မေးမြန်းခန်း

“ကျွန်တော်တို့အမြင်အရ ပြောရမယ်ဆိုရင် ဇေယျာဖြိုးဟာ ကွန်မင်ဒါ (အမိန့်ပေးသူ) ပဲ”

၂ဝ၁၇ ဇန်နဝါရီ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရမှုကို ၂ နှစ်ကြာ စစ်ဆေးပြီးနောက် စွပ်စွဲခံရသူ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို သေဒဏ်နှင့် ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ် အသီးသီး ချမှတ်လိုက်ပြီဖြစ်သည်။

တရားစွဲခံရသူ ၅ ဦးထဲတွင် လုပ်ကြံမှုဖြစ်မြောက်ရေး အမိန့်ပေးစေခိုင်းသူ၊ ငွေကြေးထောက်ပံ့သူမှာ ဇေယျာဖြိုးဖြစ်သည်ဟု သက်သေ အယောက်တစ်ရာကျော်ကို စစ်ဆေးပြီး ပေါ်ပေါက်လာသည့် အချက်တို့ကို လေ့လာပြီး တရားလိုရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ဌေးက သုံးသပ်လိုက်သည်။

အမှုကို စီရင်ချက်မချမီ ရက်ပိုင်းအလိုက Myanmar Now နှင့် တွေ့ဆုံစဉ် ဦးခင်မောင်ဌေးက အမှုစစ်ဆေးပေါ်ပေါက်ပုံ၊ တရားစွဲအဖွဲ့အစည်းနှင့် တရားရုံးအနေအထားတို့အကြောင်း ပြောပြထားသည်။

မေး –  ကြည်လင်းက ဦးကိုနီကို လေဆိပ်မှာ ပစ်သတ်သွားတယ်၊ အမှုမှာ အောင်ဝင်းဇော် အောင်ဝင်းခိုင် ဇေယျာဖြိုးတို့ ပါဝင်ပတ်သက်တယ်၊ အမျိုးသားရေးအစွန်းရောက်စိတ်ဓာတ်ကြောင့် သတ်သွားတယ်ဆိုပြီး အစိုးရက ထုတ်ပြန်တယ်၊  ဒါပဲသိရတယ်။  နှစ်နဲ့ချီပြီး အမှုစစ်ဆေးလိုက်တော့ ဒီလူသတ်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တွေ့ရသလား။

ဖြေ – ဒီအမှုမှာ ကိုကြည်လင်းက ပစ်သတ်လိုက်တယ်ဆိုတဲ့အကြောင်း မြင်သာပါတယ်၊ ဖြစ်ပြီးပြီးချင်းမှာလည်း ဦးကိုနီက ကလေးပွေ့ချီထားတယ်၊ ကြည်လင်းက သေနတ်နဲ့ ချိန်ထားတဲ့ပုံ (အွန်လိုင်းပေါ်) တက်လာတာပဲလေ။ ကြည်လင်း ဖမ်းမိပြီးတဲ့နောက်မှာ ဒီရဲ့ လက်သည်တွေ ဘယ်သူလဲလို့ စုံစမ်းတဲ့အခါကျတော့ ကိုကြည်လင်းက အစတည်းက ထွက်တယ်၊ မြင့်ဆွေဆိုတဲ့လူ ခိုင်းလို့ လုပ်ရတာပါ၊ ဒီလိုထွက်တယ်။

အမှုမှန်ပေါ်ချင်တော့ ကိုအောင်စိုး (အောင်ဝင်းဇော်၊ ကြည်လင်းတို့နှင့် ထောင်ထဲတွင် အတူနေခဲ့ဖူးသူ) ပေါ်လာတယ်။ ကိုအောင်ဝင်းဇော်ဟာ သူ့ကို လူသတ်မှုတစ်ခု လူမြင်ကွင်းမှာ ကျူးလွန်ဖို့ လာငှားခဲ့ဖူးတယ်။ အခု ကြည်လင်းကို မြင်လိုက်ရတဲ့အခါကျတော့ ကြည်လင်းကို နောက်ကနေ ကြီးကြပ်မယ့်၊ စောင့်ကြည့်မယ့်သူဟာ အောင်ဝင်းဇော်ပဲဖြစ်မယ် ဆိုပြီးတော့ သူက သက်သေထွက်တဲ့အခါကျတော့ သူပြောတဲ့ကိစ္စ မှန်သလား လေဆိပ် CCTV (လုံခြုံရေးရုပ်သံမှတ်တမ်းတွေ) ပြန်ကြည့်တော့ ကြည်လင်းနဲ့ အောင်ဝင်းဇော် ကပ်နေတယ်ဆိုတဲ့အကြောင်း ပါလာတယ်။

ကြည်လင်းက ပြည်ပဆိုက်ရောက်၊ ထွက်ခွာလေဆိပ်ကို ရောက်ဖူးတဲ့ပုံ မပေါ်ဘူး။ ဒီနေရာကို လိုက်ပို့ပေးတဲ့ အောင်ဝင်းဇော် ရှေ့က သွားတယ်။ ဒါ CCTV ကင်မရာတွေမှာ အကုန်ပေါ်နေတာ။ နောက်ဆုံး ဦးကိုနီထွက်လာမယ့် ထွက်ပေါက်အထိ အောင်ဝင်းဇော် ရှေ့က သွားတယ်၊ ကြည်လင်း နောက်က လိုက်တယ်၊ ဒါတွေ ကျွန်တော်တို့က မြင်နေရပြီ။ ဒါကြောင့် ကြည်လင်းကို အနားကနေ ကြီးကြပ်နေတဲ့လူ အောင်ဝင်းဇော်။ သူတို့နှစ်ယောက် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း၊ တစ်ပူးပေါင်းတည်းပဲ။ မြင့်ဆွေဆိုတာ အောင်ဝင်းဇော်ပဲဆိုတာ ကျွန်တော်တို့ မြင်လာရတယ်။

နောက်ဆုံးအချိန်အထိ ကြည်လင်းဘာပြောနေလဲ။ ခြိမ်းခြောက်အကျပ်ကိုင်ခံရလို့ သူ လူသတ်မှုကျူးလွန်တာပါ။ ဒါကြောင့် ၃၀၂ နဲ့ အပြစ်ပေးပါလို့ ဒီလိုလျှောက်လဲတယ်၊ တကယ်တော့ ကြိုတင်ကြံစည်ပြီးတော့မှ ဒီကိစ္စဆောင်ရွက်တယ်ဆိုတဲ့ကိစ္စ CCTV မှတ်တမ်းတွေအရ ပေါ်နေတယ်။ ခြိမ်းခြောက်အကျပ်ကိုင်ခံရလို့ သတ်ခဲ့တယ်ဆိုရင် သူပြောသလိုပဲပေါ့ဗျာ သတ်ပြီးရင် သူ့တာဝန်ကျေပြီ၊ ဒီလိုဆိုရင် သူ့လုပ်ပြီးတဲ့နောက်မှာ သေနတ်ကြီးမလိုတော့ဘူး။ အောက်ချထားပြီး လစ်သွားလို့ရပြီ။ သို့သော် သေနတ်ကို ယူပြီးတော့ သူသွားနေတယ်။ သတ်လိုက်လို့ မင်းတာဝန်ကျေပြီဆိုတဲ့ အချိန်မှာ သေနတ်ချထားရင် ကိုနေဝင်း (သေနတ်သမားကို ဟန့်တားသူ အငှားယာဉ်မောင်း) ထပ်မသေဘူး။ အဲ့ဒီတော့ ဒီထဲမှာ ကြည်လင်းနဲ့ အောင်ဝင်းဇော် ပါနေတယ်ဆိုတာ အင်မတန်သေချာနေတယ်၊ ဒါ ကျွန်တော်တို့ မြင်နေရတာပါ။ နောက်တစ်ချက် (တရားခံပြေး) ကိုအောင်ဝင်းခိုင်ဟာ သူတို့မရောက်ခင် ၂ နာရီလောက် စောပြီးတော့ လေဆိပ်ကို ရောက်နေတယ်၊ တယ်လီဖုန်းမှတ်တမ်းတွေ ရှိတယ်။

CCTV နဲ့ တယ်လီဖုန်းမှတ်တမ်းတွေ တွဲလိုက်တဲ့အခါကျတော့ အောင်ဝင်းခိုင် ခေါ်လို့ အောင်ဝင်းဇော်နဲ့ ကြည်လင်း ရောက်လာတယ်၊ ဒီကိစ္စဖြစ်ပြီးသွားချိန်အထိ ဒီလေဆိပ်မှာ အောင်ဝင်းခိုင်ရှိနေတယ်။ နောက်မှ ဘယ်လိုထွက်သွားလဲဆိုတာ ကျွန်တော်တို့က မမြင်လိုက်ရတဲ့အနေအထား။ အတူတူ ပူးပေါင်းကြံစည်ပြီးတော့ ဖြစ်တဲ့အချိန်မှာ သုံးယောက် အတူတူရှိနေတဲ့အကြောင်း အမှုမှာ ပေါ်တယ်၊ ရည်ရွယ်ချက်ဘာလဲဆိုတာတော့ ပြောလို့မရဘူးပေါ့ဗျာ။ သို့သော် သေချာတာက ငွေရေးကြေးရေးမဟုတ်ဘူး၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် မဟုတ်ဘူး၊ ဆက်စပ်ပြီး ပြောရလို့ရှိရင် တစ်နေ့ကပဲ ဆရာဦးကိုနီ ၂ နှစ်ပြည့်အခမ်းအနား လုပ်ပါတယ်၊ ဆရာမုံရွာဦးအောင်ရှင်က ပြောပါတယ် … ဒါ နိုင်ငံရေးလုပ်ကြံမှုပဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့သွားမယ့်လမ်းကို အနှောင့်အယှက်ပေးတာ တစ်ခုပဲဆိုတော့ ဒါနိုင်ငံရေးနဲ့ ပတ်သက်တဲ့ လုပ်ကြံမှုလို့ ပြောလို့ရပါတယ်၊ ရဲချုပ်ကြီး  (သတင်းစာရှင်းလင်းပွဲမှာ) ပြောသလိုပေါ့ဗျာ၊ ကလေးတွေ မျိုးချစ်စိတ်လွန်ကဲပြီး အစွန်းရောက်သွားတယ်ဆိုတာဟာ မှန်စရာအကြောင်း ၉၅ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတာ မြင်သာပါတယ်၊

မေး – ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ ဇေယျာဖြိုးက သူ လုံးဝအပြစ်မရှိဘူးလို့ ထွက်ဆိုထားတယ်။ သူ့ရဲ့အခန်းကဏ္ဍ ဘယ်လိုရှိတယ်လို့ အမှုမှာ ပေါ်သလဲ။

ဖြေ –   ရဲတပ်ဖွဲ့က ဇေယျာဖြိုးကို ထည့်ပြီး တရားစွဲပါတယ်၊ ကိုအောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးနဲ့ဟာ အတော်လေး ပတ်ပတ်သက်သက် ရှိနေတယ်ဆိုတဲ့အကြောင်း ပေါ်ပေါက်ပါတယ်။ ဘယ်လောက်ထိ ပတ်သက်သလဲ။ ကျွန်တော်တို့ မြင်နေတွေ့နေရတာက ကိုအောင်ဝင်းခိုင်ရယ်၊ ဦးလင်းဇော်ထွန်းရယ်၊ ဇေယျာဖြိုးရယ် သုံးယောက်အတူတူပဲ။ သို့သော် ဦးလင်းဇော်ထွန်းက လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သူ့အလုပ်သူလုပ်တာ။ ဒီဟာ သူ့သူငယ်ချင်းတွေ ဒီနှစ်ယောက်ဟာ ကိုဇေယျာဖြိုး ပြောပါတယ်။ စီးပွားရေးအရ ပတ်သက်မှုမရှိဘူး၊ လူမှုရေးအရလည်း ခင်ကြသိကြတာကလွဲရင် ပတ်သက်မှုမရှိဘူးလို့ ပြောကြတော့ ဒီလောက်လက်တွဲဖြစ်အောင် ဘာတွေ အကြောင်းအရာရှိသလဲ၊ ကျွန်တော်တို့ ကြည့်ရမှာပါ။ စီးပွားရေးနဲ့ မပတ်သက်ဘူး၊ လူမှုရေးနဲ့ မပတ်သက်ဘူး ဆိုတဲ့လူဟာ သူ နေပြည်တော်မှာ ထားတဲ့ ရုံးခွဲကို ရောက်လာပြီးတော့ အမှုနဲ့ သက်ဆိုင်တယ်လို့ ယူဆရတဲ့ သက်သေခံပစ္စည်းတွေကို မီးရှို့တယ်တို့၊ ဖျောက်ဖျက်ပစ်တယ်တို့ ဆိုတာမျိုးကို လုပ်သွားတယ်။

အဲဒီလိုလုပ်တဲ့အချိန်မှာ သူ့ကို အကူအညီပေးတဲ့သူ အကုန်လုံးက ကိုဇေယျာဖြိုးရဲ့ ဝန်ထမ်းတွေချည်းပဲ။ အဲ့ဒီမှာ ကိုကျော်လင်းသန်း ရှိပါတယ်၊ ကိုဇေယျာဖြိုးရဲ့လခစားနေရတဲ့သူပါ၊ သူကိုယ်တိုင်ကပြောတာ တစ်လ ၅ သိန်းရတယ်။ ဦးဝင်းသန်းရှိပါတယ်၊ အဲ့ဒီက မန်နေဂျာပါပဲ၊ ဦးမင်းမင်းထွန်းရှိပါတယ်၊ အဲ့ဒီက ရုံးစောင့်နေတဲ့သူပါပဲ။ ဒီလူတွေသည် ကိုအောင်ဝင်းခိုင်နဲ့ ဘာမှ မပတ်သက်တဲ့လူတွေ။ ကိုဇေယျာဖြိုးရဲ့ တပည့်တပန်းတွေ။ အဲ့ဒီတော့ ကိုအောင်ဝင်းခိုင်က ကျွန်တော်တို့အမှုထဲမှာ မြင်နေတွေ့နေရတဲ့အတိုင်းဆိုရင် သူ ဒီလူသုံးယောက်ကို ဆက်ဆံခဲ့တာက သူက ဆရာ၊ ကျန်တဲ့လူတွေက သူခိုင်းတာအတိုင်း လုပ်ပေးရမယ်လို့ ဆက်ဆံခဲ့တဲ့အခါကျတော့ ဒီအာဏာ ဘယ်ကရသလဲ။ ကိုဇေယျာဖြိုးဆီကပဲရတယ်လို့ ကျွန်တော်မြင်ပါတယ်။

၂၈ ရက် ၁ လ ၂ဝ၁၇ နေ့အထိ ကိုဇေယျာဖြိုးနဲ့ ကိုအောင်ဝင်းခိုင်တို့ တယ်လီဖုန်းအဆက်အသွယ်ရှိတုန်း။ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဆက်ဆံတာလို့ ရဲတပ်ဖွဲ့ဘက်က၊ တရားစွဲအဖွဲ့အစည်းဘက်က ပြောပါတယ်။ မဟုတ်ဘူးလို့ ငြင်းတယ်ဗျ၊ သူတို့ ဘယ်လိုငြင်းလဲ ဆိုရင် … တရားလိုဘက်က သက်သေပြနိုင်သလားတဲ့။  ဆက်ဆံတယ်လို့ ဝန်ခံပြီးတဲ့နောက်မှာ ဘာအကြောင်းပြောကြတယ် ဆိုကြတယ် ဆိုတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောဘူး၊  မရိုးသားဘူးဆိုရင် ဒါ … ပြစ်မှု မကင်းတဲ့ ဆက်ဆံမှုမျိုးပဲ။ ဒီလိုအနေအထားတွေ ရှိနေတယ်။ ဒီကိစ္စမှာ ကိုအောင်စိုးပြောသွားတာ မင်းဘယ်လောက်ယူမလဲ၊ သုံးဖို့ သိန်းတစ်ထောင်လောက် ရှိတယ်။ အလားတူပဲ အောင်ဝင်းခိုင်၊ အောင်ဝင်းဇော် … ကြည်လင်းကို ဘာပေးထားတယ် ဆိုတဲ့ကိစ္စတွေ ဒီထဲမှာပေါ်လာပြီ၊ သုံးဖို့ လုံလုံလောက်လောက် ရနေတယ်။ စရိတ်ကို ဘယ်သူထုတ်ပေးတာလဲ၊ ကိုအောင်ဝင်းခိုင်မှာ အဲ့ဒီလောက်မရှိဘူး၊ မတည်ငွေမရှိဘူး။ ဘယ်ကလာသလဲ၊ ငွေကြေး လွတ်လွတ်လပ်လပ် စီးဆင်းလို့ရတဲ့ နေရာက လာတယ်ဗျာ။ ကိုဇေယျာဖြိုးဘက်က ထောက်ပံ့တယ်။ ကိုဇေယျာဖြိုးဘက်က ထောက်ပံ့လို့ ပေါ်ပေါက်လာတယ်လို့ ဆိုတဲ့ကိစ္စ၊ (သတင်းစာရှင်းလင်းပွဲမှာ) ရဲချုပ်ကြီး ရှင်းထားတဲ့အတိုင်း မှန်ပါတယ်၊ သူကတော့ ထောက်ပံ့သူ၊ အားပေးကူညီသူပါပဲ။ ဒီထဲမှာ ကျွန်တော်တို့အမြင်အရ ပြောရမယ်ဆိုရင် ဇေယျာဖြိုးဟာ ကွန်မင်ဒါ (အမိန့်ပေးသူ) ပဲ။ ဖြစ်စဉ်တစ်လျှောက်လုံးမှာ လေဆိပ်မှာ သူမရှိဘူး။ မှန်တယ်၊ ကွန်မင်ဒါတစ်ယောက်အနေနဲ့ လေဆိပ်မှာရှိဖို့ မလိုဘူး။ ကုမ္ပဏီကြီးတစ်ခုလုံးကို အုပ်ချုပ်မယ့်သူဟာ တယ်လီဖုန်းလေးတစ်လုံးရှိရင်၊ ကွန်ပျူတာလေးတစ်လုံးရှိရင် အားလုံးကို အိမ်ကပဲဖြစ်ဖြစ်၊ ဆေးရုံပေါ်ကပဲဖြစ်ဖြစ်၊ ဘယ်နေရာကပဲဖြစ်ဖြစ်၊ အလုပ်လုပ်လို့ အုပ်ချုပ်နေလို့ရတဲ့ ခေတ်ကြီးပါဗျာ။ ဖြစ်တဲ့နေရာမှာ ကိုယ်တိုင်ရှိနေဖို့ မလိုပါဘူး။ ဘာပြီးရင် ဘာလေးလုပ်လိုက်၊ အားလုံး ညွှန်ကြားလို့ ရပါတယ်။ ဒါကြောင့် ၂၈ ရက်နေ့အထိ ညွှန်ကြားပြီးပြီ။

နောက်တစ်ခုက ကိုဇေယျာဖြိုးနဲ့ ပတ်သက်တဲ့ အလီဘိုင်ကိစ္စ (စွပ်စွဲခံရသူသည် မှုခင်းဖြစ်ပွားချိန်တွင် အခြားနေရာတွင် ရှိနေကြောင်း သက်သေပြနိုင်ခြင်း)။၂၈ ရက်နေ့၊ ၂၉ ရက်နေ့ ဒီကိစ္စတွေဖြစ်တော့မယ်ဆိုတာ သိပြီ၊ သိတဲ့အချိန်မှာ သူဈေးသွားနေတယ်၊ ဒါ အလီဘိုင်ပဲလေ၊ နောက်တစ်နေ့ ဘုန်းကြီးဝတ်တယ်။ ကိုကြည်လင်း မိပြီးတဲ့နောက်မှာ နောက်ထပ်တရားစွဲခံရတဲ့သူ သုံးယောက်ရှိတယ်။ တစ်ယောက်က ဘားအံကို သွားတယ်။ တစ်ယောက်က နေပြည်တော်ကို သွားတယ်။ တစ်ယောက်က ဘုန်းကြီးဝတ်တယ်။ အခင်းဖြစ်ရပ်ကနေပြီးတော့ ရှောင်တိမ်းကြတယ်၊ ထွက်ပြေးကြတယ်လို့ မဆိုနိုင်ဘူးလားဗျာ။

မေး-  ဒီအမှုမှာ ခုအမိန့်ချခံရတဲ့ ဒီလူတွေနဲ့ပဲ ပြီးသွားပြီလား။

ဖြေ  – အမှုမှာ ရဲတပ်ဖွဲ့က စွဲတင်ပေးထားတဲ့ကိစ္စ၊ ဇေယျာဖြိုးမှာ လမ်းဆုံးတယ်။ ကျွန်တော်တို့က အမှုစစ်တဲ့အခါမှာလည်း ဇေယျာဖြိုးဆီမှာ လမ်းဆုံးတယ်။ ဇေယျာဖြိုးနောက်မှာ တရားခံရှိတယ်လို့ မပေါ်ပါဘူး၊ သို့သော်ငြားလည်းပဲ ထဲထဲဝင်ဝင်သိရင် ထဲထဲဝင်ဝင် တွေးလို့ရပါတယ်။ လူငယ်တစ်စု တွေးရင်းတောရင်းနဲ့ အမျိုးသားရေးစိတ်ဓာတ် လွန်ကဲသွားတယ်ဆိုတဲ့အခါကျတော့ ဆွေးနွေးကြတဲ့အပိုင်းမှာ အမျိုးသားရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာတွေ ရှိမှာပေါ့ဗျာ။ အားပေးကြတာတွေလည်း ရှိရင်ရှိမှာပေါ့ဗျာ။ ဘယ်သူတွေ အားပေးနိုင်တယ်ဆိုတာလည်း စသည်ဖြင့် ပြောလို့ဆိုလို့ ရတာပေါ့ဗျာ။ ဒီထဲမှာဆိုရင် ဦးလင်းဇော်ထွန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့အမတ်ပါတယ်၊ ရဲချုပ်ကြီး သတင်းစာရှင်းတဲ့အထဲမှာလည်း ပါတယ်၊ သူတို့နဲ့ အမျိုးသားရေးစိတ်ဓာတ်ဆွေးနွေးမယ်ဆိုရင်လည်း ဆွေးနွေးလို့ရပါတယ်။ သို့သော်ငြားလည်းပဲ ကျွန်တော်တို့မှုခင်းထဲမှာ ပေါ်ပေါက်တာက ကိုအောင်ဝင်းခိုင် နောက်ဆုံး နေပြည်တော်က ထွက်သွားမယ့်အချိန် သူ့သူငယ်ချင်းဖြစ်တဲ့ ဦးလင်းဇော်ထွန်းဆီ သွားလည်တဲ့အခါကျတော့ သုံးစရာမရှိလို့ ငွေဆယ်သိန်းပေးလိုက်တယ်။ ကိုအောင်ဝင်းခိုင် နေပြည်တော်ရောက်တယ်။ သူတွေ့ချင်တဲ့လူတွေနဲ့ တွေ့တယ်။ ပြီးတော့ ပျောက်သွားတယ်။ အခုထက်ထိလည်း ကျွန်တော်တို့ ရှာလို့မရဘူး။အမှုက ဒီလူပါဝင်ပတ်သက်နေတာတော့ သေချာတယ်ပေါ့ဗျာ။ ရှာလို့ မရတဲ့အခါကျတော့ တရားခံပြေးနဲ့ ထားတယ်။

နောက်တစ်ခုက ဒါက ပိုက်ဆံမရှိဘဲနဲ့ လုပ်လို့ရတဲ့ အလုပ်မျိုးမဟုတ်ဘူး။ အသေအချာ စနစ်တကျ လုပ်တဲ့အခါကျတော့ ငွေကြေး ဘယ်က စီးဆင်းလာသလဲ။ ဒီအထဲမှာ ကိုဇေယျာဖြိုးဟာ ငွေကြေးနဲ့ပတ်သက်ပြီး အများကြီး ပါဝင်ကူညီနေတယ် ဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့က တွေ့နေရတယ်။ ဒါပေမယ့် တရားရုံးက ဘယ်လို သုံးသပ်မလဲ မသိဘူးဆိုတော့ ဒီတင် လမ်းဆုံးပါတယ်။

ရဲတပ်ဖွဲ့ကလည်း ဒီအမှုနဲ့ပတ်သက်လို့ တကယ့်ကို မြန်မြန်ဆန်ဆန် ပြီးသွားအောင် သူတို့ စွဲတင်တဲ့အတိုင်းပေါ့ဗျာ ခိုင်ခိုင်လုံလုံဖြစ်သွားအောင် ကြိုးစားပေးပါတယ်။ ကျွန်တော် အားလုံးစစ်ရတယ်ဗျ၊ တရားလိုပြသက်သေ ၇၂ ယောက်၊ တရားခံဘက်သက်သေ ၄ဝ စစ်ရတယ်။ တွက်ကြည့်လိုက်မယ်ဆိုရင် ရုံးချိန်း တစ်ရာကျော်ကျော်လေးရှိမယ်။ အဲ့ဒီလောက် အတောအတွင်းမှာ ၁၁၂ ယောက်လုံးကို စစ်ခဲ့ရတယ်ဆိုတဲ့ဟာက ဒါက တော်တော်လေးကို မြန်မြန်နဲ့ မှန်မှန် လုပ်နိုင်တယ်၊ ကျွန်တော်တို့ဆီမှာ အကောင်းဆုံးစစ်ဆေးခြင်း။ ကျွန်တော် ၁၉၈၀ လောက်ကတည်းက ရှေ့နေလိုက်လာတာ။ အနှစ် ၄၀ လောက်အတွင်းမှာ အမှန်ဆုံးနဲ့ အမြန်ဆုံးလို့ မြင်ပါတယ်ဗျ။    ။

Show More

Related Articles

Back to top button