အပြည်ပြည်ဆိုင်ရာခရီးသွားများဝင်ထွက်ရာ ပင်မတံခါးပေါက်ဖြစ်သလို မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အစည်ကားဆုံးလေဆိပ်ကြီးဖြစ်သည့် ရန်ကုန်လေဆိပ်သည် အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ရာ စစ်ကြောရေးစခန်းဖြစ်လာသည်။
အာဏာသိမ်းပြီးနောက် ဆန္ဒပြသပိတ်ခေါင်းဆောင်များ၊ အာဏာဖီဆန်သည့် CDM အစိုးရဝန်ထမ်းများ၊ သတင်းစာဆရာများနှင့် ဆန့်ကျင်သူများကို ရန်ကုန်လေဆိပ်မှ ပြည်ပနိုင်ငံများသို့ ဖြတ်သန်းသွားလာခွင့် မရရန် ပိတ်ပင်ခဲ့သည်။
ယခုတစ်ကြိမ်အလှည့်ကျလာသည်က လူငယ်လူရွယ်အမျိုးသားများဖြစ်သည်။
နိုင်ငံအနှံ့စစ်မျက်နှာပြင်များတွင် အရေးနိမ့်နေသည့် စစ်ကောင်စီသည် တပ်သားသစ်များလည်း အလွယ်တကူစုဆောင်းမရသည့်နောက် စစ်မှုထမ်းရန် အသက်ကန့်သတ်ချက် ပြည့်မီသည့်လူငယ်များ နိုင်ငံတွင်းမှ ထွက်ခွာခွင့်မရရန် နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်တားမြစ်နေသည်။
ပြီးခဲ့သည် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီက အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် သုံးနှစ်မှ ငါးနှစ်ကြာ စစ်မှုထမ်းရမည်ဖြစ်သည်။
ထိုဥပဒေထွက်လာပြီးနောက် စစ်ကောင်စီလက်ထဲမှ လွတ်ရန် လူငယ်များသည် ရသည့်နည်းဖြင့် ထွက်ပြေးကြရာ နောက်ဆုံးတွင် စစ်ကောင်စီက လူလတ်ပိုင်းအမျိုးသားများကို ပြည်ပထွက်ခွင့်မရရန် တင်းကျပ်စွာကန့်သတ်လာသည်။
နောက်ဆက်တွဲ ရလဒ်တစ်ခုအနေဖြင့် စစ်ကောင်စီက အသက် ၂၃ မှ ၃၁ နှစ်ကြား အမျိုးသားများကို ပြည့်ပထွက်ခွာ အလုပ်လုပ်ခွင့် ကန့်သတ်ပိတ်ပင်ခဲ့သည်။
ထို့နောက် PV ပတ်စပို့ဟု လူအများသိကြသည့် အလည်အပတ်နိုင်ငံကူးလက်မှတ်အမျိုးအစားဖြင့် ပြည်ပထွက်အလုပ်လုပ်မည့်သူများကို ပြည်ပထွက်ခွင့်မရအောင် လေဆိပ်နှင့် နယ်စပ်ဂိတ်ပေါက်များတွင် တားဆီးပိတ်ပင်နေကြောင်း စစ်ကောင်စီက ဩဂုတ် ၁၅ သတင်းစာများမှတစ်ဆင့် တရားဝင် ကြေညာခဲ့သည်။
ပြည်ပထွက်အလုပ်လုပ်လိုသူများအနေဖြင့် PJ ပတ်စပို့ဟု လူအများသိကြသည့် အလုပ်လုပ်ရန်အတွက် ထုတ်ပေးသည့် အလုပ်အကိုင်နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ကတ်လျှောက်ထားရန်လည်း စစ်ကောင်စီက သတိပေးခဲ့သည်။
ထို့ကဲ့သို့ ကန့်သတ်ချက်မျိုးစုံထွက်လာပြီးနောက် အစစ်အဆေးကြမ်းလာပြီး လေဆိပ်လုံခြုံရေးအတွက် တာဝန်ယူရသည့် လေဆိပ်ရဲနှင့် အရပ်ဝတ်ရဲများက ထွက်ခွာခွင့်အပေါ် ဆုံးဖြတ်လာခြင်းဖြစ်သည်ဟု ဩဂုတ် ၂၁ ရက်က ရန်ကုန်လေဆိပ်မှ ပြည်ပသို့ သွားရောက်စဉ် ထွက်ခွင့်မရဘဲ လှည့်ပြန်ခိုင်းခံရသည့် ရန်ကုန်မြို့မှ အသက် ၃၂ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
“ရန်ကုန်လေဆိပ်က အရပ်ဝတ်နဲ့ရဲတွေက ကောင်တာတစ်ခုမှာ ဘာမှလဲမမေးဘဲ၊ မသွားရဘူးပဲ ပြောတယ်။ သက်ဆိုင်ရာ စာရွက်စာတမ်းတွေတောင် မကြည့်ဘဲ ဟိုလူသွား၊ ဒီလူသွားနဲ့ကို ပြောပြီးပြန်လွှတ်တာပါ” ဟု ၎င်းက ပြောသည်။
ထိုနေ့က အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံကို သူငယ်ချင်း ၅ ယောက်အတူသွားရောက်ရန် စီစဉ်ထားသော်လည်း နှစ်ဦးသာ ထွက်ခွင့်ရပြီး အရပ်ဝတ်ရဲများက သုံးဦးကို အကြောင်းပြချက်ရေရေရာရာ မရှိဘဲ လှည့်ပြန်ခိုင်းခဲ့သည်ဟု ၎င်းက ဆိုသည်။
အလည်အပတ်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် စီစဉ်ထားခြင်းဖြစ်ပြီး လေယာဉ်အသွားပြန်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ Show Money (ပြငွေ) ဒေါ်လာ ၉၀၀ အပြည့်အစုံပါသော်လည်း တားဆီးစစ်ဆေးခဲ့သည့် အရပ်ဝတ်ရဲ ၄ ဦးက တစ်ချက်ပင်မကြည်ဘဲ မျက်နှာကို အကဲခတ်၍ ပြန်လွှတ်ကြောင်း ၎င်းက ဆိုသည်။
ထွက်ခွာခွင့်ပတ်ပင်ခံရသဖြင့် လေယာဉ်လက်မှတ်နှင့် ဗီဇာကြေးအပါအဝင် ကျပ် ၄၅ သိန်းဆုံးရှုံးကြောင်း၊ ထိုနေ့က ထွက်ခွင့်မရသူအများအပြားရှိကြောင်း၊ အမျိုးသမီးတစ်ဦးက ရဲများကို စောဒကတက်ရာတွင် “ထောင်ထဲ သွားချင်လို့လား”ဟု ခြိမ်းခြောက်ပြောဆိုကြောင်းလည်း ၎င်းက ပြန်လည်ပြောပြသည်။
“ခရီးသွားလေကြောင်းဌာနက အသိတွေကို မေးတော့ သူတို့အဲ့ဒီလိုလုပ်နေတာ ၈ လပိုင်းစကတည်းကလို့လဲ ပြောပါတယ်။ သက်ဆိုင်ရာ Airline တွေကိုလဲ စာထုတ်ပြန်ထားခြင်းတွေလဲ မရှိပါဘူးတဲ့။ လက်မှတ်ဖိုးတွေကိုလဲ Airline တွေက ဘာမှ တာဝန်ယူမှုမရှိပါဘူးဗျ။ သူတို့က မသင်္ကာတဲ့ လူကို မသွားခိုင်းတာပါတဲ့။ ပိုက်ဆံ ၁ သိန်း ပေးမယ်ဆိုတာတောင် မရပါဘူးလို့ပြောပါတယ်” ဟု သူက ဆိုသည်။
မြန်မာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစား ၇ မျိုးအထိ ခွဲခြားသတ်မှတ်ထားပြီး သာမန်အရပ်သား(PV)၊ အလုပ်သမား (PJ) ၊ ကျောင်းသား (PE)၊ သင်္ဘောသား (PS) စီးပွားရေးသမား (PB)၊ ဘာသာရေးသမား (PR)၊ အလုပ်အကိုင်မရှိဘဲ မှီခိုသူ (PT)ဟူ၍ဖြစ်သည်။ အခြားနိုင်ငံများတွင် ယင်းကဲ့သို့ ခွဲခြားထားခြင်း မတွေ့ရပေ။
ယခုအခါ ပြည်ပထွက်ခွာခွင့် အတည်ပြုတံဆိပ်တုံးထုပေးသည့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများထက် လေဆိပ်လုံခြုံရေးရဲများက စစ်ကြောရေးဝင်ကာ ထွက်ခွာခွင့်အပေါ် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ဩဂုတ်လလယ်တွင် ထိုင်းနိုင်ငံသို့ အလည်ထွက်ခွာခဲ့သည့် ရန်ကုန်မြို့ရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
“ထွက်မယ့်သူတိုင်းက ဒီပြဿနာစပြီးကြုံနေရပြီ။ ဒီထက်ပိုဆိုးလာဖို့ပဲ ရှိတော့တာပေါ့။ လေဆိပ်ရဲက လေဆိပ်ရဲအလုပ်မလုပ်ဘူး။ လေယာဉ်ပေါ်မှာ လူမှားတင်မှာတို့၊ တားမြစ်ပစ္စည်းတွေ သယ်လာမှာကို စစ်ဆေးရတဲ့ရဲတွေက တစ်ဦးတစ်ယောက်ချင်း ပုဂ္ဂိုလ်ရေးကိစ္စတွေအထိ စစ်ဆေးလာတယ်” ဟု သူက ဆိုသည်။
ရဲများက ပြည်ပထွက်ခွာသည့် မှတ်တမ်းမရှိသော PV နိုင်ငံကူးလက်မှတ်များကို ပိုမိုစစ်ဆေးကြောင်း၊ ပက်စ်ပို့သက်တမ်းတိုးထားသဖြင့် အသက်စက်စက်ဖြစ်နေသော သူ့ပက်စပို့နှင့် လေယာဉ်လက်မှတ်ကို လေဆိပ်အဝင်ရဲက တွေ့သွားချိန် သီးခြားရဲကောင်တာသို့ ခေါ်၍ စစ်ဆေးကြောင်း သူက ပြောသည်။
တည်းခိုမည့်ဟိုတယ်ဘိုကင်၊ လေယာဉ်အသွားအပြန်လက်မှတ်နှင့် Show Money စစ်ဆေးသည့်အပြင် အလုပ်အကိုင်၊ နေရပ်လိပ်၊ ပြည်ပထွက်မည့်အကြောင်းရင်းနှင့် အခြားပုဂ္ဂိုလ်ရေးနှင့်သက်ဆိုင်သည့် အဓိပ္ပာယ်မရှိသော မေးခွန်းများလည်း မေးမြန်းသည်ဟု ဆိုသည်။
“၁၀ မိနစ်လောက်ရှိတယ်။ ကျွန်မက ကြောက်တဲ့ဟန်တော့မပြဘူး။ တစ်ခါမှ ဒီလောက်အရစ်မခံရဘူး။ သူတို့မေးသမျှကို ကောင်းကောင်းမွန်မွန်ပြန်ရှင်းပြပေးတယ်။ အခုလောက်ဆိုရင် သွားခွင့်ပေးသင့်တယ် ထင်တယ်နော်လို့ ပြောလိုက်တယ်။ အီဒီအချိန်မှာ သွားခွင့်ပေးတယ်။ အဲ့ဒီအချိန်မှာ တပ်ကြပ်တစ်ဦးက PV ဆို ပိတ်လို့ရတယ်ဆိုပြီး ပြောတယ်” ဟု ၎င်းက ဆိုသည်။
PV ပက်စပို့ဖြင့် ပြည်ပကို အလုပ်သွားလုပ်မည်ဟု ယူဆခြင်းကြောင့် အမှားတစ်ခုပေါ်လာသည်အထိ အသေးစိတ်စစ်ဆေးမေးမြန်းခြင်းဖြစ်သည်ဟု သူက ယူဆသည်။ တစ်ပြိုင်တည်းတွင် ထိုစစ်ဆေးမှုမှ ငွေညှစ်ရန် အရစ်မခံချင်သူများအနေဖြင့် လာဘ်ငွေပေးကောင်းပေးနိုင်ကြောင်းလည်း သူက ဆိုသည်။
ယခင် လေဆိပ်တွင် အစစ်ဆေးမတင်းကျပ်မီကတည်းက အစစ်ဆေးမခံရဘဲ သွားလာခွင့်ရနိုင်သည့် လမ်းကြောင်းများကို လေဆိပ်ရဲများနှင့် နီးစပ်သူတို့က အခကြေးငွေယူ၍ ပို့ဆောင်မှုများရှိရာ ယခုအခါ ထိုကဲ့သို့ လုပ်စားသူများ လာဘ်ယူခွင့် ပိုမိုအခြေအနေကောင်းလာနိုင်ကြောင်း သူက ဆိုသည်။
သို့သော် ထွက်ခွာသူတိုင်းကို ပြန်လှည့်ခိုင်းသည့် အခြေအနေမဟုတ်ဘဲ စစ်ဆေးရေးအရာရှိအပေါ်တွင် မူတည်၍ ကွဲပြားနိုင်သည်ဟု ရန်ကုန်မြို့၊ လသာမြို့နယ်မှ နိုင်ငံခြားခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“တစ်ချို့ပြန်လွှတ်ခံရတာတွေ ရှိတာတော့ရှိတယ်။ ဒါကတော့ သူမေးတဲ့မေးခွန်းအပေါ်မှာ ကိုယ်ဖြေတဲ့ အဖြေပေါ်မှာလည်း အများကြီးမူတည်တာပေါ့။ (ကျွန်မတို့ ဝန်ဆောင်မှုပေးတဲ့အထဲမှာ) သတ်မှတ်ချက် အပြည့်အစုံလုပ်ပေးထားတာဖြစ်တဲ့အတွက် ပြန်လွှတ်ခံရတာတော့ မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။
ယခုအခါ PV ဖြင့် အလည်ပတ်သွားသူများကို အစစ်ဆေးတင်းကျပ်သဖြင့် အထောက်အထားအပြည့်စုံ၊ သွားရောက်လည်ပတ်မည့် အစီအစဉ်ကို လိပ်ပတ်လည်စွာပြောဆိုရန်လိုပြီး အခြားကျောင်းသားဗီဇာဖြင့် ထွက်ခွာသူများမှာ သတ်မှတ်ချက်ပြည့်စုံပါက အဆင်ပြေစွာ ထွက်ခွာနိုင်ကြောင်း ၎င်းက ဆိုသည်။
၁၉၄၈ ခုနှစ် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာတမ်းအပိုဒ် ၁၃ တွင် “လူတိုင်းတွင် မိမိ၏နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာသွားလာ နေထိုင်ခွင့်ရှိသည်။ လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွားပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်” ဟု ဖော်ပြထားသည်။
အဝင်လည်း ငွေညှစ်ခံရနိုင်
စစ်ကောင်စီက အမျိုးသားများကို နိုင်ငံပြင်ပထွက်သူများကို ကန့်သတ်ပိတ်ပင်နေသလို ပြည်တွင်းသို့ ပြန်ဝင်လာသူများကိုလည်း ရက်ရှည်နေထိုင်သူများဖြစ်ပါက မေးခွန်းမျိုးစုံမေးမြန်းပြီး ငွေကြေးပေးနိုင်မှ သွားခွင့်ပေးသည့် အခြေအနေများပေါ်ပေါက်နေသည်ဟု ပြည်ပထွက်ခွာသူများက ဆိုသည်။
လူထုကို ဖိနှိပ်နေသည့် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ၏ လုပ်ရပ်သည် လမ်းကြောင်းတစ်ခုတည်း ပိတ်ဆို့ရုံဖြင့် လူငယ်အများအပြားထိခိုက်စေလိုခြင်းဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
“ဖက်ဆစ်ထက်ဆိုးတဲ့အခြေအနေမျိုးဖြစ်တယ်။ ကျွန်တော်တို့တိုင်းပြည်က (စစ်ဗိုလ်ချုပ်ကြီးများ) ပုဂ္ဂိုလ်မျိုးတွေလို လူစိတ်မရှိတဲ့လူ ကမ္ဘာမှာမရှိဘူး။ ကမ္ဘာမှာ မတွေ့ဖူးဘူးလို့ ထင်တယ်” ဟု သူက ဆိုသည်။
ထို့ကြောင့် မြန်မာလူငယ်အားလုံးက စစ်အုပ်စုကို အုံကြွတော်လှန်မည့်အခြေအနေကို ဦးတည်နေကြောင်း၊ စစ်ကောင်စီလက်အောက် တိုင်းပြည်အခြေနေမှာ ခိုင်းနှိုင်းစရာမရှိသည်အထိ ဆိုးရွားနေကြောင်း သူက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် တိုင်းပြည်ကသောင်းကနင်းဖြစ်နေပြီး နိုင်ငံရေး၊ စီပွားရေးနှင့် လူမှုရေးအပြင် အဘက်ဘက်မှ ဆုတ်ယုတ်နေသည်။ လေဆိပ်တွင် တင်းကျပ်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီကို မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ရန်ကုန်လေဆိပ်လည်ပတ်လုပ်ကိုင်ခွင့်ရ အေးရှားဝေါကုမ္ပဏီ လက်အောက်ခံ Yangon Aerodrome Company Limited (YACL) ထံ Myanmar Now က အီးမေးမှ ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။
စစ်တပ်အာဏာမသိမ်းမီက တိုင်းပြည်၏ စီးပွားရေးနှင့် ခရီးသွားများတိုးတက်လာမည့် အခြေအနေကြောင့် နိုင်ငံတကာလေကြောင်းလုပ်ငန်းများလည်း အရှိန်မြင့်လာနိုင်သဖြင့် ရန်ကုန်လေဆိပ် အဆင့်မြင့်တင်တိုးချဲ့မှုများဆောင်ရွက်ခဲ့သည်။
ရန်ကုန်လေဆိပ်သည် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံ နေထိုင်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကြားတွင် မဟာဗျူဟာမြောက် တည်ရှိနေပြီး တိုကျို၊ ဒူဘိုင်း၊ စင်ကာပူ၊ ဘေကျင်းနှင့် နယူးဒေလီအစရှိသော မြို့ကြီးများနှင့်လည်း ၆ နာရီကြာပျံသန်းချိန်ကွာဝေးသည်။
၂၀၁၅ ခုနှစ်တွင် ခရီးသည်ပေါင်း ၄.၆၈ သန်းကို ဝန်ဆောင်မှုပေးခဲ့ပြီး နှစ်စဉ် ပြည်တွင်းပြည်ပခရီးသွား သန်း ၂၀ အထိကိုင်တွယ်ရန် ရည်မှန်းထားသည်ဟု Yangon Aerodrome ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ပြည်ပထွက်ခွင့်နှင့်ပတ်သက်၍ လေဆိပ်ရဲများက ဆုံးဖြတ်ပေးနေသည်မှာ အလွန်ဆိုးရွားကြောင်း ရန်ကုန်မြို့ရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ဆိုသည်။
“သူတို့သွားခွင့်ပေးမှ သွားလို့ရမယ်ဆိုတာက အရင်အခြေအနေနဲ့စာရင် ဘယ်လောက်နိမ့်ပါးသွားလဲ။ ကိုယ်ဘာသာကို လွတ်လွတ်လပ်လပ်သွားလို့တောင် မရဘူး။ အလုပ်လုပ်သည်ဖြစ်စေ၊ အလည်အပတ်သွားသည်ဖြစ်စေ အကုန်လုံးက ကိုယ့်ပိုက်ဆံနဲ့ကိုယ်သွားရတဲ့သူတွေပဲလေ” ဟု သူက ဆိုသည်။