
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၂၈) က မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တာဝန်ရှိသူထံမှ သိရသည်။
မင်းတပ်မြို့မှ တောလမ်းသုံးမိုင်ခန့်အကွာရှိ ယှက်ရွာအနီးတွင် ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိရသည့် ရုပ်အလောင်းနှစ်ခုအနက် တစ်ဦးမှာ CDF တပ်ဖွဲ့ဝင်ဖြစ်သော်လည်း အခြားတစ်ဦးကိုမူ မည်သူမည်ဝါ မခွဲနိုင်သေးဟု မင်းတပ်မြို့နယ် CDF ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ယနေ့ (ဒီဇင်ဘာ ၂၉) တွင် ပြောသည်။
“တစ်ယောက်ကတော့ သေချာတယ်။ နောက်တစ်ယောက်ကတော့ ပြည်သူဖြစ်မယ်။ .. ဘယ်တစ်ယောက် သတ်ပြီးမှ မီးရှို့လိုက်တာလဲဆိုတာ မသိရဘူး” ဟု ၎င်းက Myanmar Now ကို ယနေ့ပြောသည်။
မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အင်အား ၁၀၀ ခန့်ဖြင့် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၇ ရက်က ယှက်ရွာအနီး ချုံခိုတိုက်ခိုက်စဉ် အဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု ကိုယောမန်က ပြောသည်။
စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားရာတစ်ဝိုက်ရှိ ယှက်ရွာ၊ ဝမ္မသူးရွာနှင့် ထာလောင်းကျေးရွာတို့မှ ဒေသခံ လေးဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသွားကာ ယနေ့အထိ အဆက်အသွယ်ပြတ်နေကြောင်း ၎င်းက ဆက်ပြောသည်။
မီးရှို့သတ်ဖြတ်ခံရသည်ဆိုသော ရုပ်အလောင်းနှစ်ခုနှင့် စစ်တပ်က ဖမ်းဆီးသွားသည်ဆိုသော ဒေသခံများနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မကွေးတိုင်း ကျောက်ထုနှင့် ထီးလင်းဘက်မှ ဒီဇင်ဘာဒုတိယပတ်မှစ၍ တောလမ်းအသုံးပြု၍ စစ်ကြောင်းနှစ်ခုခွဲ ချီတက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ CDF တို့ကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး ထိုစစ်ကြောင်းများ ယမန်နေ့တွင် မင်းတပ်မြို့အတွင်း ရောက်သွားပြီဟု ကိုယောမန်ထံမှ သိရသည်။
တိုက်ပွဲများအတွင်း ဒေသခံကာကွယ်ရေးဘက်မှ ၂ ဦးသေဆုံးပြီး၊ စစ်တပ်ဘက်မှ ၆ ဦးထက်မနည်း သေဆုံးကြောင်း CDF မင်းတပ်က ဆိုသည်။
စစ်ကြောင်းဝင်ခဲ့သည့် ကျေးရွာများအနက် ဝမ္မသူးရွာမှ တိုက်နယ်ဆေးရုံသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည့်အတွက် ဆေးရုံခေါင်မိုးများပေါက်ပြဲသွားပြီး၊ နံရံများ၊ မှန်များနှင့် ခုတင်များ၊ နေအိမ်ညအဆောင်အချို့ပါ ပျက်စီးခဲ့ကြောင်း CDF မင်းတပ်ဘက်က ပြောသည်။
ဆန္ဒပြသည်ကိုပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများအားကောင်းရာ ချင်းပြည်နယ်သို့ ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ သံချပ်ကာများပါဝင်သည့် စစ်အင်အားဖြည့်တင်းထားသေးသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့ကို မေလဆန်းမှစ၍ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံထားရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)