သတင်း

ရန်ကုန်မှ တက္ကသိုလ်ကျောင်းသား အဖမ်းခံရပြီး၂၄ နာရီမပြည့်မီ သေဆုံး

ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဘုန်းကျော်ကို စစ်တပ်က ဖမ်းသွားပြီး ၂၄ နာရီမပြည့်မီ သေဆုံးသွားပြီဆိုသော သတင်းစကား မိသားစုထံ ရောက်လာသည်။

အသက် ၂၀ အရွယ် ကိုအောင်ဘုန်းကျော်ကို ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် ဖမ်းသွားခြင်းဖြစ်ကာ နောက်တစ်ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ရေဝေးသုသာန်သို့ လိုက်လာရန် စစ်ကောင်စီက မိသားစုထံ အကြောင်းကြားသည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးထံမှ သိရသည်။

“အလောင်းကို ရေဝေးကို ယူသွားပြီး သင်္ဂြိုဟ်ဖို့လုပ်တာပေါ့နော်။ မိသားစုက ရေဝေးကို သွားဖို့ မီလိုက်တယ်။ ဒါပေမဲ့ အလောင်းကို မိသားစုက မြင်လိုက်ရတာမျိုးမရှိဘူး။ သူတို့ တစ်ခါတည်း သင်္ဂြိုဟ်လိုက်တယ်” ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုအောင်ကောင်းဆက်က ပြောသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုသာန်၌ မသင်္ဂြိုဟ်မီ ရောက်သွားသည့် မိသားစုဝင်တို့ကို ရုပ်အလောင်းကြည့်ရှုခွင့် မပေးသလို၊ ဓာတ်ပုံရိုက်ခွင့်လည်း မပေးဟု ၎င်းက ဆက်ပြောသည်။

မည်သို့သေဆုံးရသည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ကိုအောင်ကောင်းဆက်က Myanmar Now ကို ပြောသည်။ မိသားစုကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဘူမိဗေဒဘာသာရပ် တတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော်ကို စစ်ကောင်စီတပ် ဖမ်းသွားပြီး သေဆုံးသွားမှုနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနကလည်း ၎င်းတို့၏ Facebook Page တွင် ယမန်နေ့ (ဒီဇင်ဘာ ၂၇) က သတင်းထုတ်ပြန်ထားသည်။

ကိုအောင်ဘုန်းကျော်နှင့်အတူ ဖမ်းခံရသူများထဲတွင် ဘူမိဗေဒဘာသာရပ် တတိယနှစ်ကျောင်းသား ကိုသူရအောင်အပါအဝင် ၃ ဦးမှ ၇ ဦးအထိ ရှိမည်ဟု ကိုအောင်ကောင်းဆက်က ခန့်မှန်းပြီး စစ်ကြောရေးရောက်နေသည်ဟု ကြားရသော်လည်း အခြေအနေအတိအကျ မသိရသေးဟု ပြောသည်။

ကိုအောင်ဘုန်းကျော်သေဆုံးမှုနှင့် အခြားဖမ်းဆီးခံရသူတို့၏ အခြေအနေကို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က နိုင်ငံအနှံ့ ပြည်သူအများအပြားကို ဖမ်းဆီးနေပြီး ဖမ်းဆီးစဉ်နှင့် စစ်ကြောမေးမြန်းသည့် ကာလတွင် ညှဉ်းပန်းနှိပ်စက်လေ့ရှိရာ ကိုအောင်ဘုန်းကျော်သေဆုံးမှုမှာလည်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဖြစ်မည်ဟု အများက ယူဆနေကြသည်။

စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဒီဇင်ဘာ ၂၇ အထိ စစ်ကောင်စီတပ်လက်ချက်ကြောင့် သေဆုံးသူ ၁၃၇၇ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

AAPP ကို တရားမဝင်အသင်း၊ စာရင်းများချဲ့ကားလွန်းသည်ဟု ပြောလေ့ရှိသည့် စစ်ကောင်စီကမူ စစ်သား၊ ရဲ၊ ပျူစောထီး ခေါ် လက်နက်ကိုင်လူမိုက်အဖွဲ့ဝင်တို့၏ လက်ချက်ကြောင့် သေဆုံးရသူတို့နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့ မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button