
ကယားပြည်နယ်တွင် စစ်ကောင်စီတပ် အကြမ်းဖက်တိုက်ခိုက်သဖြင့် အမျိုးသမီးများ၊ ကလေးများအပါအဝင် ၃၈ ဦးထက်မနည်း သတ်ဖြတ်ခံရမှုအတွက် ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children က ဒီဇင်ဘာ ၂၅ တွင် ကြေညာလိုက်သည်။
အဖွဲ့၏ ဝန်ထမ်းနှစ်ဦးလည်း အားလပ်ရက် အိမ်အပြန်ခရီးစဉ်တွင် ယင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပြီး ပျောက်ဆုံးနေကြောင်း၊ ထိုနှစ်ဦး၏ မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အကူအညီပေးရေးဝန်ထမ်းများကို တိုက်ခိုက်ခြင်းမှာ လက်ခံနိုင်စရာမရှိဟု Save the Children ၏ အမှုဆောင်ချုပ် Inger Ashing က ပြောသည်။
“နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်” ဟု သူက ပြောကြောင်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်”
ခရစ္စမတ်နေ့ နံနက်ခင်းတွင် မီးလောင်ထားသည့် ရုပ်အလောင်း ၃၀ ကျော် ဖရူဆိုမြို့တွင် တွေ့ရသည့် ဖြစ်ရပ်ကို စုံစမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဝန်ထမ်းပေါင်း ၉၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေသည့် Save the Children က ထိုသို့ ထုတ်ပြန်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ် ၂၀ ကျော်ကြာ လုပ်ကိုင်နေသည့် ဤအဖွဲ့က တိုက်ပွဲများနှင့် အကျပ်အတည်းကာလတွင် ကလေးသူငယ်များအတွက် အကူအညီဆက်ပေးသွားမည်ဖြစ်သော်လည်း ယခုအဖြစ်အပျက်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားမည်ဟု ဆိုသည်။
စစ်တပ်ကလည်း ဖရူဆိုတွင် ပစ်ခတ်ခဲ့ကြောင်း ယမန်နေ့က နေ့တွင်းချင်း သတင်းထုတ်ပြန်ထားသည်။
“နံနက် ၁၀ နာရီခန့်တွင် ကွိုင်ငံရွာဟောင်းဘက်မှ မိုဆိုကျေးရွာဘက်သို့ မသင်္ကာဖွယ်မောင်းနှင်လာသည့် မော်တော်ယာဉ်မျိုးစုံ ၇ စီးအား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ အဆိုပါမော်တော်ယာဉ်များမှာ ရပ်တန့်ခြင်းမရှိသည့်ပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များ၊ လက်ပစ်ဗုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်” ဟု အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။
ထိုဒေသတွင် လှုပ်ရှားနေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကို ပယ်ချလိုက်ပြီး မီးကျွမ်းရုပ်အလောင်းများထဲတွင် မူကြိုအရွယ်ကလေးငယ်တစ်ဦး၏ ရုပ်အလောင်း ပါဝင်သည်ဟု ပြောသည်။
“သူတို့က လူစိတ်မှ မရှိတော့တာ။ သူတို့လုပ်ရပ်က ဖက်ဆစ်ထက်တောင် ပိုပြီးဆိုးရွားတဲ့ လုပ်ရပ်လုပ်တယ်လို့ပဲ သုံးသပ်မိတယ်” ဟု KNDF တပ်ရင်း ၄ ၏ တပ်ရင်းမှူးက ပြောသည်။
မီးရှို့ခံထားရသည့် မော်တော်ယာဉ်များပေါ်တွင် ရိက္ခာများတွေ့ရ၍ သေဆုံးသူတို့မှာ စစ်ရှောင်ရန် ထွက်ပြေးလာသူများဟု ယူဆရပြီး တစ်စုတစ်စည်းတည်းထား၍ စစ်တပ်က လောင်စာဆီသုံးကာ မီးရှို့ခြင်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)