သတင်း

မြောင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၃ ဦးထက်မနည်းသေဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ခြေလျင်ချီတက်လာသော အင်အား ၃၅ ဦးခန့်ရှိ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးသည်ဟု မြောင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (MRA) တာဝန်ခံ ကိုစိန်ကျော်က ယနေ့ (ဒီဇင်ဘာ ၃၀) တွင် ပြောသည်။

ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း၊ မြောင်မြို့နယ်မြောက်ဖျားပိုင်းရှိ ကျောက်တန်းနှင့် ရွှေတံချောင်း ကျေးရွာများအနီး မြစ်ကမ်းပါးအတိုင်း ချီတက်လာခြင်းဖြစ်သည်ဟု ၎င်းက ယနေ့ နေ့လယ် ၂ နာရီဝန်းကျင်တွင် ပြောသည်။ 

“သုံးဦး အနည်းဆုံးသေပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တွဲခေါ်သွားတာ မြင်ရပါတယ်။ အခုလက်ရှိ Dead Body (ရုပ်အလောင်း) တွေကတော့ အခုထိ ရှိပါသေးတယ်” ဟု ကိုစိန်ကျော်က ပြောသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာဝန်းကျင်တွင် စစ်တပ်ရှိနေဆဲဖြစ်သောကြောင့် အနားကပ်ရန် အခြေအနေမပေးသေးကြောင်း ကင်းထောက်အဖွဲ့ဝင်သုံးဦးထံမှ သိရသည်ဟု ၎င်းက ပြောသည်။

ကိုစိန်ကျော်ဦးဆောင်သည့် MRA သည် မြောင်မြို့နယ်အတွင်း စစ်ကောင်စီကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။ ဒီဇင်ဘာ ၂၃ က ချောင်းဦး-ပခုက္ကူလမ်း တစ်နေရာတွင် အရပ်သားအယောင်ဆောင်ထားသည်ဆိုသော စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်မှုရုပ်သံမှတ်တမ်းတစ်ခုကို ၎င်းတို့အဖွဲ့ လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။​

ပြည်သူများ ထိခိုက်မှုမရှိစေရန် MRA က အထူးဂရုပြုဆောင်ရွက်နေပြီး ပြည်သူများကလည်း စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများကို သတိကြီးကြီးထား၍ ဂရုစိုက်ရှောင်ရှားကြရန် MRA အဖွဲ့က သတိပေးထားသည်။​

“ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်မှုတွေ ပြောက်ကျားတိုက်ခိုက်မှုတွေ ဆောင်ရွက်စရာတွေ ရှိပါသေးတယ်။ စစ်ကောင်စီတပ်ကို ခုခံတွန်းလှန်စစ်နဲ့ မဟာဗျူဟာကျကျ တော်လှန်တိုက်ခိုက်သွားပါမယ်” ဟု ကိုစိန်ကျော်က ပြောသည်။

မုံရွာ – မန္တလေးကားလမ်းမ၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ မြောင်မြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်အားကောင်းသော ဒေသဖြစ်ပြီး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းရန် မကြာခဏကြိုးစားလေ့ရှိသည်။ 

သို့သော် မြောင်ရှိ မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာ ၈၀ ကျော်တွင် အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်ထားသည့် အခြေအနေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များအတွက် များစွာ အလေးသာစေသည်ဟု ဒေသခံအဖွဲ့များက ပြောထားသည်။

ချင်းတွင်းမြစ်အတွင်း မန္တလေးမှ မုံရွာသို့ ခုတ်မောင်းနေသည့် ဆီတင်သင်္ဘောနှစ်စီးကို စစ်တပ်ပိုင်မဟုတ်ကြောင်း အထောက်အထားမပြနိုင်၍ ဒီဇင်ဘာ ၃ ရက်ကပင် ဒေသခံအဖွဲ့များဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က သိမ်းဆည်းခဲ့ဖူးသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အဝင်အထွက်လမ်းကြောင်း ၅ ခုနှင့် ချင်းတွင်းမြစ်ကြောင်းတို့တွင် ထိုနေ့မှစ၍ စစ်ကောင်စီ၏ လှုပ်ရှားမှုကို ပိုမိုစောင့်ကြည့် ထိန်းချုပ်နေသည်ဟု CDSOMက ပြောထားသည်။

အထက်ပါ မိုင်းဆွဲတိုက်ခိုက်ခံရမှု၊ ရေယာဉ်များထိန်းသိမ်းခံရမှုတို့နှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အာဏာသိမ်းပြီး ၁၀လကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်လာနေပြီး တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများသည်လည်း ထိပ်ဆုံးမှ ပါဝင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button