လေကြောင်းမှ တိုက်ခိုက်ခံရအပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရာ ယနေ့ (ဒီဇင်ဘာ ၁၈) နံနက်တွင် ထိုစစ်ဘေးရှောင်နေသည့်နေရာများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
“ဒီမနက် ရွာထဲကနေ (မြစ်သာ) မြစ်အရှေ့ဘက်ကို လက်နက်ကြီးနဲ့ပစ်တာ။ ရွာစပ်တွေကို အကုန် တောနင်းရှာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နှမ်းခါးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည်စ ထိမှန်သူရှိမရှိ လတ်တလော မသိရသေးပေ။
ဂန့်ဂေါမြို့နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် သစ်မှောင်ခိုတားဆီးရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက နှမ်းခါးကျေးရွာတွင် ဒေသကာကွယ်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ် စစ်တပ်က ရဟတ်ယာဉ် ၃ စီးဖြင့် မိနစ် ၄၀ ကြာ ပစ်ခတ်ခဲ့၍ ဒေသခံများ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ကလေး – ဂန့်ဂေါလမ်းဘေး အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိ နှမ်းခါးရွာမှ လူငယ်လူရွယ်များနှင့် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း သက်ကြီးရွယ်အိုများအပါအဝင် ကျေးရွာအတွင်း ပိတ်မိနေသူများ ကျန်ရှိနေဆဲဖြစ်ကြောင်း နှမ်းခါးရွာဒေသခံများထံမှ သိရသည်။
ဘိုးဘွားတချို့ကို ထမ်းပိုးပြီး တိမ်းရှောင်ကြသည်ဟု နှမ်းခါးရွာဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။
“စစ်ဘေးရှောင်နေရတဲ့သူတွေက တော်တော်လေး ဒုက္ခတွေ ကြုံနေရတယ်။ မပြေးနိုင်မလွှားနိုင်တဲ့ တချို့အဘိုးအဘွားတွေကို ထမ်းပြီးပြေးရတာ” ဟု စစ်တပ်၏ရန်ကို စိုးရိမ်သဖြင့် အမည်မဖော်ဝံ့သူ ထိုအမျိုးသားက ပြောသည်။
“ပြေးရင်းလွှားရင်းနဲ့ ထိခိုက်မှုတွေရှိတယ်။ ခြေထောက်ခေါက်တာ၊ လက်ကျိုးတာတို့ရှိတယ်”
ယမန်နေ့က ရဟတ်ယာဉ်ဖြင့် စစ်သားများ ချသွားသည့်ပြင် ယနေ့နံနက်ကလည်း စစ်တပ်ဘက်တော်သား ပျူစောထီးအဖွဲ့ဝင်များကို ထပ်မံအင်အားဖြည့်တင်းနေရာ လက်နက်ကိုင် ၂ ဖွဲ့မှ အင်အား ၁၅၀ ဝန်းကျင်ခန့် ရွာအတွင်း တပ်စွဲထားကြောင်း နှမ်းခါးရွာဒေခံများက ဆိုသည်။
“စစ်တပ်ထောက်ခံမှု အားကောင်းတဲ့ရွာတွေက အဲ့ဒီရွာတွေမှာ သင်တန်းပေးထားတဲ့ ပျူစောထီးတွေကို Faw ကား (စစ်ထရပ်ကား) တွေနဲ့ လာလာပို့နေတယ်။ နှမ်းခါးတစ်ရွာတည်းကို ပို့ထားတယ်။ စစ်တပ်က နှမ်းခါးမှာ ထိုင်နေတယ်” ဟု အထက်ပါ နှမ်းခါးရွာဒေသခံက ဆက်ပြောသည်။
နှမ်းခါးရွာအတွင်း တပ်စွဲထားသည့် စစ်တပ်သည် လက်နက်အင်အားပြည့်စုံသည့်ပြင် ရွာအတွင်း ပိတ်မိနေဆဲ ဒေသခံများကို လူသားတံတိုင်းသဖွယ် အသုံးချမည်စိုးရိမ်သည့်အတွက် ဒေသခံကာကွယ်ရေးအဖွဲ့က လတ်တလော နောက်ဆုတ်ထားရာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဟု ဒေသခံများက ပြောပြသည်။
တိတ်တဆိတ်သတင်းပေးသူရှိသဖြင့် ထိုနေရာကို ဝင်တိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ပစ်ခတ်မှုအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့မှ ၆ ဦးသေဆုံးပြီး ပစ္စတို ၂ လက်၊ ခေါက်ချိုးတစ်လုံးထိုး ၅ လက်၊ တူမီး ၃ လက် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဒေသခံတို့ ပြောသည့် စစ်ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟူသော အချက်ကို စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြခြင်း မရှိပေ။
ယမန်နေ့ ပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံးသူ ၁၀ ဦးဝန်းကျင်ရှိနိုင်ပြီး ဖမ်းဆီးခံရသူများလည်း ရှိသောကြောင့် စုံစမ်းနေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ကလေး – ဂန့်ဂေါ ကားလမ်းဘေးရှိ နှမ်းခါးကျေးရွာကို ဇွန်၊ သြဂုတ်နှင့် စက်တင်ဘာ၊ နိုဝင်ဘာတို့တွင် စစ်တပ်က အကြိမ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး စက်တင်ဘာအတွင်း၌ပင် ၃ ကြိမ်ဝင်ရောက်ကာ စုစုပေါင်း နေအိမ် ၆၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စစ်သားများ ရွာတွင် မီးရှို့ဖျက်ဆီးသည်၊ စစ်ကောင်စီတပ်၏ ရန်ကြောင့် စစ်ဘေးရှောင်နေရသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်များကို အာဏာသိမ်းစစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။
ဇူလိုင်လဆန်းပိုင်းကမူ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီးအေးသဇင်မြင့်က PDF တို့ကြောင့် စစ်ကိုင်းတိုင်း ကျေးလက်ဒေသခံများ ထွက်ပြေးရခြင်းဖြစ်သည်ဟု ပြောထားသည်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာရင် ဖမ်းဆီးမယ်၊ ရိုက်နှက်ညှဉ်းဆဲမယ် စသည်ဖြင့် ခြောက်လှန့်ထားတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျေးရွာအနီးရောက်တာနဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးကြတဲ့အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
“ဒီလိုဖြစ်အောင်လည်း တမင်ဖန်တီးနေတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ရွာတွေဆိုတဲ့ အသုံးအနှုန်းဟာ အနောက်မျှော်မီဒီယာတွေ အမြဲသုံးနေကျဖြစ်ပါတယ်”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)