သတင်း

ကိုယ်ဝန်ဆောင်နှင့် နယ်ခံ ၃ ဦး သတ်ဖြတ် မီးရှို့ခံရဟု ပင်လည်ဘူး PDF ပြော

(စိတ်မချမ်းမြေ့ဖွယ်ရာ အသေးစိတ်ဖော်ပြချက်တချို့ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

သြဂုတ်လ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်သား ၁၀၀ ခန့် ဝင်ရောက်စီးနင်းကာ ကိုယ်ဝန်ဆောင်နှင့် အမျိုးသား ၃ ဦးကို သတ်ဖြတ် မီးရှို့သွားသည်ဟု သိရသည်။

မြို့တောင်ဘက် ၇ မိုင်ခန့်၊ မူလဲရွာအနီး ကောလင်း-ပင်လည်ဘူး ကားလမ်းနဘေး မူလဲရွာတောင်ဘက်ကပ်လျက်ရှိ နန့်တဟောက်ချောင်းပေါ်တွင် တည်ရှိသော ထိုလုပ်ကွက်တွင် ရှိနေသူ ၁၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဆက်စပ်မှု သံသယနှင့် သတ်ဖြတ်သွားသည်ဟု ပင်လည်ဘူးမြို့နယ် PDF တာဝန်ခံက ပြောသည်။

သတ်ဖြတ်ခံရသူများမှာ ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် မဝိုင်းဝိုင်း၊ သူ၏ဖခင် ရွှေကျင်းပိုင်ရှင် ဦးစက်လှိုင်၊ အသက် ၂၁ နှစ် အရွယ်များဖြစ်ကြသည့် ကိုရှမ်းလေး၊ ကိုညီညီတို့ဖြစ်ကြသည်။

ဦးစက်လှိုင်တို့မှာ မူလဲရွာမြောက်ဘက် ၄ မိုင်အကွာက အောင်းပင်ရွာမှ လာရောက် ရွှေတူးဖော်နေသူများဖြစ်သည်ဟု ပြန်လွတ်လာသူများကို ကိုးကား၍ သူက ပြောပြသည်။

ကိုညီညီအောင်မှာ မူလဲဒေသခံဖြစ်ပြီး ကိုရှမ်းလေးမှာ အိမ်နီးချင်း ဗန်းမောက်မြို့ဇာတိဖြစ်သည်ဟု သိရကြောင်း၊ ရွှေလုပ်ကွက်အတွင်း သူတို့နှစ်ဦး ဘက်ဟိုး ခေါ် မြေကော်စက် မောင်းနေစဉ် ပစ်သတ်ခံရကြောင်း ပင်လည်ဘူးမြို့နယ် PDF တာဝန်ခံက ဆိုသည်။

“ကျင်းပိုင်ရှင်ကို မင်းတို့ ဒီနားမှာ အလုပ်လုပ်နေတာက PDF တွေကို ထောက်ပံ့နေတာလို့ ပြောပြီး ပစ်သတ်လိုက်တာ။ သူ့သမီး ဗိုက်ကြီးသည်က ဝင်လာတော့ သမီးကိုပါ ပစ်သတ်လိုက်တာ။ ဘတ်ဟိုးဆရာတွေကိုတော့ ဘာမှ အမေးအမြန်းမရှိဘဲ ဘတ်ဟိုးပေါ်မှာတင် ပစ်သတ်သွားတာ။ ကျွန်တော်တို့ ရှင်းလင်းရေးသွားလုပ်တော့ ဘတ်ဟိုးမှာ သွေးတွေ ပေနေတာ၊ ဦးနှောက်တွေလည်း ထွက်နေတာ တွေ့ရတယ်” ဟု အထက်ပါတာဝန်ခံက ပြောသည်။

စစ်ကောင်စီ တပ်သားတို့က အလောင်းများကို အနားရှိ တဲအတွင်းထည့်၍ မီးရှို့သွားသည်ဟု ဆိုသည်။

မဝိုင်းဝိုင်းမှာ အသတ်ခံရချိန်တွင် ကိုယ်ဝန် ၈ လရှိပြီဖြစ်သည်ဟု သိရသည်။

ရုပ်အလောင်းများသည် မည်သူမည်ဝါမှန်း မသိအောင် မီးကျွမ်းပြီးဖြစ်သည်၊ ရုပ်အလောင်းတစ်ခု၏ ဗိုက်ထဲမှ ကလေးထွက်ကျလာသဖြင့်သာ ကိုယ်ဝန်ဆောင်ရုပ်အလောင်းဖြစ်မှန်း အတည်ပြုနိုင်သည်ဟု အထက်ပါ PDF တာဝန်ခံက ပြောသည်။

“မဝိုင်းဝိုင်းက မွေးခါနီးနေပြီ။ အဲဒါကို ပစ်သတ်ပြီးမှ မီးရှို့သွားတာ။ ကျွန်တော်တို့ ရှင်းလင်းရေး ဝင်တဲ့အချိန်မှာ အလောင်းတွေကို ဖယ်လိုက်တဲ့ အချိန်မှာ ကလေးလေးအလောင်းက အောက်ကို ပြုတ်ကျလာတာ။ ကလေးလေးအလောင်းက မီးမလောင်ဘူး။ အသက်ကတော့ မရှိတော့ဘူး” ဟု သူက ဆိုသည်။

ကလေးငယ်မှာ မိန်းကလေးဖြစ်သည်ဟုလည်း သိရသည်။

ဆက်လက်ဖမ်းဆီးခံနေရသည့် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၄ ဦးမှာ ရဟန်းတစ်ပါး၏ ကြားဝင်ညှိနှိုင်းမှုကြောင့် အသက်ချမ်းသာရာရသွားသည်ဟု ၎င်းက ဆိုသည်။

ဆရာတော်မှာ မူလဲရွာမြောက်ဘက်ကပ်လျက်ရှိ စင်လဲရွာ၏ ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး ထိုနေရာ၌ ဖြတ်သန်းသွားလာချိန် စစ်ကောင်စီတပ်ထံ အသက်များ အလှူခံခဲ့ခြင်းဖြစ်သည်ဟု ပြန်လွတ်လာသူများက ပြောဆိုကြောင်း PDF တာဝန်ခံက ဆိုသည်။

“ဘုန်းကြီးက အလှူခံလိုက်တော့ မသတ်ဘဲ လွှတ်ပေးလိုက်တယ်တဲ့။ ယောက်ျားလေးတွေတော့ အထောင်းခံ၊ အထုခံရတာတွေ ရှိတာပေါ့။ သူတို့ ပြန်ပြောပြတာတော့ သူတို့ကိုလည်း အကုန်သတ်ဖို့ လုပ်နေတဲ့အချိန် ဘုန်းကြီးက အလှူခံလိုက်လို့ ပြန်လွတ်လာတာလို့ ပြောတယ်ဗျ။ ဒါပေမဲ့ နောက်တစ်ခါတွေ့ရင် မလွယ်ဘူးလို့ ပြောလိုက်တယ်တဲ့” ဟု ၎င်းက ဆိုသည်။

ရွှေလုပ်ငန်းခွင် သတ်ဖြတ်အလောင်းဖျောက်မှုနှင့် ပတ်သက်ပြီး စစ်တပ် တာဝန်ရှိသူတို့ကို မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

Myanmar Now က လက်ခံရရှိသော ပုံများထဲတွင် အကြီးအကျယ် မီးကျွမ်းထားသော ရုပ်အလောင်း မှတ်တမ်းဓာတ်ပုံတချို့လည်း ပါဝင်သည်။

ပင်လည်ဘူးမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း၊ သို့သော်လည်း စစ်ကောင်စီတပ်က မြို့အနီးတစ်ဝိုက်ကို နယ်မြေရှင်းလင်းရေး လိုက်လံလုပ်နေသည်ကို တွေ့ရကြောင်း PDF ထံမှ သိရသည်။

သြဂုတ် ၁၁ ရက်နေ့ကလည်း ပင်လည်ဘူးမြို့အရှေ့ဘက် ၄ မိုင်ခန့်ရှိ ကျွန်းပင်သာရွာ၊ ကပ္ပန္ဘုတ်ရွာတို့ကိုလည်း စစ်ကောင်စီတပ်က စီးနင်းကာ နေအိမ် ၃၅ လုံးကို မီးရှို့ခဲ့သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button