သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှ ကျေးရွာများကို စစ်တပ်ဗုံးကြဲ

ယနေ့ (ဧပြီ ၁) နံနက် ၁ နာရီဝန်းကျင်ခန့်မှစတင်ပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှ ကျေးရွာများကို လေတပ်က ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

မြို့ တောင်ဘက် မိုင် ၄၀ ခန့်အကွာ တိုက်နယ် အမှတ် ၂ အတွင်းရှိ ကျေးရွာများကို  ဗုံး ၂ လုံး၊ နံနက် ၁၁ နာရီဝန်းကျင်တွင် ဗုံး ၁၀ လုံးကြဲခဲ့ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC Mindat) က ပြောသည်။

ပထမအကြိမ်ဗုံးကြဲမှုတွင် နေအိမ် တစ်လုံးထိမှန်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရသူ  မရှိကြောင်း၊ ဒုတိယအကြိမ်တွင်မူ စစ်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ပြီး ထိခိုက် ပျက်စီးမှုအခြေအနေများကို မသိရသေးကြောင်း (CNC Mindat) ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

ဧပြီလ ၁ ရက်နေ့သည် မင်းတပ်မြို့နယ်တွင် နေထိုင်သည့် ချိုးလူမျိုးများ၏ နှစ်သစ်ကူးနေ့ ဖြစ်သော်လည်း မြေပြင်တွင် မည်သည့်အခမ်းအနားမှမရှိသလို လူစုလူဝေးလည်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု များ ဆက်တိုက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

“မင်းတပ် ချိုးချင်းတွေအတွက် ဒီနေ့က ခူပီက ကျွန်တော်တို့ နှစ်သစ်ကူးနေ့ပဲ။ ပုံမှန်အားဖြင့် ပွဲတွေလုပ်တယ်။ လူစုလူဝေးလုပ်တတ်တယ်။ ခုတော့မရှိပါဘူး။ ခူပီကို မကျင်းပတာ ၂၀၂၃၊ ၂၀၂၄  ၂နှစ်ရှိပြီ။ အဲ့ဒါကြောင့် လူစုလူဝေးလုပ်မယ်များ ထင်နေတာလားမသိ” ဟု  ၎င်းက ပြောသည်။ 

ဒုတိယအကြိမ် တိုက်ခိုက်မှုတွင်  ပေါင် ၅၀၀ ဗုံးများ ကြဲခြင်းဖြစ်နိုင်သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။ 

“တောင်ကြောကြီးတစ်ခုလုံး တုန်သွားပြီးတော့ ဟိန်းသံ ၁၅ စက္ကန့်လောက်ထိ ကြားတယ်။ ၂ လုံး၊ ၃ လုံးလောက်က တော်တော်ကြီးကို ရင်တုန်ပန်းတုန်ကြဲတယ်” ဟု ၎င်းက ဆိုသည်။ 

အရပ်ဘက်ပစ်မှတ်ကိုတိုက်ခိုက်ခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့လက်ချက်မဟုတ်ကြောင်း မကြာခဏ ငြင်းဆိုတတ်သည့် စစ်ကောင်စီ၏ ပြီးခဲ့သည့် ရက် ၃၀ အတွင်း ထုတ်ပြန်ချက်များတွင်  ချင်းပြည်နယ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပါဝင်ခြင်း  မရှိပေ။

ကန်ပက်လက်မြို့နယ်၊ မကွေးတိုင်း ယောဒေသဖြစ်သည့် ထီးလင်းမြို့နယ်၊ ဆောမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မင်းတပ်မြို့နယ်သည် တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှု အားကောင်းရာမြို့နယ်ဖြစ်သည်။ 

မင်းတပ်မြို့နယ်တွင် မတ်လ အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ရာ ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် သားအမိနှစ်ဦးသေဆုံးပြီး အရပ်သား ၆ ဦးထိခိုက်ဒဏ်ရာရသွားသည်၊  စာသင်ကျောင်း၊ဘုရားကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။ 

မင်းတပ်မြို့နယ်နှင့် ကပ်လျက်ရှိသော ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ချင်းဒေသကာကွယ်ရေးအဖွဲ့ ၅ ခု စုစည်းဖွဲ့စည်းထားသည့် ချင်းညီနောင်အဖွဲ့က တိုက်ခိုက်ရာ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ကလည်း  အပြင်းအထန်ခုခံ နေသည်။ 

ချင်းညီနောင်အဖွဲ့မှာ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF) ၊ ဇိုမီး ဖက်ဒရယ်အစည်းအရုံး (ZFU)၊ မရာအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) နှင့် ချင်းဒေသကာကွယ်ရေး အဖွဲ့ (ကန်ပက်လက်) (CDF Kanpetlet) တို့ စုဖွဲထားခြင်းဖြစ်သည်။ 

မင်းတပ်နှင့်ကပ်လျက်ရှိ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ မကျရေး စစ်တပ်က အသည်းအသန်ခုခံ နေချိန်တွင် မင်းတပ်မြို့နယ်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်လှုပ်ရှားမှုများ ပြုလုပ်လာခြင်းဖြစ်နိုင်ကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။ 

“ ဖြစ်နိုင်တာကတော့ အခု အော်ပရေးရှင်း ကျင်ဒွေးလုပ်နေတယ်၊ ချင်းညီနောင်က။ ကျင်ဒွေးက စကစ တွေက တော်တော်ကျပ်တည်းပြီးအခြေအနေဆိုးနေပြီ။  ကျင်ဒွေးကို ရတယ်ဆိုရင်သူတို့က နောက် target (ပစ်မှတ်) ဖြစ်လာမှာပေါ့၊ အဲ့ဒါကို စိုးရိမ်တာလည်းဖြစ်မယ်။ ဒီရက်ပိုင်းမှာလည်း (မင်းတပ်)မြို့ပေါ်က ထွက်လာပြီး .. စစ်မြှူတဲ့သဘောမျိုး၊ မြေပြင်စစ်ရေးလှုပ်ရှားလာတာမျိုးရှိတယ်။ ဒီဘက်မှာ ကျွန်တော်တို့ကို ထိခိုက်နစ်နာသွားအောင် ကြိုးစားလာတာလို့မြင်တယ်”ဟု  ၎င်းက ဆိုသည်။ 

ကျင်ဒွေးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယခုနှစ်ဆန်းပိုင်းစတင်ကာ တော်လှန်ရေး အင်အားစုက တိုက်ခိုက်နေရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က လေတပ် အားပြုပြီးတိုက်ခိုက်နေသလို   လူအင်အားလည်း ဖြည့်တင်းနေကြောင်း သိရသည်။ 

စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကို စာရင်းကောက်ယူပြုစုနေသော အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့်(Institue of Chin Affairs) ၏   ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ 

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အတွင်းချင်းပြည်နယ်နှင့် ချင်းလူမျိုးတို့နေထိုင်ရာဒေသများ လေကြောင်းမှ ၈၄ ကြိမ် တိုက်ခိုက်ခံရပြီး  ချင်းတိုင်းရင်းသား ၈၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် တောင်တန်းဒေသ ချင်းပြည်နယ်တွင် ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ စသည့် မြို့ငယ်များကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ထားသည်၊ ထို့အပြင် စစ်ကောင်စီ တပ်စခန်းများ ရုပ်သိမ်းသွားသည့် ဝေဘူလ၊ နှာရိန်၊ မကွီအိမ်နူး၊ ဆူခွာရ်မြို့များကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားသည်။ 

တိုက်ပွဲများကြောင့် ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင် ပြည်သူ တစ်သိန်းကျော်အထိရှိပြီး အိမ်နီးချင်းဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်သူ ၆၀၀၀၀ နီးပါးရှိကြောင်း ICA ၏ ထုတ်ပြန်ချက်က ဆိုသည်။

Show More

Related Articles

Back to top button