သတင်း

လက်မရွံ့ မန်းတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေပြည်တော်စစ်ကြောရေးရောက်

မန္တလေးနှင့် ဧရာဝတီတိုင်းအတွင်းမှ တော်လှန်ရေးတပ်သားများကို စစ်ကြောရေးသို့ ပို့ဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြည်ခိုင် နေပြည်တော်တွင် စစ်မေးခံနေရသည်ဟု သတင်းအရင်းအမြစ်များက ဆိုသည်။

မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေပြည်တော်ရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ထိန်းသိမ်းခံနေရသည်ဟု နေပြည်တော်စစ်ရေးရင်းမြစ်များနှင့် CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော စစ်တပ်အရာရှိများထံမှ သိရသည်။

ဗိုလ်ချုပ်ကြည်ခိုင်သည် အာဏာသိမ်း စစ်ခေါင်းဆောင်၏ အားအကိုးရဆုံးသော စစ်ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်လာရန် မန္တလေးနှင့် ဧရာဝတီတိုင်းအတွင်းမှ စစ်ကောင်စီဆန့်ကျင်သူများကို ရက်ရက်စက်စက်နှိမ်နှင်းရာတွင် ဦးဆောင်သူအဖြစ် နာမည်ကြီးသည်။

အနီးစပ်ဆုံးအားဖြင့် ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ရာတွင် သူ၏လက်အောက်ခံ စစ်သားများ၊ ပျူစောထီးပြည်သူ့စစ်များက ဦးဆောင်ခဲ့သည်။

ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့အပြီး အသက်မသေဘဲ ကျန်ခဲ့သည့် ကံသုံးဆင့်ဆရာတော်ကို မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းတွင် နာရီပေါင်းများစွာ စစ်ကြောစေခဲ့သူလည်းဖြစ်သည်။

ဗိုလ်ချုပ်ကြည်ခိုင်သည် ဇွန်လ ၂၅ ရက်မတိုင်ခင် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း နေပြည်တော်စစ်ရေးရင်းမြစ်များနှင့် CDM စစ်တပ်အရာရှိများက ဆိုသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူချိန် ၂၀၂၃ အတွင်းက ဗိုလ်ချုပ်ကြည်ခိုင် (ထိုစဉ်က ဗိုလ်မှူးချုပ်ရာထူး) ကို တွေ့ရစဉ် (ဓာတ်ပုံ – စစ်ကောင်စီ)

ဇွန်လ ၂၅ ရက်နေ့သည် စစ်ထဲမဝင်မနေရစနစ်ဖြင့် စုဆောင်းရရှိသည့် စစ်သားသစ်များ တက်ရောက်သော စစ်သင်တန်းအမှတ်စဉ် (၃) ကို နိုင်ငံအနှံ့ စစ်သင်တန်းကျောင်းများတွင် စတင်သည့်နေ့ဖြစ်သည်။

ထိုသင်တန်းများကို စစ်ကောင်စီ၏ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ စစ်တိုင်းမှူးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

သို့သော်လည်း မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၊ အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်သည့်စစ်သင်တန်းသို့ ဗိုလ်ချုပ်ကြည်ခိုင် ရောက်မလာခဲ့ပေ။

စစ်တိုင်းမှူး၏ PSO ခေါ် ကိုယ်ရေးအရာရှိလည်း အဖမ်းခံရကြောင်း လုံခြုံရေးအရ သူ့ကိုယ်သူ ဗိုလ်ကြီးဇင်ယော်ဟု အမည်ပေးထားသည့် CDM စစ်တပ်အရာရှိက ပြောသည်။

“ကြည်ခိုင်နဲ့အတူတူ သူ့ရဲ့​ PSO (ကိုယ်ရေးအရာရှိ) လည်း ပါသွားတယ်။ ကြည်ခိုင်ရယ်၊ သူ့ PSO ရယ်၊ တိုင်းဦးစီး ဗိုလ်မှူးကြီး ဂျီကာနယ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

နေပြည်တော်မှ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း ဗိုလ်ချုပ်ကြည်ခိုင် နေပြည်တော်မှ စစ်စခန်းတစ်ခုတွင် စစ်မေးခံနေရကြောင်း အတည်ပြုသည်။ ထိုစစ်ဆေးမှုမှာ ဝင်းနိမ္မိတာရုံဆရာတော်ပစ်သတ်ခံရမှုနှင့် ဆက်စပ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်ကြောနေခြင်းမှာ စစ်ကောင်စီကို ပုန်ကန်ရန် ကြံစည်မှုကြောင့်ဖြစ်သည်ဟုလည်း သတင်းထွက်နေသည်။

နေပြည်တော်မှ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကမူ စစ်ခေါင်းဆောင်သည် တိုင်းမှူးကို ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရမှုအတွက် လက်သည်တရားခံအဖြစ် ထိုးချရန် ပိုမိုဖြစ်နိုင်သည်ဟု ယူဆသည်။

“(ဆရာတော်ကို သတ်တဲ့) ဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိမှုနဲ့ ဖြစ်စဉ်မှန်ကို စိစစ်ကြပ်မတ်ရန် အားနည်းမှုတွေနဲ့ အရေးယူခံရနိုင်ပါတယ်၊ ပုန်ကန်တာ၊ တိုင်ပင်တာမျိုးတော့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။

လက်မရွံ့တိုင်းမှူး

ဗိုလ်ချုပ်ကြည်ခိုင်သည် စစ်ခေါင်းဆောင်ကို ပုန်ကန်မည့်စာရင်းထဲတွင် ပါဝင်နိုင်ခြေ နည်းပါးပြီး စစ်ခေါင်းဆောင်စိတ်ကြိုက်ဖြစ်လာစေရန် ဆန့်ကျင်သူများကို ရက်ရက်စက်စက် နှိမ်နင်းသူအဖြစ် တော်လှန်ရေးအင်အားစုများအကြားတွင် ထင်ရှားသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ကျောင်းဆင်း ဗိုလ်ချုပ်ကြည်ခိုင်သည် ၂၀၂၂ နိုဝင်ဘာတွင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်အဖြစ်မှ ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသည်။

ဧရာဝတီတိုင်းအတွင်းမှ စစ်ကောင်စီကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချကာ နေအိမ်များကို ချိပ်ပိတ်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြစ်ဝကျွန်းပေါ်တွင် ခြေမချနိုင်ရေးနှင့် အာရက္ခတပ်တော် (AA) တပ်များ ဧရာဝတီတိုင်းအတွင်း စိမ့်မဝင်နိုင်ရေးအတွက် စစ်ဆင်ရေးများကို ဦးဆောင်နိုင်ခြင်းတို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မျက်နှာသာပေးခြင်းကို ခံခဲ့ရသည်။

စစ်ခေါင်းဆောင်သည် ၂၀၂၃ သြဂုတ်လတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြည်ခိုင်ကို သဘောတွေ့ခဲ့သည်ဟု နေပြည်တော် စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

“ပုသိမ်က ပြန်လာပြီးတာနဲ့ သူ့ကို မန္တလေးတိုင်းတိုင်းမှူး (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး) ပေးဖို့ တစ်ခါတည်း ဆုံးဖြတ်ခဲ့ပုံရတယ်” ဟု ၎င်းက ဆိုသည်။

“မန္တလေးလိုနေရာမှာ (တိုင်းမှူးခန့်တယ်ဆိုတာ) ပေးတဲ့သူက ကြိုက်လို့၊ စိတ်ချလို့ပေးတာပါ” ဟု နေပြည်တော်မှ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကလည်း ဆိုသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်လာပြီးနောက် ဗိုလ်မှူးချုပ်ကြည်ခိုင်ဘဝမှ ရာထူးတစ်ဆင့်တက်ကာ ဗိုလ်ချုပ်ကြည်ခိုင်ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်ကြည်ခိုင်သည် သူ့ကဲ့သို့ပင် သတ်ရဲဖြတ်ရဲသည့် ဗိုလ်ချုပ်ကိုကိုဦး၏ နေရာကို ဆက်ခံရသည်။

ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်လာပြီးနောက် ဗိုလ်ချုပ်ကြည်ခိုင်တာဝန်ယူရသည်များထဲမှ တစ်ခုမှာ မန္တလေးတိုင်းအတွင်း အရပ်သားများကို စစ်သင်တန်းပေး၊ လက်နက်တပ်ပေးကာ ပျူစောထီး (ပြည်သူ့စစ်) အဖြစ် ဖွဲ့ပေးရခြင်း ဖြစ်သည်။

သူသည် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများအတွင်းက မန္တလေးတိုင်းအတွင်းမှ ပျူစောထီးများကို လက်နက်တပ်ပေးခဲ့ပြီး တော်လှန်ပုန်ကန်သူများကို စစ်ကောင်စီတပ်က နှိမ်နင်းရာတွင် အသုံးချခဲ့သည်။

သူဖွဲ့ပေးထားသည့် ပျူစောထီးများအနက်မှ ငါးဇွန်ပျူစောထီးသည် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို ပစ်သတ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။

မန္တလေးတိုင်းအတွင်းမှ ပျူစောထီးများကို ၂၀၂၄ အတွင်းက လက်နက်တပ်ပေးနေသည့် ဗိုလ်ချုပ်ကြည်ခိုင် (ဓာတ်ပုံ – စစ်ကောင်စီ)

ဇွန် ၁၉ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်တို့က ဆရာတော် စီးနင်းလာသည့် ကားကို ငါန်းဇွန်မြို့နယ် မြို့သာရွာနှင့် ပန်းချီကမ္မရွာကြားတွင် ပစ်ခတ်ရာ မော်တော်ယာဉ်ပေါ်မှ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့ပြီး ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းအမျိုးသားတို့ ဒဏ်ရာရခဲ့သည်။

ရပ်တန့်ပေးရန် ဟန့်တားမှုကို လျစ်လျူရှုသဖြင့် ပစ်ခတ်မိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပေါက်ကြားလာသည့် စစ်ကောင်စီတပ်၏ ထောက်လှမ်းရေးအစီရင်ခံစာများအရ ပစ်ခတ်မှုတွင် ပျူစောထီးနှင့် အမှတ် (၂) အင်အားပြန်လည်ဖြည့်တင်းရေးတပ်မှ စုစုပေါင်း ၂၉ ဦးပါဝင်သည်။

ငါးဇွန်ပျူစောထီးတပ်ကို မျိုးမင်းခိုင်ဆိုသူက ဦးဆောင်ပြီး စစ်ကောင်စီတပ်၏ မန္တလေးတိုင်း ကူမဲမြို့အခြေစိုက် အမှတ် (၂) အင်အားပြန်လည်ဖြည့်တင်းရေးတပ်ကို ဗိုလ်မှူးမျိုးမင်းဦးက ဦးဆောင်သည်။

စစ်တပ်ဖွဲ့စည်းပုံအရ ထိုတပ်နှစ်ခုစလုံးက ဗိုလ်ချုပ်ကြည်ခိုင်၏အမိန့်ကို နာခံရသည်။

ဆရာတော်များကို ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သားတို့က ဆေးကုသပေးရန် ပျက်ကွက်ခဲ့သလို အခင်းဖြစ်ပွားရာနေရာတွင် နာရီပေါင်းများစွာ တားဆီးထားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြည်ခိုင်နှင့် စစ်အရာရှိများက ကံသုံးဆင့်ဆရာတော်ကို မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းတွင် ၎င်းလိုချင်သည့် အဖြေရရန် နာရီပေါင်းများစွာ စစ်မေးခဲ့သည်။

ဆရာတော်များကို ပစ်ခတ်သူများမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့ဝင်များဖြစ်ကြောင်း ထွက်ဆိုရန် ဗိုလ်ချုပ်ကြည်ခိုင်နှင့် စစ်ဗိုလ်ချုပ်များက အကြိမ်ကြိမ်ဖိအားပေးခဲ့သည်ဟု ကံသုံးဆင့်ဆရာတော်က မိန့်ကြားသည်။

လိမ်လည်ထွက်ဆိုရန်အတွက် ဗိုလ်ချုပ်ကြည်ခိုင်၏ဖိအားကို ထေရ်ကြီးဝါကြီးဆရာတော်ကြီးက ငြင်းဆန်နိုင်ခဲ့သည်။ သို့သော်လည်း ဆရာတော်များစီးနင်းသည့်ကားကို မောင်းနှင်ခဲ့သည့် ယာဉ်မောင်းက PDF များ၏ လက်ချက်ဟု ထွက်ဆိုခဲ့ရသည်။

စစ်တပ်က ယာဉ်မောင်း၏ထွက်ဆိုချက်ကို သတင်းအဖြစ် ထုတ်ပြန်ခဲ့သော်လည်း နောက်တစ်ရက်အကြာ ဇွန်လ ၂၀ ရက်တွင် ပစ်ခတ်သူများမှာ စစ်ဗိုလ်စစ်သားများဖြစ်ကြောင်း ကံသုံးဆင့်ဆရာတော်က မိန့်ဆိုခဲ့အပြီး စစ်တပ်၏ လိမ်လည်မှုက ပိုမို ထင်ရှားလာသည်။

နောက်ဆုံးတွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ကိုယ်စားလှယ်လွှတ်ကာ ပစ်ခတ်မှုကို တောင်းပန်ခဲ့ရသည်။ ထိုဖြစ်ရပ်အတွက် အဆင့်မြင့်အရာရှိများပါသည့် စုံစမ်းစစ်ဆေးရေးများလည်း ပြုလုပ်မည်ဟု စစ်ခေါင်းဆောင်က တောင်းပန်စာတွင် ထည့်သွင်းရေးသားသည်။

ထို့နောက် ဗိုလ်ချုပ်ကြည်ခိုင်လည်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

တစ်ချိန်က တော်လှန်ရေးသမားများ၊ စစ်ကောင်စီကို ဆန့်ကျင်သူများနှင့် ကံသုံးဆင့်ဆရာတော်ကို စစ်ကြောရေးစခန်းများဆီ ပို့ဆောင်ခဲ့သည့် စစ်ကောင်စီ၏ လက်မရွံ့တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်တစ်ယောက် နေပြည်တော်မှ စစ်ကြောရေးစခန်းတစ်ခုထဲသို့ ရောက်နေခဲ့ရပြီဖြစ်သည်။

Show More

Related Articles

Back to top button