးနေကြလဲ၊ အရည်အသွေးကို ဘယ်လောက်ထိ လုပ်ထားလဲ၊ အဲဒီလို ဟာမျိုးတွေကလည်း အများကြီးလုပ်ဖို့ လိုပါတယ်။ အနီးစပ်ဆုံး ယိုးဒယားကို ကြည့်မယ်ဆိုရင် တစ်ရွာမှာ ထုတ်ကုန်တစ်ခု လုပ်တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး အစိုးရကလည်း ထောက်ပံ့ပေး တယ်၊ ဈေးကွက်ရအောင်လည်း စီစဉ်ပေးတယ်။ အရည်အသွေးမီရင် ဈေးကွက်တင်လို့ရအောင် လုပ်ပေးထားတယ်။ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတာပေါ့။ ဈေးကွက်မရဘူး၊ ဈေးကွက်မရ ဘူး အော်တာထက် ဈေးကွက်က လိုအပ်တဲ့ဟာ ဘယ်လို တီထွင်ပြီး ထုတ်လုပ်မလဲ ဆိုတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။
မေး – အစိုးရက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ဘယ်လို ကူညီသင့်သလဲ။
ဖြေ – စီးပွားရေးလုပ်ချင်တဲ့ အမျိုးသမီးတွေအနေနဲ့ အခက်အခဲ၊ အတားအဆီးကတော့ အမျိုးမျိုးရှိနိုင်တယ်။ တချို့လည်း ငွေရေးကြေးရေး၊ တချို့လည်း ဈေးကွက်အခက်အခဲပေါ့။ စီးပွားရေး လုပ်ငန်း တစ်ခု လုပ်မယ် ဆိုရင် အဓိကလုပ်ရမှာက မှတ်ပုံတင်ရမှာပဲ။ လွယ်လွယ်ကူကူ မှတ်ပုံတင်လို့ ရအောင် လုပ်ပေးဖို့လိုပါတယ်။ ဈေးကွက်တို့ ငွေရေးကြေးရေးတို့က နောက်တစ်ဆင့်ပါ။ ငွေရေးကြေးရေးလိုလို့ ဘဏ်မှာ ငွေချေးမယ် ဆိုရင်လည်း လုပ်ငန်းလိုင်စင် ရှိမှ ချေးလို့ရမှာ။
မေး – အစိုးရသစ်တက်ပြီးနောက်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှုအပေါ်မှာရော အားရကျေနပ်မှုရှိလား။
ဖြေ – ကျွန်မက အာဆီယံပွဲတွေ သွားတက်တယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလာဖို့အတွက် မှတ်ပုံတင် လုပ်ငန်း၊ လိုင်စင်လုပ်ငန်း လုပ်တာတွေမှာဆိုရင် မြန်မာနိုင်ငံက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အချိန်အကြာဆုံး ဆိုတာကို တွေ့ရတယ်။ ဒီအချက်ကလည်း လာရောက်ရင်းနှီးမြှုပ်နှံသူတွေ စဉ်းစားကြမယ့် အခြေအနေလို့ ထင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက သိပ်ပြီးတော့ အားကောင်းတဲ့ အခြေအနေမျိုး မဟုတ်သေးဘူး။
မေး – နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ – ဥပမာ – ကားတွေသွင်းနေမယ်အစား ပြည်တွင်းမှာပဲ ကားထုတ်လုပ်ရင်ရော၊ အဲ့ဒီလိုစဉ်းစားဖို့ လိုပါတယ်၊ သွင်းကုန်ရဲ့တန်ဖိုးကိုလည်း လျှော့ချလို့ ရတာပေါ့။ ပြည်တွင်းမှာ ထုတ်ခြင်းအားဖြင့် ကိုယ့်နိုင်ငံလည်း အလုပ်အကိုင် အခွင့်အလမ်း ပိုရမယ်။ အစိုးရအနေနဲ့ ပြည်တွင်း ထုတ်လုပ်မှုကို အားပေးသင့်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူက ကိုယ့်နိုင်ငံမှာ လာပြီး ထုတ်လုပ်ရင် ကိုယ့်ဆီက နည်းပညာရမယ်၊ အသိအမြင်ရမယ်။
မေး – အစိုးရသစ် လက်ထက် ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရလာတာကို အားရရဲ့လား။
ဖြေ – အမျိုးသမီးတွေကိုခေါင်းဆောင်ပိုင်းမှာ နေရာ ပေးလာတာကို အားရကျေနပ်တယ် ဆိုတာထက် လုပ်ကိုလုပ်ရဦးမှာပေါ့။ စီးပွားရေးပိုင်းမှာတော့ အမျိုးသမီးတွေက တစ်နိုင်တစ်ပိုင် တော့ လုပ်နေကြတာပါပဲ။ နိုင်ငံ အုပ်ချုပ်မှုပိုင်း၊ ခေါင်းဆောင်မှုအပိုင်းတွေမှာ အမျိုးသမီးကဏ္ဍတွေကို ပိုပြီးတော့ စဉ်းစားဖို့လိုပါတယ်။ အမျိုးသမီး လုပ်အားကို ထည့်မတွက်ထားတာတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေက အိမ်မှုကိစ္စတွေ တစ်နေကုန် လုပ်ရတယ်။ အဲ့ဒါကိုတော့ ဝင်ငွေရလုပ်အား ဆိုပြီးတော့ ထည့်မတွက်ထားဘူး။ နေရာတိုင်း ကဏ္ဍတိုင်းမှာ ကျား၊ မ တန်းတူဆိုတာ တူတူပါလာမယ်ဆိုရင် နိုင်ငံကလည်း ဒီထက်ပိုပြီးတော့ လုပ်အားရမှာပေါ့။ အမျိုးသမီးကဏ္ဍ ဒီထက် ပိုအားကောင်းလာရင် နိုင်ငံရဲ့ အရင်းအမြစ် အင်အားလည်း ပိုပြီး ကောင်းလာမယ်လို့ မြင်ပါတယ်။ အမျိုးသမီးတိုင်းမှာ အရည်အချင်း၊ စွမ်းရည်ရှိတယ် ဆိုတာကို လူတွေ အကုန်လုံး နားလည်အောင် အသိပညာပေးဖို့ လိုပါတယ်။ ။



