
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိသည်ဟု ဒေသအခြေစိုက် ဇီးရိုးပြောက်ကျားတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ ၂၅) တွင် သတင်းထုတ်ပြန်သည်။
ပဲကြီးခင်းရွာဘက်သို့ သွားသည့် ကားနှစ်စီး၊ ထိုရွာဘက်တွင် တောနင်းရှာဖွေ၊ ကင်းပုန်းဝပ်ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၂၃ တွင် တိုက်ခိုက်အပြီး မြေပြင်လှုပ်ရှားသူများ ဘေးလွတ်ရာ ရောက်ချိန်မှ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
“တကယ်တမ်းက (သေသူအရေအတွက်) အဲဒီထက် ပိုများနိုင်တယ်။ စစ်ကားတစ်စီး ထားခဲ့ပြီး အလောင်းတွေကို သယ်သွားတယ်” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုအတွက် ကျပ်ငွေ ၈ သိန်းခွဲခန့် ကုန်ကျသည်ဟု ၎င်းက ဆိုသည်။
“မိုင်းတစ်လုံးက ရှစ်သောင်းကနေ တစ်သိန်းကျပါတယ်။ အလုံးစုံ ပဒေသာဆိုလို့ရှိရင် သုံးလေးငါးသိန်းကျတယ်။ ပဒေသာတွဲရင်တွဲသလို ကျပါတယ်။ မစ်ရှင်တစ်ခုလုပ်မယ်ဆို လေးငါးခြောက်သိန်းလောက်တော့ အနည်းဆုံးကုန်ပါတယ်”
ဇီးရိုးပြောက်ကျားတပ်ဖွဲ့က မြင်းခြံခရိုင်အတွင်း မိုင်းတစ်ရာစစ်ဆင်ရေးစတင်မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကြုံကြိုက်ပါက အနီးကပ်ရှိမနေရန် နိုဝင်ဘာ ၁၀ ၌ ထုတ်ပြန်ခဲ့သည်။
ည ၉ နာရီကျော်တွင် လမ်းမပေါ် မော်တော်ယာဉ်များ မဖြတ်သန်းကြရန်၊ လမ်းမဘေးရှိ မိမိနှင့် မသက်ဆိုင်သော အရာများကို မကိုင်တွယ်ကြရန်၊ ပေါက်ကွဲသံများ ကြားပါက အပြင်မထွက်ဘဲ အိမ်၌သာ နေကြရန်လည်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
စစ်ကောင်စီတပ်၏ မော်တော်ယာဉ်များနှင့် အနီးကပ်မောင်းနှင်ခြင်းမပြုရန် ယာဉ်မောင်းသူတို့ကို တိုက်တွန်းလိုသည်ဟု ကိုသက်ကြီးက ပြောသည်။
မိုင်းထောင်ထားသည့် နေရာသို့ စစ်ကောင်စီတပ်သားများ ရောက်လာသော်လည်း အရပ်သားများလည်းရှိနေသောကြောင့် စစ်ဆင်ရေးပျက်ခဲ့ရဖူးကြောင်း၊ ယခုအခါ ပြင်းအားများသည့်မိုင်းများသုံးပြီး ထပ်မံစစ်ဆင်မည်ဖြစ်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ပထမတစ်ကြိမ်မှာတုန်းက ပဒေသာမိုင်းထောင်ထားတာ၊ အဲဒီအချိန်မှာ ဆိတ်ကျောင်းတဲ့သူတွေ အဘွားကြီးနှစ်ယောက် ရောက်နေတယ်။ ဆိုင်ကယ်တွေကလည်း အဲဒီအပေါ်၊ စစ်ကားတွေလည်း အဲဒီအပေါ် တည့်တည့်ကြီး” ဟု ကိုသက်ကြီးက ပြောသည်။
“ပြည်သူကို ညှာလိုက်လို့ မခွဲလိုက်ရတာ နှစ်ခါလောက် ရှိသွားပြီ။ ဒီတစ်ခါ ကျွန်တော်တို့ ဆော်တော့မှာ”
မြင်းခြံ၊ နဘူးအိုင်လမ်းပေါ် စစ်ကားတစ်စီး မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခြင်းက မိုင်းတစ်ရာစစ်ဆင်ရေး၏ ပွဲဦးထွက်တိုက်ပွဲဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ရုပ်သံဖိုင်နှင့်တကွ ဒီဇင်ဘာ ၁၀ တွင် သတင်းထုတ်ပြန်ထားသည်။
စစ်သားတို့နှင့် ဝေးဝေးနေကြရန် သတိပေးချက်ထုတ်ထားသော်လည်း ဒေသခံပြည်သူတို့ထံ မည်မျှကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိပြီးဖြစ်သည်ကို မသိရသေးပေ။
အာဏာသိမ်းစစ်ကောင်စီတပ်ကို အနယ်နယ်အရပ်ရပ်တွင် စစ်ဆင်နေကြရာ မြင်းခြံဒေသသည်လည်း ခုခံစစ်ဆင်သူများပြားသည့် ဒေသတစ်ခုဖြစ်သည်။ မြင်းခြံဒေသ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို မြင်းခြံခရိုင်ရဲတပ်ဖွဲ့သို့ ယနေ့ ညနေပိုင်း ဖုန်းဆက်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
မြင်းခြံ၊ ပဲကြီးခင်းရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကိုင်ခုခံသူတို့ကို ဒီဇင်ဘာ ၂၀ ကျော်မှစ၍ တောနင်းရှာဖွေနေသည်။ ထိုစစ်သားတို့က အနီးဝန်းကျင်ရှိ နှပ်ချိုတော၊ တောင်ပုံ၊ မီးပေါက်၊ ကန်စွယ် ရွာတို့မှ ဒေသခံ ၁၇ ဦးကို ဖမ်းဆီးထားသည်ဟု မြင်းခြံရှိ အမည်မဖော်လိုသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)