သတင်း

မွတ်စလင်လင်မယားများအကြား လက်ရှိကျင့်သုံးသည့် ကွာရှင်းခြင်းဓလေ့ တားမြစ်ဖို့ လိုအပ်နေပြီဟု ပြော

ရန်ကုန်၊ စက်တင်ဘာ ၂၃ — မွတ်စလင်အမျိုးသမီးများ လင်ယောက်ျား၏ အလွယ်တကူ ကွာရှင်းခံနေရသည်မှာ အမျိုးသမီးအခွင့်အရေး ဖောက်ဖျက်ခံနေရခြင်းဖြစ်သဖြင့် ထိုဓလေ့ကို တားမြစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း အစ္စလာမ် ဘာသာရေးပညာရှင်များနှင့် အစ္စလာမ်အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် ယနေ့ မနက်က ကျင်းပသည့် ‘လင်မယားကွာရှင်းခြင်းဆိုင်ရာ အစ္စလာမ့်ဥပဒေ စကားဝိုင်း’ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲကို မန္တလေးအခြေစိုက် ‘Friday Times Journal’က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒီဟာက သိပ်နောက်ကျနေပြီ။ ဒီဟာတွေတားမြစ်ဖို့ အရမ်းကို လိုအပ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေ အများကြီး နစ်နာနေရတာတွေရှိတယ်” ဟု သွလာက်ဖြင့် လင်မယားကွာရှင်းခြင်း အမှုတွေမှာ လိုက်ပါဆောင်ရွက်နေ သည့် တရားလွှတ်တော်ရှေ့နေ ဦးဘေလ်လားရန်နိုင်က ထိုဆွေးနွေးပွဲတွင် ပြောသည်။

“သွလာက်” ၏အဓိပ္ပာယ်မှာ “ခင်ပွန်း၏ ဆန္ဒအရ ကွာရှင်းခြင်း” ဟု အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း( ငြိမ်းချမ်း ရေးလုလင်) ရေးသားသည့် အစ္စလာမ့်တရားတော်အရ ကွာရှင်းပြတ်စဲခြင်း စာတမ်းတွင် ရေးသားထားသည်။

အစ္စလာမ်ဘာသာဓလေ့ထုံးတမ်းများတွင် ခင်ပွန်းဖြစ်သူသည် မိမိ၏ဇနီးမယားကို ကွာရှင်းလိုပါက ၎င်းကို “သွလာက်ပေး” (ကွာရှင်းပြတ်စဲ) သည်ဟု ပြောနိုင်ပြီး သုံးကြိမ်တိတိထိ ပြောပြီးပါက ကွာရှင်းပြတ်စဲမှု အထမြောက်သည်။ သို့ရာတွင် တစ်နေရာတည်းတွင် “သွလာက်”ဟု တစ်ကြိမ်သာ ပေးပိုင်ခွင့်ရှိသည်ဟု ယူဆသူများလည်းရှိသလို တစ်နေရာတည်း၊ တစ်ထိုင်တည်းတွင် သုံးကြိမ် သုံးခါတိတိ ပေးနိုင်သည်ဟု ယူဆသူများလည်း ရှိနေသည်။

မြန်မာနိုင်ငံတွင် ၁၉၅၉ မြန်မာမွတ်စလင်အမျိုးသမီးအထူးကွာရှင်းခွင့်ဥပဒေ ပြဋ္ဌာန်းခဲ့သော်လည်း သုံးသွလာက်နှင့် ဟလာလယ် (လင်မယားပြန်ပေါင်းခြင်း) နှင့်ပတ်သက်ပြီး ဥပဒေတစ်ရပ် သီးသန့်ပြဋ္ဌာန်းရန် လိုအပ်နေကြောင်း ဦးဘေလ်လားရန်နိုင်က ဆက်ပြောသည်။

သွလာက် ပေးရာတွင် ဘေးနားတွင် အသိသက်သေနှစ်ယောက် ရှိမည်ဖြစ်ပြီး ထိုသက်သေနှစ်ယောက်က ဇနီး မောင်နှံနှစ်ဦးကြား ကြားဝင် ညှိနှိုင်းပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ညှိနှိုင်း၍မရခါမှ ခင်ပွန်းဖြစ်သူက “သွလာက်” တစ်ကြိမ်ပေးရကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက ပြောသည်။ သို့သော် ယခုခေတ်ပိုင်းတွင် မွတ်စလင်အမျိုးသားများက ဖုန်း၊ အင်တာနက်၊ စာတိုမှတစ်ဆင့် သွလာက်ပေးသည်ဟု ဆိုကာ အလွယ်တကူ ပြတ်စဲခြင်းခံရသည့် အမျိုးသမီး အများအပြားရှိပြီး ထိုအမှုများမှာလည်း မြို့နယ်တရားရုံးများတွင်သာ ကျေအေးပြီးဆုံးခြင်းမျိုးသာ ရှိခဲ့သည်ဟု ၎င်းတို့က ပြောသည်။

“မြို့နယ်တရားရုံးတွေမှာတင် အမှုက ကျေအေးလို့ ပြီးသွားကြတယ်။ တရားရုံးချုပ်ကို မရောက်တဲ့အတွက် စီရင်ထုံးတွေ မဖြစ်ခဲ့ပါဘူး” ဟု ဆိုသည်။ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ အဆိုပါဓလေ့ကို တားမြစ်ထားပြီး ဖြစ်တာကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ဦးဘေလ်လားရန်နိုင်က ပြောသည်။

ယနေ့ ဆွေးနွေးပွဲတက်ရောက်သူများအနက် မြန်မာမွတ်စလင် သာသနာ့ပညာရှင်များအဖွဲ့ချုပ် (ဗဟို)မှ ဓမ္မသတ်မှူး မွဖ်သီ ဂျမားလ် ဟူစိန်ကမူ အစ္စလာမ်နိုင်ငံတော်တော်များများတွင် တစ်ကြိမ်တည်း၊ တစ်နေရာတည်း သုံးသွလာက် ပေးခြင်း အထမြောက်သည်ဟု ဆိုသည်။ သို့သော် ကျန်တက်ရောက်ကြသူအချို့ကမူ ထိုအချက်ကို ငြင်းကြသည်။

အစ္စလာမ့်တရားတော်အရ အမျိုးသမီးတစ်ဦးအပေါ် သွလာက်ပေးခြင်းမှာ ဓမ္မတာပြီးဆုံးသည့် အချိန်တွင် တစ်ကြိမ်စီ သွလာက်ပေးခြင်းကို ပြုလုပ်ရမည် ဖြစ်သည်။ ထိုသုံးလအတွင်း နှစ်ဦးနှစ်ဖက် ပြန်လည်အဆင်ပြေမည်ဆိုလျှင် သွလာက်ပေးခြင်း အထမမြောက်ကြောင်း မြန်မာနိုင်ငံဖွား ဘောလီးဝုဒ် အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည့် လိုင်လာခန်းက အဆိုပါရှင်းလင်းပွဲ၌ ပြောသည်။

“အမျိုးသမီးတွေကလည်း ကိုယ့်အခွင့်အရေးကိုယ်သိပါ။ ယောက်ျားတွေ ကန်ထုတ်လိုက်တာနဲ့ ဆင်းလာရတာမျိုး မဖြစ်စေဘဲ ကိုယ့်အခွင့်အရေးကိုယ် ပြန်ပြောနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်အခွင့်အရေးကိုယ် ရအောင်ယူပါ” ဟု ၎င်းက ဆိုသည်။

လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးအား တစ်နေရာတည်း၊ တစ်ချိန်တည်း၊ တစ်ကြိမ်တည်း သုံးသွလာက် ပေးမိလျှင် ယင်းသည် စည်းမဲ့ကမ်းမဲ့ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ထုတ်ပြန်ထားသော “အစ္စလာမ့် ဓမ္မသတ် အဆုံးအဖြတ်” စာအုပ် စာမျက်နှာ ၁၂ တွင် ဖော်ပြထားသည်။

ခင်ပွန်းက သွလာက်ပေး ပြတ်စဲခြင်းကြောင့် အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေရသူများရှိသကဲ့သို့ သွလာက်မပေးဘဲ အိမ်တွင်းအကြမ်းဖက်မှုများကဲ့သို့ အခန်းတွင်း ညှဉ်းဆဲရိုက်နှက်ခံရသည့် အမျိုးသမီးများလည်း ရှိနေသည့်အတွက် သွလာက်နှင့်ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်သင့်ကြောင်း အစ္စလာမ်သာသနာကျမ်းပြုပညာရှင် မွဖ်သီ ပသီကျော်ဦးကလည်း ဆွေးနွေးသည်။

“အခန်းထဲတံခါးပိတ် ညှဉ်းဆဲရိုက်နှက်တယ် ဒီလိုအမျိုးသမီးတွေ အတွက်ကျတော့ သွလာက်ပေးခြင်းက အဲ့ဒီအမျိုးသမီးရဲ့ ရှေ့ဆက်မယ့်လမ်းကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သွားခွင့်ရှိသွားတာ မဟုတ်ဘူးလား” ဟု ၎င်းက ဆွေးနွေးပွဲတွင် ပြောသည်။

ယခုလ အစောပိုင်းကလည်း မွတ်စလင်အမျိုးသမီးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် မအေးမြတ်သူက ၎င်းကို ၎င်း၏ခင်ပွန်းက တစ်ထိုင်တည်း သုံးသွလာက် ပေးခဲ့သဖြင့် ၎င်းဆန္ဒမပါဘဲ ကွာရှင်းခံခဲ့ရသည်ဟုဆိုကာ ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။

Show More

Related Articles

Back to top button