သတင်း

လှိုင်သာယာ လက်လုပ်ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရသူနှစ်ဦး ထပ်အဖမ်းခံရ 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ယမန်နေ့က လက်လုပ်ဗုံးစမ်းသပ်စဉ် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူနှစ်ဦးမှာ ယနေ့ (ဒီဇင်ဘာ ၁၄) နံနက်ပိုင်းတွင် အရပ်ဝတ်လက်နက်ကိုင်များ၏ အိမ်စီးကားဖြင့်တိုက်ကာ ဖမ်းဆီးခြင်းခံရသည်ဟု သိရသည်။​

ယမန်နေ့ ညနေပိုင်းက ပေါက်ကွဲမှုတွင် ဒဏ်ရာရသူ သုံးဦးအနက် ညာဘက်ခြေထောက်ပြတ်သွားသည့် အသက် ၁၉ နှစ်အရွယ် ကိုကောင်းမြတ် အဖမ်းခံရပြီးနောက် ဒဏ်ရာဖြင့် လွတ်မြောက်ခဲ့သူနှစ်ဦး ယနေ့ ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်ဟု လှိုင်သာယာမြို့နယ်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သူက Myanmar Now ကို ပြောသည်။

ဒဏ်ရာရရှိထားသူ လူငယ်နှစ်ဦးကို ဆိုင်ကယ်ဖြင့် လုံခြုံရာသို့ ရွှေ့ပြောင်းစဉ် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းဈေးအနီးတွင် အိမ်စီးကားနှစ်စီးဖြင့် ညှပ်တိုက်ကာ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

“နေရာပြောင်းဖို့ဆိုပြီးတော့ ဒီတိုင်းပဲ ဆိုင်ကယ်နဲ့ ရောရောနှောနှော သွားလိုက်တဲ့အချိန်မှာ သူတို့က အိမ်စီးကား နှစ်စီးနဲ့ ရှေ့တစ်စီးနောက်တစ်စီး ညှပ်တိုက်လိုက်တာ။ တစ်ယောက်မှ စစ်ဝတ်စုံနဲ့မပါဘူး၊ အကုန်လုံး အရပ်ဝတ်တွေချည်းပဲ” ဟု လုံခြုံရေးအရ အဖွဲ့အမည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသူ အထက်ပါ ပြောက်ကျားအဖွဲ့ခေါင်းဆောင်က ဆိုသည်။​

ကျည်ကာအင်္ကျီဝတ်ကာ သေနတ်ကိုင်ဆောင်ထားသည့် အရပ်ဝတ်များက ကားပေါ်က ဆင်းလာပြီး ဒဏ်ရာရရှိထားသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်နှစ်ဦးနှင့် ဆိုင်ကယ်မောင်းသူကိုပါ ဖမ်းဆီးသွားကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်ဒဏ်ရာရပြီးသားကို ဆိုင်ကယ်ပေါ်က ပြုတ်ကျတဲ့အရှိန်နဲ့ဆိုတော့ စိုးရိမ်ရတဲ့ အနေအထားပါ။ (မနေ့ကရတဲ့ဒဏ်ရာ) က အသက်အန္တရာယ်လွတ်သွားပေမယ့် အမြဲတမ်းဆေးထည့်ပြီး တစ်လကိုးသီတင်း နားမှရမဲ့ အနေအထား။ တစ်ယောက်က ရင်ဘတ်က တော်တော်လေး စုတ်ပြတ်သွားတယ်၊ နောက်တစ်ယောက်က ခြေထောက်က အရိုးမထိရုံတစ်မည်ပဲ” ဟု အထက်ပါ ခေါင်းဆောင်ဆိုသူက ပြောသည်။

အဆိုပါ သုံးဦးအဖမ်းမခံရခင် မိနစ်ပိုင်းက လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက် နွယ်နီ ၃ လမ်းတွင် အဖမ်းခံရသူ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးမှာ ယမန်နေ့က ပေါက်ကွဲမှုနှင့် သက်ဆိုင်သူမဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ယမန်နေ့ညနေပိုင်းတွင် ခြေထောက်ပြတ်သည်အထိ ဒဏ်ရာရရှိခဲ့သူ ကိုကောင်းမြတ်အပါအဝင် ၇ ဦး အဖမ်းခံခဲ့ရပြီး ယနေ့နံနက်တွင် ထပ်မံအဖမ်းခံရသူ ၈ ဦးရှိသည်ဟု သိရသည်။ 

ပြောက်ကျားအဖွဲ့ဝင် လက်လုပ်ဗုံးပေါက်ကွဲပြီး ခြေထောက်ပြတ်တောက်နေသည်ကို ယမန်နေ့ (ဒီဇင်ဘာ ၁၃) ညက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

လှိုင်သာယာမြို့နယ်၊ ၁၂ ရပ်ကွက်တွင် ယမန်နေ့ညနေပိုင်း ၆ နာရီဝန်းကျင်က တပ်ဆင်နေချိန် လက်လုပ်ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး စစ်တပ်ရောက်လာချိန် ဗုံးလေးလုံး ထပ်မံပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူ စစ်သားများရှိသည်ဟုလည်း ပြောက်ကျားအဖွဲ့ခေါင်းဆောင်က ပြောသည်။ 

ခြေထောက်ပြတ်သည်အထိ ဒဏ်ရာရခဲ့သူ ကိုကောင်းမြတ်မှာ ည ၁၂ နာရီအထိ ဆေးကုသခွင့် မရဘဲ စစ်သားများက စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း အတွင်းသတင်းပေးသူများထံမှ သိရသည်ဟုလည်း အထက်ပါ ၎င်းက ယမန်နေ့ညပိုင်းတွင် ပြောသည်။​

“ဆေးမကုပေးဘဲ ပတ်ဖော်ခိုင်းနေတယ်။ အခုထိ လိုက်ပြီးဖော်ခိုင်းနေတယ်၊ သွေးတော်တော်လွန်နေပြီ” ဟု ၎င်းက ယမန်နေ့ညပိုင်းတွင် ပြောသည်။

လှိုင်သာယာမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပေ။ Myanmar Now အနေဖြင့်လည်း စစ်ကောင်စီနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

လှိုင်သာယာမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက စစ်ကောင်စီ စစ်ဗျူဟာမှူး ရုံးထိုင်သည့်စခန်းနှင့် ကားငါးစီးပါ စစ်ယာဉ်တန်း ဗုံးသီးများဖြင့် တိုက်ခိုက်ခံရသည်။ 

ဒေသအသီးသီးတွင် စစ်ကောင်စီကို ခုခံတော်လှန်သူများက လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများ ပြုလုပ်စဉ် ပေါက်ကွဲကာ မတော်တဆထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

အောက်တိုဘာလအတွင်းက မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် မိုးကုတ်မြို့သွားရာ လမ်းမပေါ်တွင် ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု ယူဆရသူ အမျိုးသားသုံးဦး သေဆုံးခဲ့သည်။ မကွေးတိုင်း ဆောမြို့နယ်တွင်လည်း စစ်ကောင်စီတပ်လာရာလမ်းကြောင်းတွင် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲသဖြင့် ဆော PDF အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်ရာတွင် ဒေသခံ PDF အဖွဲ့များနှင့် မြို့ပြပြောက်ကျားအဖွဲ့များက လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများကို အဓိကအားထားအသုံးပြုနေခြင်းဖြစ်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button