
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ထန်းတပင်ရွာကို ယနေ့ (ဒီဇင်ဘာ ၁၂) နံနက်ပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မီးလောင်နေကြောင်း ရွာခံအမျိုးသားတစ်ဦးနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
မုံရွာ-ယာကြီး- ကလေးဝလမ်းပေါ် မိုင်တိုင် ၅၈ အနီးရှိ ထန်းတပင်ရွာကို အင်အား ၁၀၀ ခန့်ရှိ စစ်တပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး နေအိမ်နှင့် ဈေးဆိုင်အချို့ မီးရှို့ခံရကြောင်း လုံခြုံရေးအရ အမည်ထုတ်မပြောနိုင်သော ရွာခံအမျိုးသားက Myanmar Now ကို ပြောသည်။
“လက်နက်ကြီးက မရေတွက်နိုင်အောင်ပစ်တာ။ တရစပ်ပစ်နေတာ။ တောင်ကုန်းတွေ၊ ရိုးတွေ အကုန်ပစ်ဝင်လာတာ။ ရွာထဲရောက်တော့လည်း လက်နက်ကြီးပစ်တာ မရပ်ဘူး။ လက်နက်ကြီးသံတွေက အခုထိ ကြားနေရတယ်။ အခု ပြောနေရင် နောက်တစ်ဆိုင်ကို မီးရှို့နေပြီ” ဟု ယနေ့ ညနေ ၄ နာရီအချိန် ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောသည်။
စစ်တပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ် ဝင်ရောက်လာသဖြင့် ရွာသူရွာသားများ ထွက်ပြေးခဲ့ရကြောင်း၊ နံနက် ၈ နာရီဝန်းကျင်မှစ၍ စစ်တပ်က ရွာပြင်ရှိ တဲ ၉ လုံးကို မီးရှို့ခဲ့ပြီး ရွာထဲရှိ အိမ်သုံးလုံးနှင့် ဈေးဆိုင်လေးဆိုင် မီးရှို့ခံထားရသည်ဟုလည်း အဆိုပါက အမျိုးသားက ဆက်ပြောသည်။
ယနေ့ နံနက်ပိုင်းက ထန်းတပင်ရွာအရှေ့ဘက် ၁၀ မိုင်အကွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ထိုသို့ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ယူထားသူတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ သူတို့ဘက်ကပဲ လက်နက်ကြီးတွေ ပစ်နေတာ။ မီးလောင်တာက လက်နက်ကြီးကြောင့်လား၊ ရှို့တာလား သေသေချာချာ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။
ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်ကို ကနီ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာသဖြင့် ရွာကို မီးရှို့ခြင်းဖြစ်သည်ဟု အထက်ပါ PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ဒီနေ့ မနက်ခင်း မိုင်းခွဲလိုက်တာ ဗိုလ်ကြီးအဆင့်တစ်ယောက် ကျသွားတယ်လို့ သိရတယ်။ အဲဒါကြောင့် သူတို့က ပိုပြီး သောင်းကျန်းနေတာ။ ထန်းတပင်ဘက်မှာ အိမ်တွေကို ဓာတ်ဆီလောင်း မီးရှို့၊ စပါးတိုက်တွေလည်း မီးရှို့နေတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်ဝင်ရောက်ပြီးနောက် မီးလောင်နေသည့် ထန်းတပင်ရွာအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှု မည်မျှရှိသည်၊ မီးလောင်နေသည်ဆိုသော ထန်းတပင်ရွာတွင် မည်မျှထိခိုက်ပျက်စီးမှုရှိသည်ကိုမူ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရသူမရှိသော်လည်း မီးလောင်ဆုံးရှုံးမှုအနေအထားကို အတိအကျမသိရသေးကြောင်း၊ အင်တာနက်ဖြတ်တောက်ခံထားရကြောင်း ထန်းတပင်ရွာခံ အမျိုးသားက ပြောသည်။
“ရွာအရှေ့ပိုင်းမှာ မီးရှို့နေတာ။ မီးခိုးတွေနဲ့ လုံနေတဲ့အတွက် ဘယ်နှအိမ်လဲ အတိအကျ ကျွန်တော်ပြောလို့မရသေးဘူး။ သဲသဲကွဲကွဲမမြင်ရဘူးဗျ” ဟု ၎င်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)